မြို့ကလေးဟာ
အရင်တုန်းက နာမည်ကြီး ရုပ်ရှင်မင်းသမီး တစ်ယောက် ရဲ့ ပထမဆုံးကားမှာ
နာမည်ကြီးဖူးတယ်။ အဲဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီ ချင်းကို မြန်မာတစ်နိုင်ငံလုံးက
သိကြတယ်။
သီချင်းနဲ့အတူ မြို့ကလေးလည်း
ရွှင်ပျတဲ့ဝတ်စုံကို ခြုံလွှမ်းလို့။ မြို့ကလေး လည်း ဇာတ်ကားပြတဲ့ ရုံရှေ့မှာ
မတ်တတ်ရပ်ရင်း ပြုံးပြုံးကြီး ကြည့်လို့ ပေါ့။ အဲဒါက လွန်လေပြီးသောအခါက
ဖြစ်ပါတယ်။ “မြို့သူတွေက အပျိုကြီးတွေ များတယ်”ဒီမြို့ကို အလည်အပတ်ရောက်နေတဲ့ အညာ သူ ကောင်မလေးဟာ ယောင်တောင်တောင်နဲ့ မြို့ထဲကတန်ဆောင်း တစ်ခုမှာလုပ်တဲ့ ပရိတ်စုပေါင်း ရွတ်ပွဲကို ရောက်နေတယ်။
တန်ဆောင်းနဲ့ အပြည့် ယောဂီဝတ်စုံ ဆင်တူမြို့သူဖြူ ဖြူချောချောတွေကို
တအံ့တသြ ငေးလို့ပေါ့။ အသားအရေတွေက ၀င်းဝင်း၊ မျက်နှာတင်း တင်း၊
ဟန်တစ်ခွဲသားနဲ့ အပျိုချောတွေလေ။
“ဟိုးထိပ်က ဖွားခင်က အသက် ၇၀ ကျော်
အပျိုကြီး။သူ့နားက အုပ်စုအကုန်လုံး အပျိုကြီးတွေပဲ။ အလယ်နားက ဒေါ်ကျင်မြက
ငါးဆယ်ကျော်၊ ခြောက်ဆယ် သူတို့လည်း အပျို ကြီးပဲ။ ဟိုနားက ခင်ခင်တို့
နွယ်နွယ်တို့ သုံးဆယ်ကျော်လေးဆယ် အုပ်စုကလည်း ကျွန်မတို့နဲ့တစ်
ရွယ်တည်းတွေ၊ အားလုံး သန့်သန့်ရှင်းရှင်း အပျို ကြီးတွေပဲ”
အတူတူ
လိုက်ပို့တဲ့ အစ်မကြီးက လက်ညှိုး တညွှန်ညွှန်နဲ့ ပြပြပြီး ပြောတော့
ကောင်မလေးမှာ တအံ့တသြငေးလို့။ စိတ်ထဲမှာလည်း ကလိကလိ တကျိကျိနဲ့
မေးချင်လိုက်တာ။ တစ်မြို့လုံးလောက် နီးပါး အပျိုကြီးတွေ ဒီလောက်ပေါနေတော့
ဧကန္တ မြို့ကလေးသားတွေက မြို့ကလေးသူတွေကို မျက်စိထဲမှာ မရှိကြဘူးလားလို့
ကောင်မလေးက သူတို့မသိအောင် တိတ်တိတ်ကလေး တွေးနေမိ တယ်။ ဟုတ်မှာပါ။
ရှေ့ဆုံးမှာ ရေစက်ခွက် ရှေ့ချထိုင်တဲ့ ခေါင်းဖြူဖြူ၊ တိုက်ပုံဖြူဖြူနဲ့ လူ
ကြီးဘေးမှာ ပုံ့ပုံ့ကလေးထိုင်နေတာ ရန်ကုန်သူ တဲ့။ မြို့ကလေးသားဘေးမှာ
