|  နိုင်ငံတော်သမ္မတကြီးရဲ့ အကြံပေးအဖွဲ့ရဲ့ အသံဗလံများ မကြားခဲ့ရတာ 
အတော်ကြာခဲ့ပါပြီ၊ ၂၀၁၂ မေလ နောက်ဆုံးပတ်လောက်က အကြံပေးအဖွဲ့ခေါင်းဆောင် 
ဦးကိုကိုလှိုင်က လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြီးကို 
''ဖယောင်းတိုင် မီးထွန်းပြီး ချွေချွေတာတာ နေကြပါ'' ဆိုတဲ့သဘော 
တိုက်တွန်းပြောဆို အကြံပေးလိုက်ပြီးချိန်ကစပြီး အကြံပေးအဖွဲ့ရဲ့ အသံတွေ 
လုံးဝဆိုသလို တိုးတိတ်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဦးကိုကိုလှိုင်ရဲ့ အသံကို 
ပြည်သူလူထုကြီးရဲ့ တုံ့ပြန်ဝေဖန်သံ၊ ဆဲသံဆိုသံတွေက ဖုံးလွှမ်းသွားလိုက်တာ 
ဘ၀ဂ်ထိတိုင်အောင် ပွက်ပွက်ညံသွားပါရောလား။ 
 ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့
 ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဆိုတာ နိုင်ငံတော်အစိုးရသစ်ရဲ့ 
နံပါတ်တစ် ရည်မှန်းချက်ပါ။ ၂၁ ရာစု ကမ္ဘာသစ်ကြီးထဲမှာ မြန်မာတွေ 
မညံ့ဘူးဆိုတာ သက်သေပြဖို့ အစိုးရသစ်က ကြိုးပမ်းနေချိန်မှာ သမ္မတကြီးရဲ့ 
အကြံပေးအဖွဲ့ခေါင်းဆောင်ကြီးက ''ဖယောင်းတိုင်မီးထွန်းပြီးနေပါ''လို့ 
နိုင်ငံတော်ကို ၁၉ ရာစုထဲပြန်ပို့ကာ မှောင်ကြီးချတဲ့ အကြံဉာဏ်ကို 
လူသိရှင်ကြား တင်ပြသွားခဲ့ပါတယ်။
 
 သူရဲ့ အကြံပေးတင်ပြချက်ဟာ နိုင်ငံတော်ရဲ့ 
မဟာဗျူဟာကိုရော ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတွေကိုပါ ပြက်ရယ်ပြုလိုက်သလို 
ရှိပါတော့တယ်။ နိုင်ငံတော် အစိုးရကတော့ ဦးကိုကိုလှိုင်ရဲ့ ဖယောင်းတိုင် 
အိုင်ဒီ ယာကိုဆန့်ကျင်ပြီး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် 
ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးခဲ့ပါတယ်။
 
 ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်ဖြစ်အောင် အကြံပေးခဲ့တဲ့ 
ဦးကိုကိုလှိုင်နဲ့ အကြံပေးအဖွဲ့ရဲ့ အသံတွေမကြားခဲ့ရတာ လေးလရာသီ 
မပြည့်မီမှာပဲ နိုင်ငံတော်သမ္မတရဲ့ အကြံပေး ဒေါက်တာနေဇင်လတ်ရဲ့ အသံကို ၂၇ 
သြဂုတ်လ ၂၀၁၂ ထုတ် Messenger ဂျာနယ်မှာ ကြားနာလိုက်ရပါတယ်။ 
လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဒေါက်တာနေဇင်လတ်ရဲ့ အရေးတကြီး 
ရှုမြင်သုံးသပ်ချက် တချို့ကို ကောက်နှုတ်ဖော်ပြ အပ်ပါတယ်။ ပြည်သူ့လွှတ်တော် 
ကိုယ်စားလှယ်များနဲ့ အခြေခံဥပဒေခုံရုံးအဖွဲ့တို့ကြား အကျယ်အကျယ် 
မငြိမ်းဖွယ် ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး''ကမ္ဘာကို ပြန့်သွားပြီ၊ 
အာရုံစိုက်နေကြပြီ၊ ဘာဖြစ်လာမလဲဆိုတာ Conflict Level ကို ခွဲကြည့်ရင်လည်း 
Skimishes, Confrontation ဆိုတဲ့ Level ကိုကျော်သွားပြီ Full scale war 
level ကိုရောက်သွားစေတဲ့ အကျပ်အတည်းပဲ၊ နိုင်ငံတကာ သိပ်ဝင်စားတဲ့ Issue 
အဆင့်အဖြစ် တစ်မဟုတ်ချင်း ရောက်သွားပြီ''လို့ သုံးသပ်ထားပါတယ်။
 
