Tuesday 25 September 2012

ရခိုင်နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းရေးနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်

  Sunday, 16 September 2012 01:16   


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဌ ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေ စီအဖွဲ့ ချုပ်(ALD) အတွင်းရေးမှူး ဦးမျိုးကျော်တို့အား ပါတီပေါင်းစည်းရေးနဲ့ ပတ်သက်၍ Arakan Times မှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၁၅)ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့သည်။

 Arakan Times ။ ။ (ALD) နှင့် ( RNDP )အနေနဲ့ ပါတီပေါင်းစည်းရေးကို ၂၀၁၅ မတိုင်မီ အကောင် အထည်ဖော်နိုင်ပါ့မလား။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်၏ ဖြေကြားချက်။
525825 221584231295065 1438810805 nပါတီနှစ်ခုပေါင်းစည်းဖို့က အရမ်းခက်ခဲပါတယ်။ ဆွေးနွေးမှုတွေ အဆင့် ဆင့်လုပ်ရမှာဖြစ်ပါတယ်။ ကျနော်တို့ပါတီက ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ ကျင်းပခဲ့တဲ့ ပါတီညီလာခံမစတင်မီမှာ ALD ပါတီနှင့် ပေါင်းစည်းချင်တဲ့ ဆန္ဒတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
ပါတီညီလာခံ တက်ရောက်ရန်အတွက်လည်း ALD ပါတီက ပုဂ္ဂိုလ်တစ်ချို့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် တက်ရောက်မှုမရှိတာကိုလည်း ကြားရပါ တယ်။ နောက်ပြီးတော့ ကျနော်တို့ပါတီက တရားဝင်မှတ်ပုံတင် ၍ ရွေးကောက် ပွဲဝင်ပြီး အောင်မြင်မှုတစ်ချို့ကိုရလာပါတယ်။ အခုတော့ ရခိုင်ပြည်သူတွေကလည်း ကျနော့်ပါတီနှင့် ALD ကိုပေါင်းစည်းရန် တောင်းဆိုလာကြပါတယ်။ တောင်းဆိုကြတဲ့အထဲမှာ သံဃာတော်တွေလည်းပါတယ်။