တကယ်တမ်း ရှိရမှာက မြို့ကလေးသူဖြစ်မှ သဘာဝကျမှာပေါ့လို့ ကောင်မလေးက ထင်တယ်။
ဒါပေမဲ့ ဘယ်လိုတိ တိကျကျ လွဲချော်မှုတွေ ဖြစ်နေတာလဲ မသိဘူး။ မြို့ကလေးသူတွေ
အားလုံး လိုလိုကတော့ ဂုဏ်ယူစရာ အပျိုစင်စစ်စစ်တွေ ဖြစ်လို့လေ။
မနက်ဆိုရင် လေးနာရီ မထိုးခင်မြို့သူ အပျို ချောတွေက အပြေးပြိုင်ပွဲ
ကျင်းပကြပြန်ရော။ သူတို့ရဲ့ပြိုင်ပွဲကို မြို့ကလေး ရောက်ခါစ ကောင် မလေးက
တအံ့တသြ မနက်အစောကြီးထ စောင့် ကြည့်နေတယ်။ အိမ်တိုင်း၊ အိမ်တိုင်းက လေး
နာရီမထိုးခင် ဆွမ်းတော်ပွဲတွေ ကိုယ်စီနဲ့ တံခါးဖွင့် ထွက်လာကြတဲ့ အပျိုတွေ
လည်ပင်းမှာ၊ ပခုံးပေါ် မှာ၊ ယောဂီတဘက်၊အိန်္ဒိယတဘက်၊ တရုတ် ခြုံစောင်၊
ရောင်စုံတွေ တဖိတ်ဖိတ်နဲ့ ဆွမ်းပွဲလေး က ယွန်းဗျပ်တွေပါမယ်။ ငွေရောင်၊
ရွှေရောင်တွေ တလက်လက်နဲ့ သောက်တော် ရေခွက်တွေ၊ ဆွမ်း ပွဲတွေ၊
သစ်သီးဆွမ်းတွေ၊ မုန့်ဆွမ်းတွေ တဖျတ် ဖျတ် ခုန်လုနီးပါး သူတို့ပြေးကြတယ်။
“အယ်၊ နောက်ကျပါပြီတော်”
“ညက အိပ်မပျော်လို့ မနက်အစောကြီး မနိုးတာ”
သွားရင်းလာရင်း စကားပြောရင်း ခြေထောက်က ခြေကုန်သုတ်ကြတာ၊ ဘုရားကြီး
တံခါးလေးနာရီ အဖွင့်ကိုမီအောင် အပြေးပြိုင်ကြ တယ်။ ပြီးတော့ ဘုရားကြီး
ရှေ့မှောက်မှာ ဆွမ်းတော်ကပ်ကြတယ်။ ပြိုင်ပွဲဝင်စာရင်းမှာ မပါတဲ့ အညာသူကတော့
စိတ်ထဲက ရယ်ချင်ချင်ဖြစ်မိ တယ်။ ဘာလို့များ အလုအယက် ပြေးကြတာပါ လိမ့်။
ဖြည်းဖြည်း လျှောက်လည်းရသားနဲ့။ အတူ ပါ လာတဲ့ ဦးလေးက “တို့ မြို့သူတွေက
ဒီလိုပဲဟ၊ ဘုရားက နောက်ကျရင် ဆွမ်းမကပ်ရဘူး လို့ မှာထားတာ ကျနေတာပဲ။
ပြောရတာလည်း ငရဲကြီးပါ့ဟာ”လို့ မှတ်ချက်ချ ပေးဖူးတယ်။ အညာသူ ကောင်မလေး
ကတော့ သူ့စကားကို သတိမပြုမိဘူး။ နံနက်ရဲ့ ရောင်နီဦးအောက်မှာ ရက်ရက်စက်စက်
လှနေတဲ့ ရှုခင်းတွေကို တမေ့တမြော ငေးနေမိတယ်။ ထန်း ပင်လေးတွေ စီတန်းနေတဲ့
ဘုရားလမ်းက ကောင် မလေးကို ဖမ်းစားလိုက်တာ။ဟိုးအဝေးတောင်စဉ်