 ပြဿနာ
 ဖြေရှင်းနည်းအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အကြံပေးထားပါတယ်။ 
ပြဿနာက အမြန်နှုန်းတစ်ခုနဲ့အတူ ကြီးထွားနေတာပါ။ လေတိုက်တိုင်းကြီးကြီးလာတဲ့ 
ဘူးသီးကြီးလိုပါပဲ။ အဲဒီပြဿနာရဲ့ အမြန်နှုန်းနဲ့အတူလိုက်ပြီး 
အချိန်မီပြင်နိုင်ပါ့မလားဆိုတာ ချင့်ချိန်ကြည့်သင့်ပါတယ်။ 
ဒေါက်တာနေဇင်လတ်အနေနဲ့ ဗုဒ္ဓဘုရားရှင်ကိုတောင်မှ အချိန်ဆိုတဲ့ 
ပေတံနဲ့မမီမကမ်းတိုင်းတာ ရှုမြင်ခဲ့တဲ့ သမိုင်းအစဉ်အလာ ရှိနေခဲ့ပါတယ်။ သူရဲ့
 ''သခင်စိတ် ကျွန်စိတ်' ဆိုတဲ့စာအုပ် စာမျက်နှာ ၄၇ မှာ
 ''ဗုဒ္ဓကိုယ်တိုင်လည်း ၀ိပဿနာ ရှုစဉ်က တစ်နေ့ ရှစ်နာရီနေ့တိုင်း အတိအကျ 
ရှုခဲ့သည်မဟုတ်၊ ဆီလျော်သည့်အခါ အချိန်ပိုနိုင်သလို ခရီးထွက်သည့်အခါ 
လျော့နိုင်ပါသည်''လို့ ရေးခဲ့ပါတယ်။ ဗုဒ္ဓဘုရားရှင်ကို တစ်နေ့ အလုပ်ချိန် 
ရှစ်နာရီစံနှုန်းနဲ့ သတ်မှတ်အကဲဖြတ်ခဲ့တဲ့ နေဇင်လတ်ရဲ့ မဟာအမှားကြီးကို 
ကျွန်တော် တုံ့ပြန်ဝေဖန်ခဲ့ပြီး ဖြစ်ပါတယ်။ ဘုရားရဟန္တာတို့ မည်သည်လောကရဲ့ 
စံချိန်စံနှုန်းများအားလုံးက လွတ်မြောက် သွားပြီးတဲ့နောက် 
မေတ္တာကရုဏာတော်အားဖြင့် လောကကို ပြန်လည်စောင့်ရှောက်နေသူများပဲဖြစ်ပါတယ်။ 
ဒီအကြောင်းပြန်ပြောရလျှင်တော့ ဒေါက်တာနေဇင်လတ်ရဲ့ အသိဉာဏ် ရေခံမြေခံ 
အသိဉာဏ် အဆင့်အတန်းကို ခန့်မှန်းသိမြင်စေချင်လို့ပါပဲ။ 
လူတစ်ယောက်ရဲ့အကြံဉာဏ်ဆိုတာ သူရဲ့အသိဉာဏ်ကပဲ မွေးဖွားပေးလိုက်တာ 
မဟုတ်ပါလား။ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အခြေခံဥပဒေခုံရုံးအဖွဲ့ရဲ့ 
ပြဿနာ၊ လယ်သမားများရဲ့ ကြီးထွားလာတဲ့ ဆန္ဒပြပွဲများ လုံးဝပြေလည်မှုမရသေးတဲ့ 
တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးပြဿနာပြီးတော့ ရခိုင်ရိုဟင်ဂျာအရေး၊ 
စီးပွားရေး တိုးတက်မှု လေးလံနှေးကွေးနေတာတွေ နိုင်ငံတော်ရဲ့ 
နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာနေဇင်လတ်က 
ဒီလိုရှုမြင်တင်ပြသွားပါတယ်။
 
