Thursday 21 March 2013

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ထိန်းသိမ်းခဲ့


w1-21-3-1

မိတ္ထီလာမြို့ နယူးဝိန့်စိန်ရွှေဆိုင်ရှေ့တွင် အဓိက ရုဏ်းဖြစ်ပွားနေမှုအား မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
မန္တလေးတိုင်းဒေ သကြီး မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်း ခဲ့ကြောင်းမိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် မတ်လ ၂၀ ရက်နေ့ နံနက် ၁၀  နာရီက သာမန် ခိုက်ရန်ဖြစ်ပွားမှု တစ်ခုမှအစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိလာခြင်းအပေါ် ယင်းနေ့ ည ၉ နာရီကျော်တွင် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မိတ္ထီလာမြို့၊ ဈေးအရှေ့ ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်သို့ မိတ္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်သည့် ဦးခင်မောင်ဝင်း(၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း (၃၆)နှစ်တို့ သုံးဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ် ၁၄၀၀၀၀ ခန့် တန်ဖိုးရှိ ရွှေဆံညှပ်တစ်ခုအား သွားရောက်ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရောင်းချရာ ဆိုင်ရှင်ဒေါ်တင်အေး၏ သမက် ထွန်းထွန်းဦး(ခ)အာရှစ်(၂၃)နှစ်မှ ငွေကျပ် ၁၀၅၀၀၀ သာ ပေးမည်ဖြစ်ကြောင်းပြောကြား၍ မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူဆောင်သွားခဲ့ကြောင်း၊ ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဖိုး ငွေကျပ် ၅၀၀၀၀ သာ ပေးမည်ဖြစ်ကြောင်း ပြောကြားရာမှ နှစ်ဖက်အချင်းများခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ ၏ Facebook  ဖြစ်သည့် ရဲဇာနည် Facebook တွင် ဖော်ပြထားချက်အရ သိရသည်။

ဆိုင်ရှင် မမြင့်မြင့်အေးက ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ) အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့် ထိုး၊ သစ်သားတုတ်နှင့် ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ)မင်းအောင်နှင့် မြင့်မြင့်အေးတို့ သုံးဦးအား မိတ္ထီလာ အမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ် မှုပုဒ်မ၃၂၆/၂၉၄/ ၄၂၇/၁၁၄ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

လူ ၂၀၀ ခန့်က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ထွန်းထွန်းဦး(ခ) အာရှစ်၏ ဆိုင်ပတ်ဝန်းကျင် ရှိ ဈေး အ ရှေ့ဘက် တိုက်သုံးလုံး၌ရှိသော ဆိုင်ခန်းခြောက်ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်းဝင်၍ ပစ္စည်းများ ရိုက် ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိရပ်ဖများမှ လူစုခွဲတားဆီး ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် အဆောက်အဦ ဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် အဆိုပါ ဆိုင်ခန်းခြောက်ခန်း ပျက်စီးခဲ့ကြောင်း၊ ညနေ ၃ နာရီဝန်းကျင်တွင် ၎င်းလူ အုပ်စုမှ အဆိုပါတိုက်သုံးလုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်များအရ သိရသည်။

ညနေ ၅ နာရီခွဲ ၀န်းကျင်အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စတန် ဂျာမေ့ဗလီအား မီးရှို့ခဲ့ရာ လူထုမှဝိုင်း ၀န်း ငြှိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာ တွင် ဖော်ပြထားချက်အရ သိရသည်။
ယခုကဲ့သို့ သာမန် ခိုက်ရန်ဖြစ်ပွားမှုအပေါ်တွင် အစပြုကာ လူအချို့က ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သည့် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်း ခဲ့ကြောင်း မိတ္ထီလာမြို့ခံအချို့ထံမှ သိရသည်။
လူစုလူဝေးမပြုလုပ်ရန်နှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များအား အနှောင့် အယှက်မပေးရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် သိရိမင်္ဂလာဗလီနှင့် အခြားဗလီအချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန်မီးရှို့မှု များ ဖြစ်ပေါ်ခဲ့ကြောင်း နေရာအနှံ့မီးလောင်မှုများအား ည ၈ နာရီအချိန်တွင် ငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်း အခြားနေရာအချို့တွင် ဒဏ်ရာရရှိသူအချို့ ရှိနေပြီး မြို့နေလူထုမှာ အရွှေ့အပြောင်း လုပ်နေပြီဖြစ်ကြောင်း  မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် မိတ္ထီလာအမှတ်(၃) ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ အဆို ပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''လောလောဆယ်မှာ တည်ငြိမ်မှုမရှိသေးတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့ အစည်း အ သီးသီးနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေး ရယူနေပါတယ်။ လူတစ်စုက ရုန်းရင်းဆန်ခတ်မှုတွေ လုပ်ဆောင်နေဆဲမို့ တည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်''ဟု ပြောကြားခဲ့ပါသည်။