ကျနော်တို့ ပါတီကလည်းကြိုဆိုပါတယ်။ ပါတီအနေနဲ့ မဟုတ်ဘဲ ကျနော်ကလည်း ပေါင်းစည်းစေလိုပါတယ်။
ဒါပေမယ့် ကျနော်တို့ RNDP ပါတီတစ်ခုတည်း ပေါင်းစည်းလို့မရဘူးဗျာ။ ကျနော်တို့ပါတီက ဘယ်လောက် ပဲပေါင်းချင်နေ ALD ပါတီက မပေါင်းရင် မရဘူးဗျာ။ ALD ပါတီဘက်ကလည်း ပေါင်းစည်းဖို့ ဆန္ဒရှိဖို့လိုပါ တယ်။ ပေါင်းနိုင်တဲ့ ရည်မှန်းချက်ထားဖို့လည်း လိုပါတယ်။ ALD ပါတီက ပုဂ္ဂိုလ်တစ်ချို့ဟာ စည်းရုံးရေး လုပ်တဲ့အခါမှာ RNDP ပါတီကို အပုတ်ချပြောဆိုပြီး စည်းရုံးရေးဆင်းတာရှိပါတယ်။ RNDP ပါတီဟာ ပြီးခဲ့ တဲ့ရွေးကောက်ပွဲကို အသုံးချတယ်။ လွှတ်တော်ထဲမှာ အမတ်ဖြစ်ရတဲ့ဘဝကို အသုံးချတယ်။ ၂၀၀၈ဖွဲ့စည်းပုံ ကိုကိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုဝင်တာတွေကို အသုံးချတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လက်ရှိမှာရှေ့ကိုရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ပေါင်းစည်းရေးဆိုတာကို ဘေးဖယ်ထားပြီး တကယ်တမ်းဖြိုခွဲရေးကို လုပ်နေတာလားဆိုတဲ့ အတွေးတစ်ခု ဝင်လာပါတယ်။ ALD ပါတီအနေနဲ့ RNDP ပါတီကို ပူးပေါင်းချင်တဲ့ ဆန္ဒရှိရင် စည်းရုံးရေးကာလမှာ အမြဲတမ်းသတိထားဖို့လိုပါတယ်။ လူထုကိုချပြတဲ့အခါမှာ ရည်မှန်းချက်ကြီးကြီးထားဖို့လိုပါတယ်။
ဟိုအရင်က Arakan National Congress ( ရခိုင်အမျိုးသားမဟာမိတ်တပ်ပေါင်းစု)လို ရှိဖို့လိုအပ်ပြီဖြစ်ပါတယ်။ ပြည်ပမှာရှိတဲ့ အင်အားစု၊ လက်နက်ကိုင်အင်အားစုနှင့် ပြည်တွင်းမှာရှိတဲ့ အင်အားစုတို့ ဟိုအရင်က ANC လိုမျိုး ယခုအချိန်မှာဖြစ်နိုင်ရင် ကောင်းပါတယ်။ အဲဒီလို ANC လိုမျိုးဖြစ်နိုင်ခဲ့ရင် ALP ပါတီလည်း ပါလာနိုင်တယ်။ ပြည်တွင်းမှာရှိတဲ့ ALD၊ RNDP နောက်ထပ်ပေါ်လာမယ့် အခြားပါတီတွေလည်း ပါဝင်နိုင်ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)အတွင်းရေးမှူး ဦးမျိုးကျော်၏ ဖြေကြားချက်။
ပါတီနှစ်ခု ပေါင်းစည်းဖို့အတွက် ကော်မတီတစ်ခုဖွဲ့ထားတာ ရှိပါတယ်။ ALD ပါတီမှာလည်း ရခိုင်မှာရှိတဲ့ CEC နှင့် ရန်ကုန်မှာရှိတဲ့ CEC တို့ဟာ တာဝန်ခွဲဝေမှုဆိုတာရှိပါတယ်။
တာဝန်ခွဲဝေမှုအပိုင်းမှာ ရခိုင်ပြည်တွင်းမှာရှိတဲ့ ကိစ္စတွေအားလုံးဟာ ရခိုင်မှာရှိတဲ့ CEC နှင့်ပဲဆိုင်ပါတယ်။ ရန်ကုန်မှာရှိတဲ့ CEC ကကျတော့ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်ဆံဖို့ရယ်၊ နိုင်ငံတကာဆက်ဆံဖို့ဖြစ်ပါတယ်။
RNDP ပါတီနှင့် ပေါင်းမပေါင်းဆိုတာဟာ ရခိုင်မှာရှိတဲ့ CEC ကို တာဝန်ပေးထားပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါင်းစည်းဖို့ ရည်ရွယ်ချက်ရှိတဲ့အတွက် ကော်မတီတစ်ခုကို ဖွဲ့စည်းထားဖြစ်တယ်။ ဘယ်အချိန်မှာ ပေါင်းစည်းဖို့ဖြစ်မလဲဆိုတာဟာ အဲဒီကော်မတီကပဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ArakanTimes ။ ။ တကယ်လို့ ပါတီပေါင်းစည်းသွားမယ်ဆိုရင် ပေါင်းစည်းတဲ့ပါတီကို ဘယ်လိုမျိုးဖွဲ့စည်းသွားမယ်လို့ ရည်ရွယ်ထားပါသလဲ။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်၏ ဖြေကြားချက်။
