Saturday, 17 November 2012

လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေး


နေပြည်တော် နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ်၊ မေလမှ စတင်၍ လက်ရှိအချိန်တွင် ဥပဒေ ချိုးဖောက်မှုနှင့် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ အရေးယူခြင်းတို့ ဆောင်ရွက်ခဲ့ရာ တရားခံ (၁၀၈၁) ဦးအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး (၉၄၀) ဦးတို့အား ထိရောက်စွာ ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နိုင်ခဲ့ကာ

 (၁၄၁) ဦးတို့အား ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။ ၎င်းအပြင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အတွက် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့မှ စတင်ပြီး တရားမဝင် ကိုင်ဆောင်သော လက်နက်နှင့် ဆက်စပ် ပစ္စည်းများကို နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေးအဖွဲ့များထံသို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံး အပ်နှံစေခဲ့ရာ တူမီး (၇၂၆)လက်၊ ဓါး (၁၃၀) လက်၊ လှံ (၅၀၆) လက်၊ လေး (၁၁၂)လက်၊ မြှား (၆၁၁)ချောင်း၊ ဂျင်ကလိ (၁၄၀၈) ချောင်းနှင့် လေးခွ (၃၉၈)လက်နှင့် ဆက်စပ်ပစ္စည်းတို့အား လာရောက် အပ်နှံခဲ့ကြောင်း သိရှိရပါသည်။ သို့သော် အချို့မှာ ရန်ပြုလိုသော စိတ်ဖြင့် သတ်မှတ်ရက် ကျော်လွန်သည်အထိ လာရောက် အပ်နှံခြင်း မရှိကြောင်း သတင်းများ ရရှိခဲ့သဖြင့် သတ်မှတ်ရက် အတွင်း အပ်နှံမှု မရှိသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်ပြီး ကိုင်ဆောင်သူ၊ လက်ဝယ်ရှိသူ၊ ပတ်သက်မှု ရှိသူများကို ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment