Thursday 21 February 2013

ရခိုင်မှ ရန်ကုန်သို့ ရွှေ့ပြောင်း အလုပ်လုပ်သူ များလာ

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆)
ရခိုင်မှ ရန်ကုန်သို့ ရွှေ့ပြောင်းလာသူ လုပ်သား များပြား လာကြောင်း ရခိုင်ပြည်နယ်သွား ကားဂိတ် များမှ သိရသည်။
ရန်ကုန်- စစ်တွေ -ကျောက် တော် ပြေးဆွဲနေသော ကြံတိုင်းအောင် ကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ”ဒီနှစ်ထဲမှာ ရခိုင်ကလာတဲ့ သူတွေရော၊ ပြည်ပက ပြန်လာတဲ့သူတွေရော အသွား အလာ တော်တော် များတယ်။ နေ့စဉ်ကားဂိတ်တစ်ခုကနေ အသွားနှစ်စီး၊ အပြန်နှစ်စီးရှိတယ်၊ အရင် ကတစ်နေ့ကို နှစ်စီးဆိုတာ ရက်ခြား လောက် ပဲ ”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်ထက် သွားလာမှု လွယ်ကူသော်လည်း စီးပွားရေး အခြေအနေ မကောင်း ခြင်း၊ မိရိုးဖလာ လုပ်ကိုင်သော ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများအား လုပ်ကိုင်မှုနည်းလာကာ အခြား တိုင်းနှင့် ပြည်နယ်နှင့် ပြည်ပသို့ သွားကာ အလုပ်လုပ်ကိုင် လာကြကြောင်း စစ်တွေ၊ ကျောက်တော် နှင့် ဘူးသီးတောင် တို့မှ ဒေသ ခံအချို့က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော် မြို့မှ ကုန်စုံ ဆိုင်ပိုင်ရှင် ဦးသန်းမောင် က ”ကျွန်တော် တို့ဒေသမှာ လူငယ် နဲ့ လူလတ်ပိုင်းတွေ ဆိုရင် မရှိသလောက်ပဲ၊ ရန်ကုန်ကိုတက်ပြီး အလုပ်သွားလုပ်ကြ တယ်။ ယောက်ျား လေး တော်တော် များများကတော့ ပြည်ပကို သွားတာ များပါတယ်” ဟု ပြောသည်။

ထို့အပြင် ယခုနှစ် အတွင်း ပြည်ပမှ ပြန်ရောက်လာသူ များမှာလည်း ပြည်ပသို့ ပြန်လည် ထွက်ခွာခြင်း သို့မဟုတ် ရန်ကုန် တွင် အခြေချ အလုပ်လုပ် ကိုင်ရန် အတွက် ပြောင်းရွှေ့ လာခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်သွား ကားဂိတ်များမှ တာဝန် ရှိသူတို့ က ပြောသည်။

ဇန်နဝါရီလ အတွင်း ထိုင်းမှ ပြန် ရောက်လာသူ ကျောက်တော် မြို့မှ လူငယ် တစ်ဦးက ”ကျွန်တော် တို့ ပြည်ပမှာ အလုပ်လုပ်ပြီး အရင်းအနှီး ရလို့ ပြန်လာပေမယ့် ဒီကို ရောက်တော့ ကိုယ့် အတွက် လုပ်စရာ အလုပ်က ရှားတယ်။ အဲဒီ ကို ပြန်မသွားဖြစ်ရင် ရန်ကုန်မှာပဲ အလုပ်လုပ် ဖြစ်မယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပြောင်းရွှေ့မှုများ လာခြင်းသည် ယခင်နှစ် များနှင့် မတူဘဲ သိသိသာသာ တိုးလာကြောင်း၊ ၄င်းမှာ ရခိုင်ပြည်နယ်ရှိ စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှု အားနည်း လာခြင်း တို့ကြောင့်သာ ဖြစ်ကြောင်း ဟု ရန်ကုန် – စစ်တွေ ပြေးဆွဲသော ကားဂိတ် များမှ တာဝန်ရှိသူ တို့က သုံးသပ်သည်။
ထက်ထက်မိုးမြင့်

http://popularmyanmar.com/mpaper/2013/02/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%99%E1%80%BD-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%B1%E1%80%9B%E1%82%8A/

No comments:

Post a Comment