ပါတီနှစ်ခု ပေါင်းစည်းတဲ့အခါမှာ ကျနော်တို့ RNDP ဆန္ဒတစ်ခုတည်းနဲ့ မရပါဘူး။ လူတစ်ဦးချင်းမဟုတ်ဘဲ ပါတီပေါင်းစည်းရေးဖြစ်တဲ့အတွက် အခုပေါင်းချင်ရင်ပေါင်းမယ်၊ မပေါင်းချင်ရင်မပေါင်းဘူးဆိုသလိုမျိုး လုပ်လို့မရပါဘူး။ ပေါင်းတဲ့အခါမှာ အခြေခံအချက်တွေလိုတယ်။ ဘယ်မူကိုသွားမလဲဆိုတာရယ်၊ ဘယ်လိုပုံစုံနဲ့ရှေ့ဆက်သွားမလဲ။ ပေါင်းတာဟာထာဝရပေါင်းတာလား။ ယာယီမဟာမိတ်ပေါင်းစည်းတာလား။ ရွေးကောက်ပွဲမှာ မင်းတစ်နေရာယူ ငါတစ်နေရာယူမယ် သဘောထားတာလား။ ဟန်ဆောင်လုပ်မလို့လား။ တစ်ပါတီဆိုတဲ့ နာမည်အောက်မှာ ပါတီတစ်ခုနာမည်တစ်ခုအောက်မှာ တကယ်တမ်းပေါင်းဖို့ စိတ်ဆန္ဒရှိသလား။ ငါလည်းပါတီတစ်ခု သူလည်းပါတီတစ်ခုလုပ်ပြီး ပါတီစုံမှတ်ပုံတင်မယ်။ လူ(၂၀)ယောက်နဲ့ဆို ပါတီတစ်ခုဖြစ်တယ်။ ဒီလိုပုံစံမျိုးနှင့် ပေါင်းစည်းသွားမှာလား။ ရခိုင်အမျိုးသားရေးကို ဦးစားပေးပြီး အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်သွားတာဟာကောင်းပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အတွင်းရေးမှူး ဦးမျိုးကျော်၏ ဖြေကြားချက်။
U Myo Kyawအဲဒါကတော့ ဆွေးနွေးယူရဖို့ ဖြစ်ပါတယ်။ ဆွေးနွေးချက်များအပေါ်မှာပဲ တက်လာတဲ့ Issue တွေအပေါ်မှာ မူတည်ပြီးမှ ဘယ်လိုပေါင်းမလဲ။ အဝိုင်းလိုက်ပေါင်းမလား။ ဒေါင်လိုက်ပေါင်းမလား။ လေးထောင့်ပေါင်းမလား။ သူတို့ဘက်က ဥက္ကဌယူမလား။ ဒီဘက်ကအတွင်းရေးမှူးယူမလား။ ဒီဟာတွေကတော့ ဆွေးနွေးချက်အပေါ်မှာပဲဖြစ်တယ်။ တက်လာတဲ့ဆွေးနွေးချက်ကို တစ်ခုချင်းတစ်ခုချင်းဖြေရှင်းချက် ယူသွားရမှာဖြစ်တယ်။ အခုဖြစ်နေတာက အသေးစိတ်မဆွေးနွေးရသေးဘူး။ ဘယ်လိုလုပ်ပြီး ပေါင်းစည်းသွားမှာကို ပြောလို့တော့မရပါဘူး။
Arakan Times ။ ။ တကယ်လို့များ ပါတီနှစ်ခုပေါင်းစည်းသွားပြီး နောက်ရခိုင်ပါတီတွေ ထပ်မံပေါ်လာခဲ့လျှင် အဲ့ဒီပေါင်းစည်းတဲ့ ပါတီအနေနဲ့ နောက်ထပ်အသစ်ပေါ်ပေါက်လာတဲ့ ပါတီတွေအပေါ်မှာ ဘာတွေလုပ်ဆောင်သွားမယ်လို့ စိတ်ကူးရှိပါသလဲ။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်၏ ဖြေကြားချက်။
နောက်ထပ်ပါတီတွေ ပေါ်လာရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပါတီစုံခေတ်လေ။ လူ(၁၀)ယောက်၊ (၁၅)ယောက်နှင့် သဘောထားတိုက်ဆိုင်လျှင် ပါတီထောင်လို့ရတာပဲ။ ပါတီတွေဘယ်လေက်ပဲပေါ်ပါစေ။ နောက်ပေါ်လာတဲ့ပါတီတွေကို ကျနော်တို့ကတောကြိုဆိုရမှာပဲ။ ပါတီထောင်ဖို့အတွက် လူ(၅၀၀) စုရတာရှိမယ်။ လူ(၁၀၀၀)စုရတာရှိမယ်။ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် (၅၀၀)၊ မြန်မာနိုင်ငံလုံးမှာဆိုရင် (၁၀၀၀) စုရမယ်။ အဲဒါကတော့ ပါတီထောင်သူတို့ရဲ့ တာဝန်ပဲလေ။ အဲဒီလိုမျိုးလူတွေစုစည်းမရလို့ ပါတီမထောင်ရသူတွေရှိတယ်။ ရခိုင်ပါတီနှစ်ခုကို ပေါင်းပါလို့ ရခိုင်ပြည်သူလူထုက တောင်းဆိုလာတော့ ရခိုင်ပါတီအသစ်ပေါ်လာမှာကို ရခိုင်ပြည်သူလူထုကပဲ တားရမှာဖြစ်ပါတယ်။ တားတာမတားကတော့ နောက်ထပ်အသစ်ပေါ်လာတဲ့ ပါတီအသစ်မှာ ရခိုင်ပြည်သူလူထုကို ဘယ်လောက်ထိ အကျိုးပေးနိုင်မလဲဆိုတာကို လူထုကဝေဖန်ကြမယ်လေ။ အဲဒါက ရခိုင်ပြည်သူလူထုအပေါ်မှာပဲ မူတည်ပါတယ်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) အတွင်းရေးမှူး ဦးမျိုးကျော်၏ ဖြေကြားချက်။