တောင်တန်းတွေရယ်၊ အညာမှာ မတွေ့နိုင်တဲ့ စိမ်းလန်းစိုပြည် ပတ်ဝန်းကျင်ရယ်၊
အမြဲတမ်း ရေကြည် စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေရယ် က ကောင်မလေးကို
အေးမြရွှင် လန်းစေလိုက် တာမှ မှန်စီရွှေချ တိုင်ကြီးတွေနဲ့ ခံ့ညားတဲ့ဘုရား
ရင်ပြင်တော်ပေါ်မှာ အကြာကြီး မနေနိုင်ဘဲ ပတ် ၀န်းကျင်နဲ့တစ်သားတည်း
နစ်မြုပ်သွားတယ်။ အောက်စီဂျင်အပြည့်နဲ့ လတ်ဆတ် သန့်ရှင်းတဲ့ ပင်လယ်လေဟာ
ကောင်မလေးကို လန်းဆန်းအား ပြည့်စေတယ်။
“ကောင်မလေး ရှုခင်းတွေချည်း ငေးမနေနဲ့၊ ငါ ဗိုက်ဆာပြီ။ ဈေးထဲမှာ မုန့်ဟင်းခါး သွားစားရအောင်”
“နေပါဦး ဦးလေးရာ။ ဒီမှာ ရှုခင်းတွေတောင် ကြည့်လို့ မ၀သေးဘူး”
“ဘာဆန်းလဲ။ ရေနဲ့မြက်၊ အပင်နဲ့တောင်နဲ့ ဒါပဲ နိစ္စဓူဝ ကြည့်နေတာ ဥစ္စာ။ ဘာများထူးဆန်း လို့လဲ”
“အမြဲစိမ်းနေ တာကိုက ထူးဆန်းနေတာ လေ။ သမီးတို့ဆီမှာဆို ဖုန်တွေနဲ့ အမြဲခြောက်သွေ့ နေတာ”
ဦးလေးက ဘာတစ်ခွန်းမှ မပြောဘဲ ပခုံး တွန့်ပြီးလျှောက်သွားလို့ ကောင်မလေး
လိုက်ခဲ့ရတယ်။ မြို့ထဲမှာ ကောင်မလေး သဘောကျတာ တစ်ခုရှိသေးတယ်။
အိမ်တိုင်းအိမ်တိုင်းရဲ့ အိမ် ရှေ့မှာရှိတဲ့ ရေဆိုးမြောင်းတွေဟာ ရေကြည်
တသွင်သွင် စီးနေတဲ့ ဖြစ်ရပ်ပဲ။ တစ်ခါတလေ ငါးလေးတွေတောင် ကူးခတ်
လာကြသေးတယ်။ ကောင်မလေးတို့မြို့က အမှိုက်တွေနဲ့ ပိတ်ဆို့ပြီး
ပုပ်စော်နံနေတဲ့ ရေဆိုးမြောင်း တွေနဲ့တော့ ကွာပါ့။ အတွေးတွေနဲ့
လျှောက်လာတဲ့ ကောင်မလေးကို ဦးလေးက လက်ကိုဆွဲလိုက်ပြီး-
“ဟိုမှာ အဲဒါဗိုလ်ကတော်ပေါ့”
“ဟင်”
“နင်ကလည်း အ လိုက်တာ၊ အဲဒါ ငါတို့မြို့ ရဲ့ ဗိုလ်ကတော်လေ။ ကြည့် ကြည့် ကလေးနှစ်ယောက်ကို လက်ဆွဲထားတာလေ”
ကောင်မလေး ကြောင်တောင်တောင်ဖြစ် သွားတယ်။ နားမလည်တဲ့ မျက်လုံးနဲ့
ဦးလေးကို ပြန်ကြည့်မိတယ်။ ဗိုလ်ကတော်လည်း ဘာဆန်း လို့လဲ။ ကောင်မလေး
အမြင်မှာတော့ ရိုးရိုးသာ မန်မိန်းမတစ်ယောက်၊ ကလေးတွေလက်ဆွဲပြီး
ဈေးဝယ်လာတာပဲ။ ငေးကြည့်ရအောင် မထူး ဆန်းပါဘူး။ သူများနဲ့
