Tuesday 5 February 2013

မြောက်ဦး ညမထွက်ရ အချိန် လျှော့ချ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြီး  ညမထွက်ရဟု သတ်မှတ်ထားသော အချိန်ကို ယခုအခါ ၂ နာရီ နောက်ထပ် လျှော့ချပေးလိုက်သည်ဟု သတင်း ရရှိသည်။
Myanmar_Mrauk-U
“ အရင်က ည ၈ နာရီကနေ မနက် ၆ နာရီထိပါ။ အခုတော့ ည ၁၀ နာရီ လျှော့ချပေးလိုက်ပါတယ်။ မနေ့ညနေက စပြီး လျှော့ချလိုက်တာပါ” ဟု မြောက် ဦး ဒေသခံ တစ်ဦးက ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါ တီ မြောက်ဦးမြို့နယ် ဥက္ကဌ လည်းဖြစ် မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သော ဦးထွန်းလိုင်မှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သွားရောက် ညှိနိုင်းပြီးနောက် ယခုလို အချိန်ကို ၂ နာရီ လျှော့ချပေးလိုက်သည်ဟု ဆိုသည်။


“ ဒီညမထွက်ရ အမိန့်ကြောင့် စီးပွားရေးကို ထိခိုက်တယ်။ စစ်တွေ အပါအ၀င် နောက်မြို့တွေမှာလည်း ၁၀ နာရီထိ လျှော့ချထားတော့ မြောက်ဦးမြို့မှာလည်း လျှော့ချပေးဖို့ လိုအပ်တယ်လို့ ဦးထွန်းလိုင်က သွားပြောတဲ့ အခါ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း သဘောတူပြီး ၁၀ နာရီထိ လျှော့ချလိုက်တာပါ” ဟု ဆိုသည်။
ယခုအခါ မြောက်ဦးမြို့နယ် အတွင်း အခြေအနေမှာ အေးဆေးတည်ငြိမ်နေပြီး ပြဿနာများ ဖြစ်ပွားခြင်း မရှိတော့ကြောင်း သူက ဆိုသည်။
နယ်ကျေးရွာများ တချို့တွင် မသမာသူများမှ စပါးများ ခိုးရိတ်သိမ်းခြင်း၊ ဟင်းခင်းများအား ဖျက်ဆီးခြင်း တချို့ ရှိနေသော်လည်း မြို့နယ် တစ်ခုလုံးကို ခြုံပြီး ကြည့်မည်ဆိုပါက တည်ငြိမ်အေးချမ်းနေသည်ဟု သိရသည်။

http://www.narinjara.com/burmese/?p=4289 

No comments:

Post a Comment