Wednesday 14 November 2012

အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသား ၁၀ ဦးအပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး


မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသားများ အပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား နိုဝင်ဘာလ ၁၅ ရက်မှစ၍ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုဝင်ဘာလ ၁၅ ရက်ထုတ် နိုင်ငံပိုင် သတင်း စာများတွင် ဖော်ပြထားသည်။

အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်း လတ်တလော ရရှိသော သတင်းများအရ သိရသည်။

လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည့် နိုင်ငံခြားသားမှာ ၁၀ ဦးဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

အကျဉ်းဦးစီးဌာန(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ''လွှတ်ပေးတဲ့ နိုင်ငံခြားသား ၁၀ ဦးက မြန်မာနိုင်ငံ မှာ ရောက်ရှိနေ တဲ့ မြန်မာပြည်ရောက် အများဆုံးပြည်ပနိုင်ငံသားတွေဖြစ်ပါတယ်''ဟု ပြောကြားသွားခဲ့ပြီး မည်သည့်နိုင်ငံသား များဖြစ်သည် ကို ဖြေကြားခဲ့ခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ကျဉ်း) အဖွဲ့၏ စာရင်းများအရ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၃၀ ၀န်းကျင် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတိုးကြည်က နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပြောပါသည်။

ကိုတိုးကြည်က “လတ်တလောကတော့ လွတ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါ၊ မပါ မသိရသေးဘူး” ဟု ပြောကြား ခဲ့သည်။

အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ၃၆ ဦး လွတ်မြောက်လာကြောင်း သိရသည်။

ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား ၁၈ဦး လွတ်မြောက်လာကြောင်းနှင့် ၎င်းတို့အားလုံးသည် တပ်မတော် အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရာမှ လွတ်မြောက်လာသူများဖြစ်ကြောင်း ပုသိမ် အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။ ဟင်္သာတ အကျဉ်းထောင်မှလည်း ၂ဦး လွတ်မြောက်ကြောင်း ဟင်္သာတ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် စစ်တွေအကျဉ်းထောင်မှ ၆ ဦး၊ သံတွဲအကျဉ်းထောင်မှ ၁ဦး၊ဘူးသီးတောင် အကျဉ်းထောင်မှ ၄ ဦး၊ ကျောက်ဖြူအ ကျဉ်းထောင်မှ ၁ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့ရာ ယခုအကြိမ်သည် ငါးကြိမ်မြောက် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း လွတ်ငြိမ်းချမ်းသာ ခွင့် လေးကြိမ် ထုတ်ပြန်ပေးခဲ့ပြီး အကျဉ်းသားများအား လွှတ်ပေးခဲ့ရာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့တွင် အကျဉ်းသား ၆၀၈၇ဦး၊ အကျဉ်းသူ ၅၆၉ဦး၊ စုစုပေါင်း ၆၆၅၆ဦး၊ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် အကျဉ်းသားစုစုပေါင်း ၆၅၁ဦး၊၂၀၁၂ခုနှစ် ဇူလိုင် ၃ရက်နေ့တွင် အကျဉ်းသား ၃၇ဦး၊အကျဉ်းသူ ၄၆ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး စက်တင်ဘာလ ၁၇ရက်နေ့တွင်မူ အကျဉ်းသား ၅၁၄ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ရာ ၃၉၉ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား ၈၀ကျော် ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့်ပေးမှုများသည် အများအားဖြင့် အခါကြီး ရက်ကြီးများနှင့် နိုင်ငံတော် အကြီးအကဲ ပြည်ပခရီးစဉ်များ မတိုင်မီ ပေးလေ့ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ရက်ပိုင်း အတွင်း တက်ရောက်ရန်ရှိသည်။

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက်နေ့တွင် လာရောက်ရန်ရှိပြီး သမ္မတဦးသိန်းစိန်၊အမျိုး သားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ရန်ကုန်မြို့၌ သီးခြားတွေ့ဆုံဆွေးနွေးသွားရန်ရှိသည်။
REF ; EMG
 

No comments:

Post a Comment