ဘာတွေများကွာနေလို့လဲ ဆိုတဲ့စိတ်နဲ့ တစ်ချက်ပြန်ကြည့်မိတယ်။ အင် ဟုတ်
သားပဲ၊ တစ်ခုခုတော့ သတိထားလိုက် မိသလိုပဲ လေ ဟုတ်တာပေါ့။ ဒီမိန်းမ
လျှောက်လှမ်းလာပုံ က ဘုရင်ကတော်တစ်ပါး ကြွချီလာသလို ခမ်းနားလွန်းတယ်။
မျက်နှာကိုမော့ပြီး ထီမထင်တဲ့ ပုံစံနဲ့ ရင်ကိုချီထားတယ်။
ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာလိုက်တာ သူ့ကိုလမ်းမှာ ရယ်ပြုံး နှုတ်ဆက်တဲ့
သူတွေကိုလည်း ဂရုမစိုက်ဘူး။ မာ နတစ်ခွဲသားမက တစ်တင်းပြည့်အောင် ရှိနေတဲ့
ပုံပဲလို့ ကောင်မလေး ကိုယ့်ဟာကိုယ် မှတ်ချက် ချရေးရင်း သူ့ကိုယ်ပေါ်မှာ
တစ်စုံတစ်ခုထပ်တွေ့ လိုက်လို့ တအားအံ့သြသွားတယ်။
“အမယ်လေးတော်
ရွှေတွေ”လို့ မအောင့် နိုင် မအည်းနိုင် ပါးစပ်က ထွက်သွားတော့မဲ့ အသံ ကို
မနည်းဘရိတ် အုပ်လိုက်ရတယ်။ ရွှေတွေ၊ ရွှေတွေ လက်မှာတစ်ဖက်စီ လက်ကောက်ငါးရန်
စီလောက်ရှိတယ်။ ဆွဲကြိုးက အနည်းဆုံးငါး ကျပ်သားလောက်ရှိပြီး ဗိုက်ပေါ်ကို
တဘတ် ဘတ်ရိုက်နေတယ်။ ခေါင်းက ရွှေဘီးကုတ်က လည်း အကြီးကြီးပဲ။ ကောင်မလေး
မှင်တက် ကြည့်နေတုန်း“ဈေးလာတာလား၊ စောစောက ဘုရားမှာ တွေ့လိုက်ပါတယ်”လို့
ရင်းရင်းနှီးနှီး နှုတ်ဆက်သံကြားတာနဲ့ လှည့်ကြည့်လိုက်တော့ အပျိုကြီး
ဒေါ်ကြင်မြကို ပြုံးရယ်နေတဲ့မျက်နှာ နဲ့ တွေ့လိုက်ရတယ်။
“ဟုတ်ကဲ့
မုန့်စားမလို့၊ သမီးလည်း ဒေါ် ဒေါ့်ကို ဘုရားမှာတွေ့ပါတယ်”လို့ ပြောရင်းသတိ
ထားကြည့်မိတော့ ဒေါ်ကြင်မြလည်း စောစော ကလို ယောဂီလုံချည်၊ ယောဂီတဘက်နဲ့
မဟုတ် တော့ဘူး။ အင်ဒိုနီးရှား ပါတိတ်အ၀ါတောက် တောက်နဲ့လည်ပင်းမှာ၊ လက်မှာ၊
ခေါင်းပေါ်မှာ ရွှေတွေကို အိလို့။ ဒီတော့မှ ကောင်မလေးကျန်တဲ့
မြို့ကလေးသူတွေကို သတိထားကြည့်မိတယ်။အမယ်လေး၊ ဈေးလာကြတာ၊
ရွှေပြိုင်ပွဲကျင်းပ နေကြသလိုပဲ။ အနည်းဆုံး တစ်ယောက်ကို တစ်ဆယ်သားဆီ
ကောင်းကောင်းကျော်ကြတယ်။ မုန့်ဟင်းခါးစားပြီး ပြန်လာတော့ ကောင်မလေး
