Friday 15 March 2013

သံတွဲတွင် တည်ဆောက်လျက်ရှိသည့် သူဌေး ရေအားလျှပ်စစ် စီမံကိန်းမှ မြို့နယ် ၄ ခုသို့ ဓာတ်အားထုတ်လွှတ် ပေးနိုင်မည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ သံတွဲခရိုင်အတွင်း ရှိ မြို့နယ် ၄ ခုသို့ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သူဌေးရေအားလျှပ်စစ် စီမံကိန်းအား အရှည်မိုင် ၆ဝ ခန့်ရှိပြီး သံတွဲမြို့၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့် အကွာတွင် ရှိသော သူဌေးချောင်းတွင် တည်ဆောက်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းပြီးစီးပါက ယင်းမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို သံတွဲခရိုင် အတွင်း ရှိ တောင်ကုတ်၊ မအီ၊ ကျောက်ဖြူ၊ အမ်းမြို့များသို့ ထုတ်လွှတ် ပေးနိုင်မည် ဖြစ်သည်။

ယင်းအပြင် အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက စက်တစ်လုံးလျှင် ၃၇ မဂ္ဂါဝပ်ရှိ စက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အား ၁၁၁ မဂ္ဂါဝပ်မှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်းအထိ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ယခုနောက်ပိုင်း ရခိုင်ပြည်နယ်တွင် တည်ဆောက်လျက်ရှိ သည့် ရေအားလျှပ်စစ် စီမံကိန်းကြီးတချို့အား တာဝန်ယူ တည်ဆောက်နေသည့် ကုမ္ပဏီတချို့မှ စီမံကိန်းဆောင်ရွက်နေမှုများ အား ရပ်နားတော့မည်ဟု သတင်းများ ထွက်ပေါ် လာကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးသာလူချေ အား ဆက်သွယ်မေးမြန်းရာ ''သူဌေးချောင်းရေအားလျှပ်စစ်ကို သူ့ဟာနဲ့သူ လုပ်နေပါတယ်။ မိုးများလို့ ရွှံ့တွေကျပြီးတော့ ပျော့တဲ့ အတွက် ကွန်ကရက်ကိုင်ရင် ပျက်ကျတဲ့အတွက် ခဏရပ်ထား တာဖြစ်နိုင် ပါတယ်။ အကောင်အထည်ကတော့ဖော်နေတာပဲ။ စိုင်းဒင် ကလည်း အဲလိုပဲလေ။ ရပ်နားတယ် လို့တော့ မဟုတ်ပါဘူး။ လုပ်နေကြတာပဲလေ'' ဟု ပြောသည်။

ရခိုင်ပြည်နယ်၏ ဘူမိဗေဒ အနေအထားအရ အောက်ခံကျောက် အနေအထားမှာ ကောင်းမွန်မှုမရှိသည် ကို တွေ့ရှိရသည့် အတွက် ယင်းစီမံကိန်းတွင် တမံအောက်ခြေမှ ရေစိမ့်စီးဆင်းမှု မရှိစေရန်အတွက် ရေစိမ့် အား တမံကို တမံအောက်ခြေတွင် သာမန်ထက် ပိုမိုထည့်သွင်းကာ အချိန်နှင့်ငွေကြေးများစွာ အကုန်အကျခံ တည်ဆောက်ခဲ့ရကြောင်း သိရသည်။ ယင်းအပြင် အဆိုပါ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း၏ တမံအမျိုးအစားမှာ ဇုန်အမျိုးအစား- Zone Type Dem ဖြစ်ပြီး ရေပိုလွှဲမှာ သံကူကွန်ကရစ် Gated Ogee Type အမျိုးအစား ဖြစ်သည်။

ဆြာကု

   

No comments:

Post a Comment