Wednesday 25 July 2012

အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် လူမျိုးစုပဋိပက္ခကြောင့် လူ ၅၀,၀၀၀ ကျော် ထွက်ပြေးခဲ့ကြရကြောင်း ရဲတပ်ဖွဲ့ပြောကြား


ပဋိပက္ခဖြစ်ပွားနေသော ကိုကရာဂျားခရိုင်မှ နေအိမ်စွန့်ခွာထွက်ပြေး
လာရသော ဘိုဒိုလူမျိုးစုများကို ဇူလိုင်လ ၂၃ ရက်က တွေ့ရစဉ် Photo:AFP
 Wednesday, 25 July 2012 23:18

အိန္ဒိယ အရှေ့မြောက်ဘက် အာသံပြည်နယ်တွင် ဘိုဒိုလူမျိုးစုအုပ်စုများနှင့် မွတ်ဆလင်အခြေ ချ နေထိုင်သူ များကြား မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူ ၅၀,၀၀၀ ကျော် ထွက်ပြေး ခဲ့ကြ ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


ဝေးလံခေါင်ဖျားသော အာသံပြည်နယ်တွင် လူမျိုးစု ပဋိပက္ခများကြောင့် ရွာသားအမြောက်အမြား အိုးမဲ့အိမ်မဲ့ ထွက်ပြေးခဲ့ကြရပြီး လူ ၂၁ ဦးသေဆုံးခဲ့သည်။ အာသံပြည်နယ် ကိုကရာဂျားခရိုင် (Kokrajhar) တွင် ဇူလိုင်လ ၂၀ ရက်နေ့က ဘိုဒိုလူမျိုးစုနှင့် မွတ်ဆလင် အခြေချနေ ထိုင်သူများကြား ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ပဋိပက္ခများ ထိန်းချုပ်ရန်ကြိုး ပမ်းသည့်အနေဖြင့် ရဲတပ်ဖွဲ့က အဓိကရုဏ်းတွင်ပါဝင်သူဟု သံသယရှိသူ များ ကို တွေ့သည်နှင့်တစ်ပြိုင်နက် ပစ်ခတ်ရန်အမိန့်(shoot-on-sight) ထုတ်ခဲ့သည်။

''ပဋိပက္ခတွေ ရပ်တန့်ဖို့အတွက် ပစ်မိန့် ထုတ်ထားပါပြီ။ ဒေါသကြီးနေတဲ့ လူစုတွေက ဆိုင်တွေ၊ အိမ်တွေကို မီးရှို့နေကြပါတယ်''ဟု အာသံပြည်နယ်ရဲချုပ် အက်စ်အင်န်ဆင်းက ပြောကြားခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ၊ ပြည်သူ့စစ်များ တိုးမြှင့်ကင်းလှည့်နေပြီး ပြည်နယ် နေရာ အများအပြားတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာသံပြည်နယ် အဓိကမြို့ ဂူဝါဟာတီ၏အနောက်ဘက် ၁၃၅ မိုင် (၂၂၀ ကီလိုမီတာ) အကွာတွင်ရှိသော ကို ကရာဂျားခရိုင်သည် ဘူတန်၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ အတွက် ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။
Ref:AFP
----------------------------
မူရင်း။  ။http://www.news-eleven.com/index.php?option=com_content&view=article&id=14729:2012-07-25-17-07-05&catid=49:asia&Itemid=118

No comments:

Post a Comment