ဦးလေးကို စကားတစ်ခွန်း ပြောမိတယ်။ “ဦးလေး ရေ၊ မြို့ကလေးသူတွေ
ဈေးလာစောင့်ပြီး ဓားပြ တိုက်ရအောင်”လို့ပေါ့။ ဦးလေးက တဟားဟား ရယ်တယ်လေ။
“တူဝရီးတွေ လက်ဖက်ရည်သောက်လာဦး ဟေ့”
လမ်းဘေးအိမ် တစ်အိမ်က အော်ခေါ်လို့ ကောင်မလေးတို့ ၀င်လိုက်ရတယ်။
အိမ်ထဲရောက် မှ အပျိုကြီးဖွားခင်တို့ အိမ်မှန်းသိတယ်။ အိမ်ရှင် တွေက
ရေနွေးကြမ်းအိုးချနေတုန်း ကောင်မလေး ထိုင်နေတဲ့ဖျာပေါ်ကို နှစ်နှစ်သား
၀၀တုတ်တုတ် ကလေးလေး တစ်ယောက် ဖင်ရွေ့ဖင်ရွေ့နဲ့ တိုး လာတယ်။ သူ့နောက်မှာ
ဂါဝန်ဝဲ၀ဲလေးနဲ့ သုံးနှစ် သမီးလေး တစ်ယောက် မျက်လုံးကြောင်ကြောင် လေးနဲ့
ကြည့်လို့။ ကောင်မလေးက ကလေးချစ် တတ်တယ်။ လက်ခုပ်လေးတီးပြီး နှစ်နှစ်သား
လေးကို လာပါဦးလို့လည်းခေါ် လိုက်ရောစွေ့ခနဲ ပေါင်ပေါ်ရောက်လာတယ်။
သုံးနှစ်သမီးလေးက ကောင်မလေးပေါင်နဲ့ အနီးဆုံးနေရာကို တိုးကပ် ထိုင်ပြီး
ကောင်မလေးကို မော့ကြည့်လို့ ကောင် မလေး လက်တစ်ဖက်က ကောင်လေးပါးကိုပွတ် ရင်း
လက်တစ်ဖက်က ကလေးမလေးကို ပွေ့ ဖက်မိသွားတယ်။
“မိဘမဲ့လေးတွေတော့ မိဘမဲ့လေးတွေ”
အနားမှာ မုန့်ပန်းကန်ချရင်း လာထိုင်တဲ့ ဖွားခင်နဲ့ မိန်းမကြီးတွေ ကြားက အသံတစ်သံ ထွက်လာတော့ ကောင်မလေးရင်ထဲက ကျင်နေ အောင်နာသွားတယ်။
“ဟင် ဘာလို့ ဆုံးကုန်ကြတာလဲ”
ကောင်မလေးရဲ့ တုန်တုန်ရီရီ အမေးကို တစ်ယောက်မှ မဖြေကြဘူး။ အသံတွေတိတ်နေ တယ်။ ခဏကြာမှာ ဦးလေးက လေသံခြောက် ကပ်ကပ်နဲ့-
“ဟိုဒင်းဟာ သူ့မိဘတွေက မသေကြသေးပါဘူး။ ဒါပေမဲ့ ဒီမှာမရှိဘူး။ ဟိုတစ်ဖက်ကမ်း မှာသွား အလုပ်လုပ်နေကြတာ”
“သြော် နိုင်ငံခြားမှာပေါ့။ ဒါဆိုသူဌေးပေါ့၊ ပြီးတော့ ပြန်လာကြမှာ မဟုတ်လား”
အသံတွေ တိတ်သွားကြပြန်တယ်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး မဖြေကြဘူး။
အကြာကြီးနေမှ-
“အင်း ဒီမှာလည်း လုပ်စားမရ။ ဟိုဘက်မှာ ကျတော့လည်း လင်ရော၊ မယားရော