မိတ္ထီလာမြို့၏ အ၀င်အထွက် ရှေ့နောက်ကို ပိတ်ထားပြီဖြစ်ကြောင်း၊  မီးရှို့ဖျက်ဆီးခံရသည့် ဆိုင်ကယ် ၁၀ စီးကျော် ရှိနေပြီဖြစ်ကြောင်း ဓာတ်ပုံရိုက်သည့် သတင်းထောက်နှင့် ရဲဝန်ထမ်းအချို့ကို ခဲများဖြင့် ပစ်ပေါက် မှုများလည်း ရှိခဲ့ကြောင်း မိတ္ထီလာမြို့ခံ သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။

မတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးဖြစ်သူအား Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ ၎င်းက ''လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားတဲ့နေရာမှာ လူအချို့ပဲ ကျန်ရှိနေပါတော့တယ်။ အဲဒါကို ညှိနှိုင်းဖြေရှင်းမှု ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်''ဟု  ပြန်လည် ဖြေကြားခဲ့သည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ မတ် လ ၂၁ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် Eleven Media Group မှ မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ထိုသို့ဆက်သွယ်မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ''လက်ရှိအချိန်မှာ အခြေအနေက ပြန် လည်တည်ငြိမ်မှု ရရှိနေပါပြီ။ ရမည်းသင်းဘက်က နယ်မြေခံရဲတပ် ရင်း နှစ်ရင်း ရောက်ရှိနေပြီး ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်။ တိုင်းအဆင့် အရာရှိကြီးတွေကိုယ်တိုင် စီမံကွပ် ကဲနေပါတယ်၊ နယ်မြေမှာ လှည့်ကင်းဆောင်ရွက်ပြီး မြို့ရဲ့လုံခြုံရေးကို ရယူနေပါတယ်။ အခုအချိန်မှာတော့ လူစုကွဲသွားပြီဖြစ်ပေမယ့် ဟိုတစ်စု ဒီတစ်စုတော့ ရှိနေပါသေးတယ်။ သတင်းရရှိမှုအပေါ် မူတည်ပြီး ဒေသ ခံများလုံခြုံရေးအတွက် ဆောင်ရွက်နေပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၃ နာ ရီ မိနစ် ၄၀ အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ချက်အရ သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ် ရာဖြင့် သေ ဆုံးခဲ့ကြောင်း၊ အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မတ်လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၅၅ မိနစ်

မိတ္ထီလာမြို့ တစ်နေရာတွင် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ Eleven Media Group မှ မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ''လက်ရှိအချိန်မှာ လူစုလူဝေးတွေမရှိတော့ပါဘူး။အခြေအနေတွေ တည်ငြိမ်နေပါပြီ။ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်တာမျိုးထက် ဒေသတည်ငြိမ်မှုရရှိအောင် လုံခြုံရေးယူတာမျိုးပဲ လုပ်ဆောင်တာပါ။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လှည့်ကင်းတာဝန် ထမ်းဆောင်လျက်ရှိပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်


မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နှင့် ဝန်ဇင်းရပ်ကွက်ကြားတွင် မတ်လ ၂၁ ရက်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်း မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူမရှိသော်လည်း ဒဏ်ရာရသူအချို့ရှိကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင်က မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မန္တလေးတိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင် တို့တွေ့ ဆုံပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ တည်ငြိမ်အောင် ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း မိတ္ထီလာမြို့သို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရ သည်။ အဆိုပါတွေ့ဆုံမှုတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူနှင့် ရွှေညဝါ ဆရာတော်တို့ ပါဝင်ခဲ့ပြီး လူထု အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းသိရသည်။


