Monday 21 January 2013

အမေရိကန်ကို ခြိမ်းခြောက်လာမည့် အိုစမာဘင်လာဒင် လက်သစ်

အယ်လ်ဂျီးရီးယား နိုင်ငံမှ ဓားစာခံ ဖမ်းဆီး ခေါ်ဆောင်မှုတွင် ပါဝင်သည့် အကြမ်းဖက် အဖွဲ့၏ ခေါင်းဆောင် မော့တား ဘယ်မော့ တားသည် အမေရိကန် နိုင်ငံကို ထပ်မံ ခြိမ်းခြောက်လာမည့် အကြမ်းဖက် သမား အိုစမာ ဘင်လာဒင် လက်သစ် ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

၎င်းတွင် နာမည်တု များစွာရှိပြီး အာဖဂန် နစ္စတန် နိုင်ငံတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် မျက်စိတစ်ဖက် ဆုံးရှုံး ခဲ့ရသည့် အတွက် ၎င်းအား ''တစ်ဖက်လပ်'' ဟုလည်းကောင်း၊ စီးကရက် များကို တရားမဝင် ကုန်ကူး သည့်အတွက် ''မာပိုလို လူသား'' ဟုလည်းကောင်း အများက ခေါ်ဆိုကြသည်ဟု သိရသည်။

၎င်း၏ အကြောင်းကို ကနေဒါ သံအမတ်ဟောင်း ရောဘတ် ဖိုလာထက် မည်သူမျှ မသိနိုင်ပေ။ ဖိုလာသည် ၂ဝဝ၈ ခုနှစ်က ဘယ်မော့တား၏ ဓားစာခံ တစ်ဦး ဖြစ်ခဲ့သူ ဖြစ်သည်။ ဘယ်မော့တားသည် ၎င်း၏ အဖွဲ့ အတွင်း၌ ကင်းသမား တစ်ဦးကဲ့သို့ လည်းကောင်း၊ စားဖိုမှူး တစ်ဦး အဖြစ်လည်းကောင်း လျှို့ဝှက်စွာ နေထိုင် တတ်သူ ဖြစ်ကြောင်း၊ ၎င်းအား မည်သူကမှ အကြမ်းဖက် ခေါင်းဆောင်ဟု ထင်မြင် ယူဆမည် မဟုတ်ကြောင်း ဖိုလာက ဆိုသည်။

ထို့ပြင် ၎င်းသည် စကား ပြောရာတွင် တစ်ဖက်သား နားဝင်အောင် ညင်ညင်သာသာ ပြောတတ်သူ ဖြစ် ကြောင်း ဖိုလာက ထပ်လောင်း ပြောကြား ခဲ့သည်။

ဘယ်မော့တား ဦးဆောင်သော အကြမ်းဖက် အဖွဲ့သည် ပြင်သစ် နိုင်ငံ၏ အထင်ကရ အီဖယ်လ် မျှော်စင်ကို ဝင်တိုက်ရန် ၁၉၉၄ ခုနှစ်က ခရီးသည်တင် လေယာဉ် တစ်စင်းကို အပိုင်စီးရန် ကြိုးပမ်း ခဲ့သော်လည်း ပြင်သစ် ကွန်မန်ဒို တပ်ဖွဲ့ဝင် များ၏ တိုက်ခိုက်မှုကြောင့် အောင်မြင်မှု မရရှိ ခဲ့ကြောင်း သိရသည်။

၎င်းသည် အကြမ်း ခံနိုင်သူ တစ်ဦး ဖြစ်ကြောင်း၊ ၎င်း၏ လက်အောက်တွင် စစ်သွေးကြွ များစွာ ရှိကြောင်း၊ ၎င်းသည် အမေရိကန် နိုင်ငံအတွက် အိုစမာ ဘင်လာဒင် လက်သစ် အဖြစ် ပေါ်ထွက် လာနိုင်ကြောင်း ဖိုလာက ဆက်လက် ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံသည် ၎င်းတို့၏ အဓိက ရန်သူကြီး အိုစမာ ဘင်လာဒင်အား ချေမှုန်း အောင်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် မြောက် အာဖရိက သဲကန္တာရမှ ထွက်ပေါ်လာမည့် အိုစမာ ဘင်လာဒင် လက်သစ် မော့တား ဘယ်မော့တားအား ဖမ်းဆီးနိုင်ရန် အတွက် အမေရိကန် အထူး တပ်ဖွဲ့ဝင်များ ကြိုးစားကြရ ဦးမည် ဖြစ်သည်။

No comments:

Post a Comment