ကုန်းကျုံး လုပ်နိုင်မှ စားလောက်ရုံရတာပါ။ သူဌေးဖြစ်ဖို့ နေနေသာသာ
မွေးလာတဲ့ကလေးတောင် ကြီး ပြင်းအောင် မွေးမရလို့ ဒီဘက်ပြန်ပို့ရတာ
ဆိုင်ကယ်ကယ်ရီနဲ့လေ”
“ရှင် ဆိုင်ကယ် ကယ်ရီနဲ့”
ကောင်မလေး နားထဲမှာ ခါးသီးသွားတယ်။
“ဟုတ်တယ် ကလေးမ။ ငါ့ချွေးမဆိုရင် လေးဆယ့် ငါးရက်သားလေးကို ပါးစပ်ထဲ
အိပ်ဆေးအစက်ချ ထည့်ပြီး ကလေးပိုးဝတ်နဲ့ ဆိုင် ကယ်ကယ်ရီပေါ် တင်ပေးလိုက်ရတာ။
ဒီ ကလေးတွေဟာ ဆိုင်ကယ်နဲ့ မိုင်ပေါင်းများစွာ ခရီးကြမ်းနှင်ပြီး
တို့ဆီရောက် လာတာအေ့”
ကောင်မလေး ပါးစပ်အဟောင်းသား ဟ သွားတယ်။
ကြားလိုက်ရတဲ့ စကားတွေ က သံရည်ပူတွေလို နားဝကိုဖြတ်ပြီး အသည်း နှလုံးကို
လောင်ကျွမ်းသွားတယ်။ ရင်ခွင်ထဲက ကောင်လေးကို သနား ကြင်နာခြင်းကြီးစွာနဲ့
ငုံ ကြည့်မိတော့ သူ ပါးလေးပွတ်ပေး နေတာကို ကြည်ကြည်နူးနူး ငြိမ်ခံနေတယ်။
ကောင်မလေး ကလည်း ကြောင်လေးတစ်ကောင်လိုပဲ ကွေး ကွေးလေး ပုလို့။
“ဖွားခင် ရှင့်မြေးတွေ ခေါ်ပါဦး။ ဧည့်သည် အနေခက်နေပြီ”
“အို ရပါတယ်။ နေပါစေ”
ဦးလေးက ရေနွေးကြမ်း တစ်ခွက်ငှဲ့ရင်း
“ဒီက အဘွားတွေ၊ အဒေါ်တွေ၊ ကြီးဒေါ် တွေကလည်း အပျိုကြီးတွေလေ။
စားဖို့သောက်ဖို့ ရှာရတာက တစ်ဖက်ဆိုတော့ ဒီကလေးတွေကို ကျွေးနိုင်၊
မွေးနိုင်တယ်။ ထိန်းကျောင်းပြီး ပွတ် သီးပွတ်သပ် လုပ်ဖို့တော့
အချိန်မရဘူးဟာ။ အမေ့ ရင်ခွင်မှာ မနေရတဲ့ ကလေးတွေဆိုတော့ ဒီလိုယု ယပွေ့
ဖက်ထားမဲ့သူကို မျှော်နေကြတာလား”
ဦးလေးရဲ့ မှတ်ချက်က ကောင်မလေးရင်ကို ထိုးခွဲလိုက်သလိုပဲ။
“ဒါနဲ့ မောင်ငယ်ရယ်၊ လေးရပ်ကွက်ထဲက ဆိုင်ကယ်ကယ်ရီနဲ့ ပို့လိုက် တဲ့
မလှရင်သားလေး ဆေးများသွားလို့တဲ့။ နှစ်ရက်ခွဲလောက် အိပ်ပျော် နေပြီး
မနေ့ကမှ နိုးလာတာတဲ့။ သူ့အဒေါ်ဆို ငိုလိုက် ရယ်လိုက်ဖြစ်နေတာ။ အနားက လူတွေကဟ
အပျိုကြီး အေးကြည်မ ကလေးမသေဘဲ နင် သေနေ ပါဦးမယ်လို့ ပြောနေရတယ်”
သူတို့ အသံတွေဟာ အညာသူ ကောင်မ လေးနားထဲမှာ လျှံထွက်နေတယ်။ လူဆိုတာ