အဲဒါဆိုရင် ရခိုင်ပြည်သူတွေက ဘာကြောင့် ဒီရခိုင်ပါတီနှစ်ခုကို ပေါင်းစည်းချင်ရတာလည်းဆိုတဲ့ မေးခွန်းနဲ့ဆိုင်ပါတယ်။ ရခိုင်ပြည်သူအားလုံးက ပြောကြတယ်လေ။ ရခိုင်ပါတီနှစ်ခုကွဲနေလို့မရဘူး။ ကွဲနေရင်မဲပေးတဲ့အခါမှာ ထိုသူ့ကိုထည့်လိုလို၊ ဒီသူကိုထည့်လိုလိုနဲ့ နောက်ဆုံးမှာ သူများရသွားမယ့် အဖြစ်မျိုးရှိလာနိုင်တယ်။ အဲဒါကြောင့် လူတစ်ယောက်ချင်းပေါင်းတာ မဟုတ်ဘဲ။ ပါတီနှစ်ခုပေါင်းတာဖြစ်တဲ့အတွက် ပါတီတိုင်းမှာမူဝါဒရှိတယ်။ ဘယ်လိုမူဝါဒကို သုံးစွဲမလဲဆိုတာ လည်းအရေးကြီးတယ်။ ဘယ်ပါတီပဲပေါ်လာပါစေ အားလုံးကိုကြိုဆိုပါတယ်။ သွားနေတာက ဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက် ဘယ်ပါတီပဲပေါ်ပါစေ လက်ခံပါတယ်။
Arakan Times ။ ။ ပါတီနှစ်ခုဟာ တကယ်လို့များ ပေါင်းစည်းသွားမယ်ဆိုရင် ပါတီရဲ့နာမည်ကို ဘယ်လိုသတ်မှတ်ပါမလဲ။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင်၏ ဖြေကြားချက်။
ပါတီနာမည်ပေးတဲ့ အခါမှာလည်း ကျနော်တစ်ယောက်တည်းနဲ့ မရပါဘူး။ ကျနော်တို့ပါတီက ဦးဦးစောလှနဲ့လည်း မရပါဘူး။ ALD ပါတီက ဦးအေးသာအောင်နဲ့လည်း မရပါဘူး။ ကျနော်တို့ပါတီတွေတောင်မက ရခိုင်ပြည်သူလူထုနဲ့လည်း သက်ဆိုင်ပါတယ်။ အားလုံးကပူးပေါင်းပါဝင်မှ ဖြစ်နိုင်မှာဖြစ်ပါတယ်။
Arakan Times ။ ။ ပါတီနှစ်ခုပေါင်းစည်းရေးကို ဘယ်တော့လောက်အကောင်အထည် ဖေါ်နိုင်မယ်လို့ ထင်ပါသလဲ။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) အတွင်းရေးမှူး ဦးမျိုးကျော်၏ ဖြေကြားချက်။
အဲဒါကတော့ တစ်ဖက်နဲ့တစ်ဖက် ပြောကြတယ်ပေါ့လေ။ မီဒီယာတွေကလည်း ပြောကြတယ်။ ဆွေးနွေးတာ၊ ကမ်းလှမ်းတာ ဘယ်နှစ်ကြိမ်ရှိနေပြီ ပြောနေကြတယ်။ အခုထိတော့ ကမ်းလှမ်းတာမရှိသေးပါဘူး။ ကော်မတီဖွဲ့ထားတာပဲ ရှိပါသေးတယ်။ ဟိုအရင်က ကမ်းလှမ်းတယ်ဆိုတာကလည်း ဒီဘက်မှာရှိတဲ့ ဥက္ကဌကို လမ်းမှာတွေ့တုံး ကမ်းလှမ်းလာတာဖြစ်တယ်။ လာပြီးတော့ ကျနော်တို့အဖွဲ့ကို ဖျက်ဆီးပေးပါမယ်။ ဘယ်နာမည်နဲ့လုပ်မလဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြုလုပ်ကြမယ်။ တကယ့်တကယ် ပါတီနှစ်ခုပေါင်းစည်းမယ်ဆိုရင် အပြန်အလှန်ယုံကြည်မှုနှင့် ကမ်းလှမ်းရမှာဖြစ်တယ်။ အဲဒီလိုမျိုး ကမ်းလှမ်းပြီးမှ ပါတီနှစ်ခုပေါင်းစည်းရေးဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းရမှာဖြစ်တယ်။ အဆင့်ဆင့်ဆွေးရမှာဖြစ်တဲ့အတွက် ပါတီနှစ်ခုပေါင်းစည်းဖို့ အခုလောလောဆယ်တော့ မဖြစ်နိုင်သေးပါ။

http://arakantimes.net/burmese/index.php/2012-02-21-02-29-39/446-2012-09-15-18-35-47

No comments:

Post a Comment