Tuesday 12 February 2013

Essar ကုမ္ပဏီ အိမ်သာ အနံ့ဆိုးများကြောင့် ဆေးရုံလူနာများအခက်တွေ့

အိန္ဒိယ - မြန်မာ ကုန်သွယ်ရေးဖြစ်သော စစ်တွေမြို့တွင် ရေနက်ဆိပ်ကမ်းဆောက်လုပ်နေသည့် Essar ကုမ္ပဏီမှ လုပ်ငန်းခွင်အတွင်းအသုံးပြုသော အိမ်သာများမှ အနံ့ဆိုးရည်များ လူသွားလမ်းဖြစ်သည့် ကမ်းနားလမ်းအပြင်သို့ ယိုထွက်နေသောကြောင့် ဆေးရုံမှလူနာများနှင့် လမ်းသွား၊ လမ်းလာများမှာ လေကောင်း၊ လေသန့်မရရှိဘဲ ဒုက္ခရောက်လျက်ရှိကြောင်း သတင်းရရှိသည်။


Essar 001
Essar ကုမ္ပဏီမှ လုပ်ငန်းခွင်အတွင်းရှိအသုံးပြုသော အိမ်သာများမှ ထွက်ရှိလာသော အနံ့ဆိုးအရည်များ
အနံ့ဆိုးဝါးစွာထွက်နေသည့် Essar ကုမ္ပဏီမှ အိမ်သာများသည် စစ်တွေမြို့ပြည်သူ့ဆေးရုံနှင့် မနီးမဝေးတွင်ရှိပြီး မျက်စိလူနာဆောင်နှင့်ကပ်လျှက်ရှိနေသောကြောင့် မျက်စိလူနာများကို အင်မတန်ဒုက္ခရောက်စေကြောင်း ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းမြင့်သိန်းက ပြောသည်။

" အိမ်သာက အနည်းဆုံး (၇)လုံးရှိလောက် ရှိမယ်ထင်ပါတယ်။ အိမ်သာတွေက အတွဲလိုက်ဆောက် လုပ်ထားကြတာဖြစ်တယ်။ အခု အဲဒီအိမ်သာတွေက အရည်တွေလမ်းမအပြင်သို့ ယိုစိမ့်ထွက်နေတယ်။
 အနံ့တွေက အင်မတန်ဆိုးရွားပါတယ်။ နံဘေးမှာလည်း မျက်စိလူနာဆောင်နဲ့ ကပ်ပြီးတော့ရှိတဲ့အတွက် မျက်စိလူနာတွေကို ဒုက္ခပေးသလိုမျိုးဖြစ်နေပါတယ်။ အိမ်သာတွေက ဝါးနံရံကာထားတာဖြစ်တော့ အနံ့တွေ အပြင်ကိုထွက်တာပေါ့။ ဒီတစ်ကြိမ်ဆိုရင် နှစ်ကြိမ်ဖြစ်နေပါပြီ။ အရင်တစ်ကြိမ်ကလည်း ဒီလိုပဲ အနံဆိုးတွေပါတဲ့ အရည်တွေထွက်လာလို့ လူတွေဒုက္ခခံလိုက်ရပါသေးတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်ကို ပြောသည်။

ထို့သို့ Essar ကုမ္ပဏီ လုပ်ငန်းခွင်အတွင်း အသုံးပြုသော အိမ်သာများမှ ယခုလိုမျိုး ဒေသခံများကို ဒုက္ခရောက်စေ သည့် အနံဆိုးအရည်များထွက်လာသည်မှာ ယခုတစ်ကြိမ်ဆိုနှစ်ရှိပြီး တစ်ကြိမ်ဖြစ်လျှင် ၅ ရက်ခန့်ကြာကာ ယခုထွက်နေသည်မှာ ၄ ရက်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးထွန်းမြင့်သိန်းက " ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ ဒီလို ကုမဏီတွေအနေနဲ့ လူထုဘက်ကိုလည်း နည်းနည်းလောက် ဦးစားပေး စဉ်းစားစေချင်ပါတယ်။ 

အဲဒီနေရာမှာ ဆေးရုံလူနာတွေအတွက်လည်း မကောင်းဘူး၊ ပြီးတော့ ကမ်းနားလမ်းဆိုတော့ အပန်းဖြေ၊ အားကစား လမ်းလျှောက်တဲ့ လူတွေလည်းရှိတယ်။ နောက်ပြီး မင်းဂံဖက်ကဆိုရင် ဈေးသွားရင် အဲဒီလမ်းကို အဓိကထားပြီးသွားလာနေကြတာ။ အထူးသဖြင့် ဆေးရုံလူနာတွေအတွက် အန္တရာယ်ဖြစ်စေပါတယ်။ အဲဒီတော့ သူတို့လုပ်မယ်ဆိုရင်လည်းလုပ်ပေါ့။ ဒါပေမယ့် ဒီကလူထုတွေကိုလည်း ဦးစားပေးစဉ်းစား သင့်ပါတယ်။ အခုဖြစ်နေတဲ့ပုံစံက သူတို့က အစိုးရနဲ့ ညှိထားတော့ ပြည်သူလူထုကို ဂရုမစိုက်၊ သူတို့ လုပ်ချင်တာလုပ်မယ်၊ အဲဒီလိုပုံစံမျိုးသဘောဆောင်ပါတယ်။ ဒီလို ကုမဏီတွေ၊ INGO တွေပါ ပြည်သူလူထုတွေကို လုံးဝဂရုမစိုက်ဘဲနဲ့ သူတို့ စိတ်ထင်သလို လုပ်ကြတယ်။ အဲဒါကို ကျွန်တော်တို့ မနှစ်သက်ဘူး။ အစိုးရဘက်က ခွင့်ပြုချက်ရလို့ လုပ်တာဆိုရင်လည်း လုပ်ပေါ့။ သူတို့လည်း ကောင်းတာတွေကို လုပ်တာလည်း ရှိမယ်ပေါ့။ ဒါပေမယ့် လုပ်တဲ့အခါမှာလည်း ဒေသခံလူထုတွေဖက်ကို အလေးထားပြီးတော့ကြည့်သင့်ပါတယ်။ " ဟု ပြောသည်။
Essar 004
ဒေသခံများအသုံးပြုနေသော စစ်တွေကမ်းနားလမ်း မြင်ကွင်း
အဆိုပါ ကုမ္ပဏီ လုပ်ငန်းခွင်အတွင်းရှိ အိမ်သာများမှာ ဒေသခံအပြင်လူများအသုံးပြုခြင်းမရှိဘဲ ၄င်းလုပ်ငန်းခွင့်မှ အလုပ်သမားများသာ အသုံးပြုကြပြီး ၄င်းအိမ်သာများကို ပြုပြင်မှုအားနည်းသောကြောင့် အနံ့ဆိုးအရည်များ မကြာမကြာထွက်လေ့ရှိကြောင်း သိရသည်။
Essar 002
Essar ကုမ္ပဏီမှ အိမ်သာနှင့် ကမ်းနားလမ်းဘေးရှိ လူနားခိုရာ ထိုင်ခုံနှင့် အတူတကွမြင်ရစဉ်
Essar 003
အိမ်သာများကို ဝါးနံရံများနှင့် ကာထားသောကြောင့် အနံ့ဆိုးများ အပြင်ကိုထွက်လျှက်ရှိ

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/813-essar---- 

No comments:

Post a Comment