ဝမ်းဝရုံတော့ ရတာပေါ့။ ၀မ်းဝရုံနဲ့ မတင်းတိမ်နိုင် ဘူးလို့
အပြစ်တင်လို့လည်း မဖြစ်။ ၀မ်းဝရုံအပြင် ခါးလှချင် ကြသေးတာ မဟုတ်လား။ ဟိုဘက်
ကမ်းကို စွန့်စားသွားကြတဲ့ မိဘတွေကို ဒီမှာမနေ နိုင်ကောင်းလားလို့လည်း
လက်ညှိုးမထိုးချင်ဘူး။ သူ့ရဲ့ပါးလေးကို ပွတ်ပေးမှုအောက်မှာ ငိုက်မြည်း
နေရှာပြီဖြစ်တဲ့ ကလေးလေးကို မျက်ရည်လည်လည်နဲ့ ငုံ့ကြည့်မိတယ်။ မိဘရှိလျက်
မိဘမဲ့နေ ကြသူလေးတွေ၊ မြို့လေးက ဆွေမျိုးတွေကို သူတို့ လက်လေးတွေနဲ့
အတင်းအဓမ္မကုပ်တွယ် ထားကြရရှာတာ။ မြို့လေးက အပျိုကြီးတွေက လည်း
ဆီးကြိုပွေ့ဖက်လို့ပေါ့။ ဒီလက်ကလေး တွေ ခိုင်မြဲကြရှာပါ့မလား။
“ဒီလိုကလေးတွေ ဘယ်နှယောက်လောက် ရှိပြီလဲဟင်”ကောင်မလေး အသံက တိမ်တိမ် ကလေးရယ်။
“အိုး များပါ့။ ဟိုဘက်အိမ်မှာ ချိုသဲ။ တစ်အိမ်ကျော်မှာ ကိုတူး၊ လမ်းထိပ်အိမ်က ဇာဇာတို့မောင်နှမ၊ ပြီးတော့...”
ဖွားခင်အသံကို ဥပေက္ခာပြုလိုက်တယ်။ ကောင်မလေး အတွေးထဲမှာ ညနေစောင်း တိမ်
တောက်ချိန်ရောက်ရင် တစ်ယောက်ကို ကလေး ပိုးဝတ်နဲ့ ရင်ခွင်ထဲမှာ ထည့်မယ်။
ကျန်တဲ့ကလေး တွေ လက်ဆွဲမယ်။ စမ်းချောင်းလေးကို ကျော် မယ်။ လယ်ကွင်းလေးကို
ပတ်မယ်။ တောင်တန်း တွေကို မျှော်ငေးကြည့်ကြမယ်။ ရတဲ့သီချင်းကဗျာ တွေ
ရွတ်ကြမယ်။ ၀င်လုဆဲဆဲ နေလုံးကြီးကို နှုတ်ဆက်ကြမယ်။ မြို့ကလေးကို ရောက်တုန်း
မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်ရမှာပေါ့။ ဒါမှ တာဝန်ကျေမယ်လို့
ကောင်မလေးထင်တယ်။ တွေးကြည့်ရုံနဲ့တင် ပျော်လိုက်တာကွယ်။ အိုကြည့် ဦး၊
ကလေးလေးက ကောင်မလေးပေါင် ပေါ်မှာ အိပ်ပျော်နေလိုက်တာ။ တခူးခူးများတောင်
ဟောက်လို့ပါလား။
ယဉ်ယဉ်နု၊မန္တလေး၊
(Teen Magazine October 2012)
http://shweamyutay.com/index.php?option=com_content&view=article&id=4484:2012-10-26-12-36-33&catid=105:2008-06-08-20-03-14&Itemid=660
|
No comments:
Post a Comment