Monday 21 January 2013

ဘင်္ဂလားဒေ့ရှ်သွပ်အိုးခွက်များကြောင့် ဒေသတွင်းမြေထည်လုပ်ငန်းရှင်များ ရပ်တည်ရန်ခက်ခဲလာ

အာရကန်ကိုကို-မောင်တော(မြစ်မခ)
by Myit Makha Mediagroup on 21 Jan, 2013



မောင်တောနယ်စပ်ဒေသဈေးကွက်အတွင်းသို့ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းများဖြင့် ဘင်္ဂလားဒေ့ရှ်မှ သွပ်အိုးခွက်များဝင်ရောက်မှု များနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
 

သွပ်အိုးသွပ်ခွက်များအသုံးပြုမှုများလာ၍ ရခိုင်ဒေသတွင်း မြေရေအိုးနှင့်မြေဒယ်အိုး အစရှိသည့် မြေထည်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများမှာ တိမ်ကောပျောက်ကွယ်စ ပြုလာကြောင်းကိုလည်း သိရသည်။
 
လွန်ခဲ့တဲ့ ဆယ်စုနှစ်မတိုင်မီက ရခိုင်ဒေသမြို့နယ်တိုင်းလိုလိုမှာ ရေအိုး၊ဒယ်အိုး ထုတ်လုပ်မှုလုပ်ငန်း/ဖေါ်(၄)ဖေါ်မှ(၁၀)ဖေါ်အထိ ရှိခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်မှ သွပ်ရေအိုးများဝင်ရောက် လာပြီး နောက်ပိုင်း တစ်နှစ်ထက်တစ်နှစ် လုပ်ငန်းတိမ်ကော ပျောက်ကွယ်လာတာပါ  ”ဟု မောင်တော ဒေသခံ တစ်ဦးက ပြောသည်။
 
အဆိုပါ သွပ်ခွက်များမှာ ရေလီတာ(၁၅)လီတာမှ လီတာ(၃၀)ဆန့်အထိ ၀င်ရောက်နေခြင်းဖြစ်ပြီး၊ နယ်စပ်မှတစ်ဆင့် ရခိုင်ပြည်တွင်းဈေးကွက်များသို့ ပြန်လည်တင်ပို့ဖြန့်ဖြူးမှုများ ပြုလုပ်နေကြောင်း ကိုလည်း သိရသည်။
 
ဘင်္ဂလားဒေ့ရှ်မှ သွပ်ရေအိုးခွက်များအား ရခိုင်ပြည်နယ်ရှိ လူနေအိမ်အများစုတွင် အသုံးပြုမှုမှာ ယခင်ကထက်ပိုမိုတွင်ကျယ်လာသည့် အတွက် ယခုကဲ့သို့ ဈေးကွက်ဝေစုရရှိလာခြင်းဖြစ်ကြောင်းကိုလည်း ကုန်သည်တို့က ဆိုသည်။
 
ထိမိအက်မိရင်လည်း ကွဲအက်ပျက်စီးမှုမရှိပဲ တာရှည်အသုံးခံတဲ့ သွပ်အိုး/ခွက်ကိုပဲ သုံးလာကြတော့ ဆက်လက်လုပ်ကိုင်နေလို့က ထမင်းငတ်ဖို့ပဲ ရှိတော့တယ်။ ကျွန်တော်လေ့လာသိရှိသလောက် အခု လက်ရှိမှာဆို ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအထာအရ ရသေ့တောင်နှင့် တောင်ကုတ်၊သံတွဲမြို့နယ် (၄)ခု၊(၅)ခုလောက်ပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒါတောင် ရေအိုး၊ဒယ်အိုး ထုတ်လုပ်မှု လုပ်ငန်းမှာ  နွားနို့စိမ်း၊ နို့ချဉ်ထားရာမှာ အသိုးခံထားမဲ့ နို့ချဉ်အိုးခွံထုတ်လုပ်မှု လုပ်ငန်းနှင့်ပဲ ရပ်တည် နေရတာဟု လွန်ခဲ့သည့် ဆယ်စုနှစ်ဝန်းကျင်ခန့်က မြေရေအိုးနှင့် မြေဒယ်အိုးထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည့် အသက်(၆၀)ကျော် မြောက်ဦးမြို့ခံ တစ်ဦးက မြေထည်လုပ်ငန်း တိမ်ကော လာရခြင်းနှင့်ပတ်သက်၍ ၄င်းအမြင်ကို ပြောသည်။
 
လက်ရှိမောင်တောဒေသ ဈေးကွက်များအတွင်း မြေရေအိုးခွက်(၁၅)လီတာဆန့် တစ်လုံး(၂၀၀၀) ကျပ်၊(၂၀)လီတာဆန့် တစ်လုံး(၂၇၀၀)ကျပ်နှင့် (၃၀)လီတာဆန့် တစ်လုံး(၄၀၀၀)ကျပ် ဈေးရှိကြောင်း သိရသည်။
 
သွပ်အိုးများမှာ အနည်းဆုံးရေ ၁၅လီတာမှ လီတာ(၃၀)ဆန့်အထိ အရွယ်အစားအမျိုးမျိုးရှိပြီး အနည်းဆုံးကျပ် ၂၀၀၀၀န်းကျင်မှ  ၅၀၀၀ ၀န်းကျင်အထိဈေးရှိကြောင်းကိုလည်း စစ်တွေ ဒေသခံများထံက သိရသည်။
 
သွပ်အိုးတွေအသုံးများတာက တာရှည်ခံလို့ပါ၊ မြေအိုးကိုအရင် သုံးပေမယ့်ကွဲပါများတော့ မခံနိုင်တော့ဘူး သွပ်ပဲပြောင်းသုံးရတယ်ဟု စစ်တွေမြိုခံ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်တစ်ဦးက ဆိုသည်။

No comments:

Post a Comment