မတ်လ ၂၁ ရက်နေ့ ညနေ ၁၂ နာရီ ၅၀ မိနစ်

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်အထိ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၂၂ ဦး ရှိနေပြီဖြစ်ကြောင်း မိတ္ထီလာ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ တာဝန်ရှိသူက ''ကျွန်တော်တို့ဆေးရုံကို ဒီနေ့မွန်းတည့် ၁၂ နာရီအထိ ရောက်ရှိလာတဲ့သူ ၂၇ ဦး ရှိပါတယ်။ အဲဒီထဲက နှစ်ဦးက သေဆုံးခဲ့ပါတယ်။ သေဆုံးပြီး ရောက်လာသူ သုံးဦးရှိပါတယ်။ ငါးဦးက ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ဆေးရုံတက်ရောက် ကုသနေတာက ၁၇ ဦး ရှိပါတယ်။ အများစုကတော့ ဦးခေါင်းကို တုတ်နဲ့အရိုက်ခံရထားတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဆေးရုံကို ရောက်လာသူအားလုံးကို ဆေးကုသမှု ဆောင်ရွက်ပေးနေပါတယ်'' ဟု ပြောကြားခဲ့သည်။
ပဋိပက္ခဖြစ်စဉ်အတွင်း ဒဏ်ရာရ သေဆုံးသူများအား ဆေးရုံသို့ သယ်ဆောင်မှုနှင့် ပတ်သက်ပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်တစ်စီး ကြက်ခြေနီအဖွဲ့မှ လူနာတင်ယာဉ် တစ်စီးနှင့် မိတ္ထီလာမြို့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်နှစ်စီးတို့ဖြင့် အကူအညီပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္တီလာမြို့ ပဋိပက္ခဖြစ်စဉ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''မီးလောင်တဲ့ဖြစ်စဉ်တွေက အရင်ကလောက် မရှိတော့ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ပါသည်။

မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်


မိတ္ထီလာမြို့တွင် လူစုလူဝေးနှင့် ဆူပူမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပြီး ယနေ့မွန်းလွဲပိုင်း တွင် ဆူပူသူများက ရန်မျိုးအောင်ရပ်ကွက် တော်ဝင်နန်း အနီရှိနေအိမ်တစ်လုံးအားလည်းကောင်း၊ ကားကြီးကွင်းအနီးမှ နေအိမ်တစ်လုံးကိုလည်းကောင်း မီးရှိုဖျက် ဆီးခဲ့ပြီး၊ အောင်ဆန်းမြို့သစ်မှ ကျော် ဓာတ်ဆီဆိုင်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် နေပြည်တော်လုံခြုံရေးတပ်မှ ရဲတပ်သားအင်အား ၁၅၀ ကျော်၊ ရမည်းသင်းခရိုင်မှ ဒုရဲမှူးသောင်းကြည်ဦးဆောင်သော ရဲတပ်ဖွဲအင်အား ၅၀ ခန့်တို့သည် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လုံခြုံရေးတာဝန်များဆောင်ရွက်နေကြောင်း သိရသည်။
ယခုဖြစ်ပေါ်ခဲ့သော ဆူပူမှုများကြောင့် ဥူးသောဘိတ(၄၆)နှစ် တုံကုန်းရွာ ၀မ်းတွင်း၊ သန်းနိုင်မြင့်(၂၀) နှစ် သီရိမင်္ဂလာရပ်ကွက်၊ ဦးမောင်အေး(၅၆)နှစ် ပြည်သာယာရပ်ကွက်နှင့် အမည်မသိအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်အစောပိုင်းက ရန်မျိုးအောင်ရပ်ကွက်နှင့် လုပ်သားရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ဆူပူမှုများကြောင့် သေဆုံးမှု ရှိနိုင်ကြောင်းသိရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိအချိန်တွင် မိတ္ထီလာစည်ပင်သာယာဈေးကြီး ပိတ်ထားသလို အိမ်ဆိုင်အများစုလည်း ပိတ်ထားကြသည်ဟု သိရသည်။ မြို့ပေါ်တွင် နေထိုင်သူအများစုသည် နီးစပ်ရာသို့ ရွှေ့ပြောင်းနေမှုလည်း ရှိနေကြောင်း သတင်းရရှိပါသည်။

မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်


မိထ္ထီလာမြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စတင် လောင်ကျွမ်းခဲ့သည့် ကားကြီးဝင်း အရှေ့ဘက် မီးလောင် ကျွမ်းမှုသည် အခြားနေရာများသို့ ကူးစက် လောင်ကျွမ်းလျက် ရှိနေပြီး သီရိမင်္ဂလာရပ်ကွက်ရှိ AGD ဘဏ်အနီးသို့
ကူးစက်လောင် ကျွမ်းနေကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နိုင်ရန်အတွက် မီးသတ်ယာဉ် အလုံအလောက် မရှိခြင်း၊ ရှိနေသော မီးသတ်ယာဉ်များမှာလည်း မီးလောင်ကျွမ်းရာ နေရာသို့ သွားနိုင်ရန်အတွက် လုံခြုံရေး အလုံအလောက် မရှိခြင်း တို့ကြောင့် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်မရ ဖြစ်နေကြောင်း မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားပါသည်။

Updated



မိတ္ထီလာတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနိုင်ရန်အတွက်ဟု ဆိုကာ မတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သော ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် မတ်လ ၂၁ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။
၎င်းတို့ ကြုံတွေခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဒုက္ခသည် စခန်းတွေလည်း သွား တယ်။ ဆေးရုံတွေလည်း သွားတယ်။ ကျွန် တော်မြင်တာကတော့ တကယ့်ရိုးရိုးသား သား ပြည်သူတွေ က ​တော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာ တွေ့ရတယ်။
သာမန်ပြည်သူတွေက​တော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဆေးရုံမှာတော့ ပစ်ခတ် နှိမ်နင်းထား လို့ ခြေထောက်၊ ပေါင်တွေမှာ ဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့ တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲ မေတ္တာရပ်ခံချင်တယ်။ မနက်ကတော့ အကြမ်းဖက် တဲ့ နေရာတွေမှာ လုံခြုံရေးဝန်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးလို့ နည်းနည်းငြိမ်သက်သွားတယ်။ တခြားမြို့ကြီးတွေမှာလည်း မသင်္ကာမှုတွေနဲ့ သံသယတွေ ရှိနေကြတယ်။ ရန်ကုန်က ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုပြီး အဆင်ပြေတယ်ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာတာပါ" ဟု ၈၈ မျိုးဆက် ​ကျောင်းသားခေါင်း​ဆောင် ကိုမင်းကိုနိုင်က Eleven Media Group သို့ မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။

မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်

မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးနေစဉ် “မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်ဖြစ် ပွားခဲ့သော အကြမ်းဖက်မှုများနှင့် အိုးအိမ်ပျက်စီးမှုများအတွက် မိမိတို့ များစွာစိုးရိမ်ပူပန်မိပါသည်။ အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးသွားသူများ၏ မိသားစုများအတွက် ကျွန်တော်တို့များစွာ ဝမ်းနည်း စာနာမိပါသည်။ သံရုံးအနေဖြင့် ဖြစ်ရပ်များကို မျက်ခြေမပျက် စောင့်ကြည့်လျက်ရှိပါသည်” ဟု မြန် မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ယနေ့ (မတ်လ ၂၁ ရက်)နေ့တွင် ကြေ ညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။


မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်

မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင် အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးနေစဉ် ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးေ ရး ကော်မရှင်ကို မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး အောင်ကျာ်မိုးက ဥက္ကဌအဖြစ် လည်းကောင်း၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှုး ဦးတင်မောင်စိုးက အတွင်းရေးမှုးအဖြစ် လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီးထွန်းနိုင်၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီး မောင်မောင်မြင့်တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း အသီးသီး ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်စဉ်အမှန် အသေးစိတ်အား စုံစမ်းစစ်ဆေး၍ တစ်ပတ်အတွင်း ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။


မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၂၃ မိနစ်
"ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးပြီ ဖြစ်တဲ့အတွက် ရဲက အရေးပိုင်ပြီ။ ရဲက အရေးပိုင်ပြီဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးရှိဖို့ ထိထိ​ရောက်ရောက်နဲ့ ပုဒ်မ ၁၄၄ ကို အသက်သွင်းဖို့  ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောခိုင်းတယ်။ အဲဒါကိုလည်း ကျွန်တော် ပြောပြီးပြီ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း လုပ်ပေးပါမယ်လို့ ပြောတယ်။  လောလောဆယ်​တော့ အခြေအနေက မတည်ငြိမ်သေးဘူး။ တစ်ခုခုဖြစ်မှာကို ပြည်သူတွေက ကြောက်နေကြတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က Eleven Media Group သို့ မတ် ၂၁ ရက် ညနေ ၄ နာရီ ခန့်က ပြောသည်။

မတ်လ ၂၁ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်
မိထ္ထီလာမြို့ မီးလောင်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာ ခရိုင်လေးခရိုင် မီးသတ် မော်တော်ယာဉ်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မီးငြိမ်းသတ်ရေး ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်းက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်
မိထ္ထီလာမြို့ရှိ ယနေ့ည အခြေအနေမှာ ယမန့်နေ့ညက ဖြစ်ပွားခဲ့သည့် အခြေအနေကဲ့သို့ မဆိုးဝါးတော့ကြောင်း သိရသည်။ ပုဒ် ၁၄၄ ထုတ်ပြန်ထားသည့် အပြင် အင်းဝဘဏ်ရှိ ငွေကြေးများ လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းရန်အတွက် တပ်မတော်မှ လာရောက် ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူထားသည် ဆိုသော သတင်းများ ပျံ့နှံ့ခဲ့ခြင်းကြောင်း လူစုလူဝေးဖြင့် သွားလာမှုများ လျော့နည်းသွားကြောင်း သိရသည်။

မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်
မိထ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် စုစုပေါင်း(၆) ဦး သေဆုံးခဲ့ပြီး သံဃာတော် တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသား (၃ )ဦးဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးကြီး ထွန်းနိုင်မှ Eleven Media Group သို့ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် အတည်ပြု ပြောကြားခဲ့သည်။

ယနေ့ည အခြေအနေမှာ ယမန့်နေ့ကထက် ဆိုးဝါးခြင်း မရှိသော်လည်း အခြေအနေ အရပ်ရပ်ကို တည်ငြိမ်စေရန်အတွက် ကြိုးစားနေရဆဲ ဖြစ်ကြောင်း သိရသည်။


-----------------  
http://www.weeklyeleven.com/local/mandalay-news-and-local/18671-%E1%80%99%E1%80%AD%E1%80%90%E1%80%AE%E1%81%B3%E1%80%9C%E1%80%AC%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%9B%E1%82%87%E1%80%AD-%E1%80%B1%E1%80%9B%E1%82%8A%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%B7%E1%80%B9-%E1%80%9E%E1%80%AC%E1%80%99%E1%80%94%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%9B%E1%80%94%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%99%E1%82%88%E1%80%99%E1%82%87-%E1%80%A1%E1%80%85%E1%80%BB%E1%80%95%E1%80%B3%E1%80%80%E1%80%AC-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%82%90%E1%80%AF%E1%80%8F%E1%80%B9%E1%80%B8%E1%80%A1%E1%80%9E%E1%80%BC%E1%80%84%E1%80%B9-%E1%80%96%E1%80%94%E1%80%B9%E1%80%90%E1%80%AE%E1%80%B8%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9B%E1%82%87%E1%80%AD%E1%80%81%E1%80%B2%E1%80%B7%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8-%E1%80%9E%E1%80%80%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC%E1%80%80-%E1%80%95%E1%80%AF%E1%80%92%E1%80%B9%E1%80%99-%E1%81%81%E1%81%84%E1%81%84-%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%81%BF%E1%80%95%E1%80%AE%E1%80%B8-%E1%80%91%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%9E%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%B2%E1%80%B7

No comments:

Post a Comment