 
| သမိုင်းမရှိလို့ မျက်စိစုံမှိတ်ပြီး ငြင်းဆိုနေရင် သမိုင်းမသိရင် 
သမိုင်းသစ် မော်ကွန်းရေးထိုးဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ သမိုင်းကို 
ငြင်းပယ်ခြင်းဟာ သမိုင်းအစဉ်အလာ မကောင်းခဲ့သူတွေရဲ့ 
ဖုံးဖိလှည့်ဖြားခြင်းသာပါပဲ။ သတ္တိရှိရင် သမိုင်းအမှန်ကို ချပြခင်းပြရဲရမယ်။
 အမှားကျူးလွန်ခဲ့ရင်တောင်မှ ပြုပြင်ပြီး လမ်းမှန်အတိုင်း 
ခရီးဆက်ရပါလိမ့်မယ်  . . .
 
 |  ''ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် 
တခြားပြုပြင်ပြောင်းလဲရေးလုပ်သွားတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် ရလဒ်အရရော၊ 
အချိန်နဲ့ အလျဉ်နှုန်းအရရော ပြောရရင်အတော် ကျေနပ်စရာကောင်းတာ တွေ့ရပါတယ်။ 
ကျွန်တော် မနှစ်တုန်းက ပြောခဲ့တယ်။ မြန်မာ့ပြုပြင် ပြောင်းလဲရေးကနောက် 
နိုင်ငံတွေအတွက် စံပြမော်ဒယ်လ်တစ်ခု ဖြစ်လာလိမ့်မယ်လို့။ အခုပဲ 
နိုင်ငံတချို့က ကျွန်တော်တို့ဆီပြန်ပြီးလေ့လာ နေကြပြီ။ 
အဲဒါဝမ်းသာစရာပဲ''တဲ့။
 
 ဒီနေ့ပြဿနာပေါင်း သောင်းခြောက်ထောင်ဆိုသလို 
ဖြစ်ပေါ်နေတဲ့ အပေါ်မှာ ဒေါက်တာနေဇင်လတ်က ကျေနပ်စရာကောင်းတယ်ဆိုပါရောလား။ 
နိုင်ငံအချို့က ကျွန်တော်တို့ဆီ ပြန်ပြီးလေ့လာနေကြပြီတဲ့။ 
ဘာတွေလေ့လာနေတာလဲ။
 အခြေခံဥပဒေရဲ့ ခွင့်ပြုချက်အတိုင်း ဆန္ဒပြခွင့်တောင်းခံတာကို အကြိမ်ကြိမ်
 ပယ်ချနေတာတွေလား။ ဆန္ဒပြလယ်သမားတွေကို လုံခြုံရေး တာဝန်ထမ်းဆောင်နေသူတွေက 
မဟားတရားဟန့်တားနေပုံတွေလား။ ဖားကန့်ပတ်ဝန်းကျင်အထိရောက်လာတဲ့ 
စစ်ဘေးဒုက္ခသည်တွေကိုလား၊ မြန်မာ့စီးပွားရေး လုပ်ငန်းကြီးတွေကို 
လူလေးငါးယောက်လောက်လက်ထဲ ပုံအပ်ထားပုံတွေလား။...လား....လား ......လား....။ 
လားတွေတပ်ပြီး မြင်အောင်ကြည့် သိအောင်လေ့လာကြပါကုန်။
 
