Tuesday 22 January 2013

သံဖြူဇရပ် ဈေးမီးလောင်မှု ရှို့မီးဟု သံသယရှိ

ဒီဗွီဘီ၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၃

မွန်ပြည်နယ် သံဖြူဇရပ် မြို့မဈေးမီးလောင်တာဟာ ရှို့မီးလို့ သံသယရှိနေတဲ့အကြောင်း သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ အာဏာပိုင်တွေက မီးလောင်ခဲ့တဲ့ ဈေးအတွင်းကို သွားရောက် စစ်ဆေးစဉ် ရာဘာအစီးခြစ်ရာမှာ သုံးတဲ့ ဓာတုဗေဒဆေးတမျိုးဖြစ်တဲ့ ကာဗိုက်ဘူးတွေ ဈေးရဲ့ နေရာအနှံ့အပြားမှာ တွေ့ရတဲ့အတွက် အခုလို သံသယ ဖြစ်တာလို့ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးနိုင်ဦးက ပြောပါတယ်။

အထည်ဆိုင်တန်း နေရာတွေမှာလည်း လုပ်ငန်းနဲ့ မပတ်သက်တဲ့ ဘူးတွေ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“ဒီနေ့မနက်ပဲ အာဏာပိုင်တွေနဲ့ ကျနော်လည်းပါတယ်။ ဈေးဝင်းထဲ တံခါးဖွင့်ဝင်ကြည့်တော့ သံသယဖြစ်စရာ ဘူးလေးတွေတွေ့တယ်။ ကာဗိုက်ဘူးတွေပေါ့။ အစေးခြစ်သမားတွေ သုံးတဲ့ ဘူးတွေလေ။ အဲဒါတွေကို တဈေးလုံး နေရာအနှံ့ပဲ တွေ့ရတယ်။ ဈေးခန်း ၂ ခန်း ၃ ခန်းကြား ၁ လုံး ၂ လုံး တော်တော် အနှံ့အပြားတွေ့တယ်။ အစေးခြစ်သမားတွေဆိုရင် ဘူးထဲကို ကာဗိုက်အတုံးလေးတွေထည့်တယ်၊ ရေထည့်တယ်။ ရေနဲ့ ကာဗိုက်အတုံးတွေ့ရင် သဘောက မီးထွက်တာပေါ့။ တချို့အထည်ဆိုင်တွေမှာ ဘာမှ မပတ်သက်တဲ့ အဲဘူးတွေတွေ့တော့ သံသယဖြစ်စရာပေါ့။ ဘူးတွေ့တာကို တာဝန်ရှိသူတွေရော၊ အားလုံးစိတ်ထဲ ထူးဆန်းနေကြတာ။”

ဒီမီးလောင်တာဟာ သွေးရိုးသားရိုး လောင်ကျွမ်းတာ မဟုတ်ဘူးလို့ တချို့ဈေးသူဈေးသားတွေရဲ့ ယူဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက ဈေးကို စစ်ဆေးနေပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တစုံတရာ သုံးသပ်ချက် ပေးတာမရှိသေးပါဘူး။

မီးစလောင်စဉ်မှာ အနီးအနားက လူတွေငြှိမ်းသတ်ဖို့ ကြိုးစားပေမယ့် ဈေးစောင့်က အထဲကို ပေးမ၀င်လို့ မြို့ခံတွေ ဒေါသထွက်ခဲ့ရတဲ့အကြောင်းနဲ့ လတ်တလော အစောင့်တာဝန်ကျသူကို ဖမ်းဆီးထားတယ်လို့ ဦးနိုင်ဦးက ပြောပါတယ်။

သံဖြူဇရပ် မြို့မဈေးမှာ ဇန်န၀ါရီ ၁၉ ရက်နေ့ည ၁၁ နာရီ ပတ်ဝန်းကျင်လောက်ကစပြီး နောက်နေ့ မနက် ၅ နာရီလောက်ထိ မီးလောင်ခဲ့တာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရတာပါ။

အေးချမ်းမွန်မှ  DVB TV News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

No comments:

Post a Comment