 နောက်ဆုံးဘယ်အထိလေ့လာ
 သင့်သလဲဆိုတော့ ၂၃ သြဂုတ်လ ၂၀၁၂ ခုနှစ်က ပြည်ထောင်စုလွှတ်တော်သို့ 
ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာပါ သတင်းသုံးသပ်ချက်ဟာ 
ဘယ်သူ့လက်ချက်လဲ ဆိုတာကအစ လေ့လာပါမှ မြန်မာပြည် ရဲ့ အနေအထားကို 
ပြည့်ပြည့်စုံစုံ သိနားလည်သွားမှာ ဖြစ်ပါတယ်။
 
 ဒေါက်တာနေဇင်လတ်ကတော့
 ဒီလိုအကြံပေး တင်ပြသွားခဲ့ပါတယ်။ ''သမ္မတကြီးကတော့ ကဏ္ဍစုံမှာ 
ပြုပြင်ပြောင်းလဲရေးတွေကို သူ့ကျန်းမာရေးတောင် ဂရုမစိုက်ဘဲ လုပ်နေတာပဲ။ 
အပံ့အပိုးကောင်းလို အပ်တာတော့ အမှန်ပဲ။  အဓိက အပံ့ အပိုးကတော့ 
ခက်မသုံးဖြာဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးသုံးခုက 
အပြန်အလှန် အပံ့အပိုးကောင်းတွေ ဖြစ်သင့်တယ်။
 
 (၂၇ သြဂုတ် ၂၀၁၂ ထုတ် Messenger ဂျာနယ်မှ)
 
 နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ
 သမ္မတကြီးရဲ့ ဦးဆောင်မှု ကံသုံးပါး အမူအရာတွေအပေါ် 
အတိုက်အခံဆိုသူများပင်လျှင် အချို့သောကိစ္စတွေမှာ ထောက်ခံပါဝင်လာကြပါပြီ။ 
သမ္မတကြီးရဲ့ ကောင်းမြတ်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် 
အပံ့အပိုးကောင်းတွေ လိုအပ်တာ အမှန်ပါပဲ။ ဒီအပံ့အပိုးကောင်းတွေ ဘယ်ကရမလဲ။ 
မဏ္ဍိုင်ကြီးသုံးရပ်ဆီကလား။ သမ္မတအကြံပေး အဖွဲ့ဆီကလား။ 
နိုင်ငံတော်သမ္မတရုံးကလား။ လားတွေထပ်ပြီးသုံးသပ်ကြည့်လိုက်တဲ့အခါ သမ္မတအကြံ 
ပေးအဖွဲ့ရဲ့ အသံကိုတော့ဖြင့် ထူးထူးခြားခြား မကြားရတော့ပါဘူး။ 
လျှပ်စစ်မီးရရှိရေးတောင်းဆိုခဲ့တဲ့ ပြည်သူလူထုကြီးကို 
ဖယောင်းတိုင်မီးထွန်းပြီးနေပါလို့ အကြံပေးခဲ့တဲ့ ဦးကိုကိုလှိုင်ရဲ့အသံကို 
နောက်ဆုံး ကြားခဲ့ရတာပါပဲ။
 
 အခုတော့ဖြင့် သမ္မတအကြံပေးအဖွဲ့ရဲ့ 
အသံတွေအစား သမ္မတရုံးညွှန်ကြားရေးမှူး(မှူးဇော်)အမည်ခံ 
ဦးဇော်ဋ္ဌေးရဲ့အသံတွေကိုပဲ ကြားရပါပကောလား။ လွန်ခဲ့သော ၁၁ လ လောက်ကပင် 
'စကတည်းက ယဉ်သကို'ဆိုသလို မှူးဇော်ရဲ့အသံကို ဒီလိုကြားခဲ့ရပါတယ်။
 ''အစိုးရသစ်သည် အစိုးရသစ် ဖြစ်သည်။ အစိုးရသစ်ကို အစိုးရသစ်ဟု 
မြင်ဖို့လိုသည်။ အတိတ်က ဖြစ်စဉ်များ၊သမိုင်းဖြစ်ရပ်များ 
ပြန်လည်ကိုးကားရည်ညွှန်းနေခြင်း၊ အတိတ်ကို ဆက်လက်ကိုင်စွဲနေခြင်းများသည် 
လက်ရှိအခင်းအကျင်းနှင့် လုံးလုံးမအပ်စပ်တော့။''
 
 စက်တင်ဘာ ၂၉၊ 
အောက်တိုဘာ ၅၊ ၂၀၁၁ ခုနှစ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ 
မှူးဇော်ရေးခဲ့တာပါ။ 'အစိုးရသစ် ၆ လသက်တမ်းနှင့် မဟာအိုင်ဒီယာများ'လို့ 
ခေါင်းစဉ်တပ်ပြီး 'နိုင်ငံရေးသုံးသပ်' ဆောင်းပါး အဖြစ် 
ရေးခဲ့ခြင်းဖြစ်ပါတယ်။  နိုင်ငံရေးဆိုတာ သမိုင်းဖြစ်ရပ်၊ ဒီနေ့ 
နိုင်ငံရေးကို ခေတ်ပြိုင်သမိုင်းလို့ ခေါ်ပါတယ်။ ဒီလောက်မှမသိဘဲ (၀ါ) 
''နိုင်ငံရေးဆိုတာ ဘာမှန်းမသိဘဲ နိုင်ငံရေး သုံးသပ်ဆောင်းပါးရေးတာလည်း 
အံ့သြစရာပဲ''လို့ ၂-၁၁-၁၁ ထုတ် နံနက်ခင်းဂျာနယ်ကနေ ကျွန် တော် 
တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။ မှူးဇော်ရဲ့ နောက်ထပ်ရေးတဲ့ 
ဆောင်းပါးတစ်ပုဒ်မှာလည်း 'သမိုင်းမရှိ'လို့ ပြတ်ပြတ်သားသား 
ငြင်းဆိုထားပါတယ်။ ကျွန်တော်ချက်ချင်း တုံ့ပြန်ရေးသားခဲ့ရာမှာ 
'မန္တလေးအလင်းဂျာနယ်'က ကျွန်တော့်ဆောင်းပါးကို စာပေစိစစ်ရေးက 
ဖြတ်တောက်လိုက်ပါတယ်။
 
 သမိုင်းမရှိလို့ မျက်စိစုံမှိတ်ပြီး 
ငြင်းဆိုနေရင် သမိုင်းမသိရင် သမိုင်းသစ်မော်ကွန်းရေးထိုးဖို့ 
လုံးဝမဖြစ်နိုင်တော့ပါဘူး။ သမိုင်းကိုငြင်းပယ်ခြင်းဟာ သမိုင်းအစဉ်အလာ 
မကောင်းခဲ့သူတွေရဲ့ ဖုံးဖိလှည့်ဖြားခြင်းသာပါပဲ။ သတ္တိရှိရင် သမိုင်း 
အမှန်ကို ချပြခင်းပြရဲရမယ်။ အမှားကျူးလွန်ခဲ့ရင်တောင်မှ ပြုပြင်ပြီး 
လမ်းမှန်အတိုင်း ခရီးဆက်ရပါလိမ့်မယ်။ အင်္ဂုလိမာလကို လူဆိုးလူမိုက် 
လူသတ်သမားကြီးတောင်မှ သူ့အမှားတွေပြုပြင်ပြီး လမ်းမှန်အတိုင်း 
ကြိုးစားသွားလိုက်တာ'ရဟန္တာ' ဖြစ်သွား တဲ့အထိပေမို့ ဒီနေ့တိုင်ကျွန်တော်တို့
 ရှိခိုးပူဇော်နေရဆဲ မဟုတ်ပါလား။
 
 
 မှူးဇော်က သမိုင်းစကား 
နားခါးခဲ့တယ်။ သမိုင်းအမှန်ကို ငြင်းဆန်ခဲ့တယ်။ နိုင်ငံတော်သမ္မတကြီး 
ကိုယ်တိုင်ကတော့ သမိုင်းစကား သမိုင်းအမှန်တရားကို 
တန်ဖိုးထားလေးစားခဲ့ပါတယ်။ သိသာအောင် သာဓက ဆောင်ပါရစေ။
 
 ''ပြည်ထောင်စုအတွင်း
 ထာဝရ ငြိမ်းချမ်းရေး ရရှိနိုင်စေရန်အတွက် နိုင်ငံ၏ ပကတိအရှိတရားနှင့် 
အတိတ်သမိုင်း အတွေ့အကြုံများပေါ် အခြေခံလျက် ယခင်နှင့်မတူသည့်မူများကို 
ကျင့်သုံးကာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။'' (၂၀၁၂ခုနှစ် ဇန်န ၀ါရီလ ၂၆
 ရက်တွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သော သ၀ဏ်လွှာမှ)
 
 
 ''အဓိကအကျဆုံးကတော့
 ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားမိဘပြည်သူတွေပဲ
 ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အစဉ်အမြဲ 
မော်ကွန်းတင်ကျန်ရစ်မယ့် သမိုင်းစာမျက်နှာသစ်လည်း ဖြစ်ပါတယ်။'' (၂၀၁၂ 
ခုနှစ် မတ်လ၂ရက်နေ့ထုတ် မြ၀တီ သတင်းစာ စာမျက်နှာ ၇ မှ)
 
 သမ္မတကြီးရဲ့ 
ဦးဆောင်မှုနဲ့ ပြုပြင်ပြောင်းလဲမှုများဟာ သမိုင်းစာမျက်နှာသစ် 
ဖွင့်လှစ်နေတာအမှန်ပါပဲ။ ဒီလိုအချိန်မှာ ၂၀၁၂ ခုနှစ် သြဂုတ် လ ၂၃ ရက်က 
ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့တဲ့ သမ္မတရဲ့သ၀ဏ်လွှာကို 
လွှတ်တော်အမတ်များက ကန့် ကွက်ခဲ့လို့ လွှတ်တော်မှာ ဖတ်ကြားတင်ပြခြင်း၊ 
မှတ်တမ်းတင်ခြင်းနှင့် ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း 
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြား ခဲ့ပါတယ်။ သမ္မတရဲ့ 
သ၀ဏ်လွှာကို ရွှေ့ဆိုင်းပစ်ရတယ်ဆိုတာ လွှတ်တော်သမိုင်းမှာ ဒါဟာ 
ပထမဆုံးအကြိမ်ပဲလို့ မှတ်တမ်းတင်ရပါလိမ့်မယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ 
ဂုဏ်သိက္ခာကို အနည်းနဲ့အများ ဆိုသလို ထိပါးစေခဲ့တဲ့ အကြောင်းခြင်းရာကို 
ဒီလိုစိစစ်တွေ့ရှိခဲ့ရပါတယ်။
 
 ''နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာမှာပါတဲ့ 
အချက်ခြောက်ချက်က ယေဘုယျကောင်းပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ 
နောက်ထပ်သုံးသပ်ချက်ဆိုတဲ့အပိုင်းမှာ ၁၀ ချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ 
ပတ်သက်လို့ သုံးသပ်ထားတာ၊ စွပ် စွဲထားတာပေါ့နော်။ ဒါတွေကို တစ်ချက်ချင်း 
ပြန်ကြည့်တဲ့အခါမှာ အခြေအမြစ် မရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ 
အဲဒါကြောင့် ကန့်ကွက်လွှာ ကျွန်တော်တို့တင်တာပါ။ ဥပမာဆိုပါတော့ဗျာ။ အဲဒီထဲက 
တစ်ချက်မှာ ဒီပဋိပက္ခကြောင့် ဘင်္ဂါလီ စီးပွား ရေးသမားတွေရဲ့နေရာကို 
ရခိုင်တိုင်းရင်းသားတွေ အချောင်ရလိုစိတ်ရှိတဲ့ဆိုတဲ့သဘောမျိုး 
သုံးသပ်တယ်''လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ရှင်းပြပါတယ်။ 
(သတင်းအကျယ်ကို Weekly Eleven ၂၉-၈-၂၀၁၂ ထုတ် စာမျက်နှာ ၂၆ နှင့် ၂၈ 
တို့မှာ ရှု) (၂၃-၈-၂၀၁၂ နဲ့ ၂၄-၈-၂၀၁၂ ညများမှာ RFA, VOA, BBC 
အသံလွှင့်ဌာနများမှလည်း အကျယ်တ၀င့် သုံးသပ်တင်ပြသွားပြီ ဖြစ်ပါတယ်။) 
အဲဒီမှာအရင်းစစ်တော့ အမြစ်မြေကဆိုသလို သမ္မတကြီးရဲ့ သ၀ဏ်လွှာနဲ့ 
ပူးတွဲပါရှိလာတဲ့ ရခိုင်အရေး ပဋိပက္ခ ဖြစ်စဉ် သုံးသပ်ချက်ဟာ 
လက်ခံနိုင်စရာမရှိလို့ (၀ါ) လွဲမှားနေလို့ သမ္မတရဲ့သ၀ဏ်လွှာ 
ဆိုင်းငံ့ခံခဲ့ရတာဖြစ်ကြောင်း တွေ့ရပါတယ်။
 
 ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ 
ရက်ကမှ သမ္မတကြီးကိုယ်တိုင် ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ 
'စုံစမ်းစစ်ဆေးရေးကော်မရှင်'က ရခိုင်အရေး ဘာမှမတင်ပြရသေးမီ 
သမ္မတကြီးသ၀ဏ်လွှာနဲ့ပူးတွဲပြီး သုံးသပ်ချက်ပေးပို့လိုက်တာ ဘယ်သူ့မှာ 
တာဝန်ရှိပါသလဲ။ ရခိုင်အမျိုးသားများနဲ့ ပတ်သက်ပြီး (က)မှ (ဈ)အထိ 
သုံးသပ်ထားချက်များဟာ နိုင်ငံတော်ရဲ့မူဝါဒဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို 
ထိပါးစေတယ်လို့ ရခိုင်ကိုယ်စားလှယ်တော်ကြီး ဦးဘရှင်က ပြောပါတယ်။
 ဒီပြဿနာဟာ ရခိုင်အရေး သက်သက်မျသာမကအမျိုးသားရေး တစ်နိုင်ငံလုံးရဲ့ 
အရေးဖြစ်တာကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကလည်း ဒီလိုသုံးသပ်ထားပါတယ်။
 
 ''ဒါ
 သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့မတွဲဘဲ သတင်းထုတ်ပြန် 
ရေးကသပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့ သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်။ 
နောက်နောင်တွေမှာ သမ္မတက ဒီလိုအမှားမျိုး ထပ်မမှားဖို့ တိုက်တွန်းချင်ပါတယ်။
 အထက်က ပြောင်းချင်တယ်။ အောက်ကလူတွေက လွှတ်တော်ထဲအထိ ခြယ်လှယ်နေတယ်ဆိုတာ 
သိနေတယ်။''( ၂၉-၈-၂၀၁၂ ထုတ် Weekly Eleven  စာ-၂၆)
 
 သမ္မတသ၀ဏ်လွှာနဲ့ 
ကပ်ပါလာတဲ့သုံးသပ်ချက်ကို ဘယ်သူရေးတာလဲ။ ဖြေရှင်းချက်ပေးရသူကတော့ 
ဦးဇော်ဋ္ဌေး(မှူးဇော်) ဖြစ်ပါတယ်။ ''သတင်းများကို စုစည်းထုတ်နုတ်ပြီး 
နိုင်ငံတော်သမ္မတထံ တင်ပြချက်သာဖြစ်သည်'' လို့ ထမင်းရေလာ လျာ 
လွှဲလုပ်ထားပါတယ်။ သမိုင်းအမှန်တရားကို ငြင်းဆန်တာလည်း သမိုင်းမရှိလို့ 
ကြွေးကြော်ရေးသားထားသူရဲ့ သမိုင်းကိုလှည့်စားခြင်းလို့လည်း ဆိုနိုင်ပါတယ်။ 
(ဧပြီ ၂၆၊ မေ ၂၊ ၂၀၁၂ ထုတ် ရန်ကုန်တိုင်းဂျာနယ်မှာ 
'ပြုပြင်ပြောင်းလဲရေးလမ်း  စဉ်အောင်မြင်ဖို့ သမ္မတကြီးကို ၀န်းရံကြဖို့ 
လိုသည်'လို့ 'မြန်မာ့စီးပွားရေး နှင်းခဲပျော်ချိန်' ဆောင်းပါးမှာ မှူးဇော်က
 ထည့်သွင်းရေးသားခဲ့ပါတယ်။ မှူးဇော်က သမ္မတကြီးကို ဘယ်လိုဝန်းရံနေသလဲ။
 သမ္မတကြီးက သမိုင်းစကားပြောနေချိန်မှာ မှူးဇော်က 'သမိုင်း 
မရှိ'ဆိုတဲ့စကားပြောပြီး ၀န်းရံနေတယ်။ သမ္မတကြီး လက်နဲ့ရေးတာကို 
ခြေနဲ့ဖျက်တာထက်တောင် ရိုင်းနေပါသေးတယ်။ သမ္မတကြီးက သ၀ဏ်လွှာပေးပို့ရင် 
သတင်းသုံးသပ်ချက် အမှားတွေ ပူးတွဲရောညှပ်ပြီး လွှတ်တော်သို့ မယောင်မလည် 
ပေးပို့တဲ့နည်းနဲ့ သမ္မတကြီးကို ၀န်းရံမှာလား။ (သမ္မတကြီးကို 
ရိုးသားဖြူစင်စွာပဲ ၀န်းရံစေချင်တယ်။)
 
 သမိုင်းကို ဘ၀နဲ့ရင်းပြီး 
နာနာကျင်ကျင် သင်ယူထားရတဲ့ ပြည်သူတွေဟာ မအတော့ဘူး။ မကြောက်တော့ဘူး။ 
လွှတ်တော်ကိုယ်စားလှယ်ကြီးတွေက ပိုပြီးတော့ မအတော့ဘူး။ ပြည်သူရှေ့မှာ 
သတ္တိရှိရှိ ရပ်တည်နေကြပြီ။ 'သမိုင်းမရှိ'ဆိုပြီး သတင်း 
သုံးသပ်ချက်အမှားတွေနဲ့ သမိုင်းကို လှည့်စားဖို့ ကြိုးစားရင် သမိုင်းရဲ့ 
ဒဏ်ခတ်ခြင်းခံရလိမ့်မယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။
 
 http://www.news-eleven.com/index.php?option=com_content&view=section&layout=blog&id=14&Itemid=117
 | 
No comments:
Post a Comment