Thursday 22 November 2012

မည်သို့ပင်ဖြစ်စေ ဆုံဆည်းခွင့်ရှိသည်




အဲကွန်း အကူအညီဖြင့် စိမ့်နေအောင် အေးသော အရောင်းဆိုင် အတွင်း တွင် ငြိမ်သက်ခြင်းကသာ လွှမ်းမိုးလျက်ရှိသည်။ တပ်ဆင်ထားသော တိုင်ကပ်နာရီမှ နေ့လယ်နာရီတိတိဆိုသော အချိန်ကို ညွှန်ပြလျက် ရှိပြီဖြစ်၏။
အခန်း၏ အပြင်ဘက် လမ်းမကြီးနှင့် ၀န်းကျင် အနီးတစ်ဝိုက်တွင်တော့ ပူပြင်းလှသည့် အရှိန်အဟုန်ကို ခံစားနိုင်မည် ထင်သည်။ စင်ပေါ် တွင် ဈေးဝယ်တချို့ ကြည့်သွား၍ နေသားတကျ မဟုတ်တော့သော ဖိနပ် များကို စနစ်တကျဖြစ်အောင် စီလိုက်မိသည်။ အပြင်ဘက်သို့ ကျွန်တော် တစ်ချက်ဝေ့ကြည့်မိ၏။ လမ်းမထက်တွင် ဥဒဟိုသွားလာနေသည့် ယာဉ်ပေါင်းစုံကို အမြင်အာရုံတွင်တွေ့ ရ ၏။

သူမများ ရောက်လာမလားဟု လျော့ရဲရဲ မျှော်လင့်မှုဖြင့် စိတ်ကူးကြည့်မိသည်။ ဤနေ့သည် လဆန်း ၈ ရက်နေ့ဖြစ်၏။ သူမ ရောက်လာဖို့ သည်မည်သို့မျှ မဖြစ်နိုင်ပါ။ သို့ပေမဲ့ မသေချာသည့် မျှော်လင့်မှုတချို့ဖြင့် ကျွန်တော် မကြာမကြာ တံခါးပေါက်သို့ မျက်လုံးဝေ့ကြည့်မိသည်။ မြင်ရသည့် ဈေးဝယ်သူတချို့တွင် သူမနှင့် တူသူဟူ၍ ယောင်လို့တောင် ပါမလာခဲ့ပါ။ နွေရာသီ၏ ပူပြင်းလှသော ယခုလိုနေ့လယ်ခင်းမျိုးတွင် သူမအပြင် ထွက်ပါမည်ဟု အပိုင်ပြော၍ ရနိုင်မည်လား။ ထိုသို့ တွေးလိုက်မိပြန်တော့ ဖြူဝင်းလှသော သူမ၏ အသားအရေ ခပ်စိုစိုကိုသာ ကျွန်တော့် မျက်လုံးထဲတွင် ပေါ်လာလေသည်။ စိတ်ထဲတွင် အေးလွန်းလှသည်ထင်သည်မို့ အဲကွန်းကို အနည်းငယ်လျှော့လိုက်၏။ “ကျွန်မက အပူဒဏ်မခံနိုင်ဘူး။ နေပူထဲဆို မဖြစ်လောက်မှ သာထွက်ဖြစ်တာ၊ အေးတာကို ဘယ်လောက်ဖြစ်ဖြစ် ခံနိုင်ရည်ရှိတယ်”ဟု သူမပြောခဲ့သေးသည်ကို အမှတ်ရသည်။ အပူအပင်မရှိ ပြည့်စုံစွာ ကြီးပြင်းလာသော  လူကုံထံ အသိုက်အ၀န်း တစ်ခုမှ သူမလို မိန်းကလေး တစ်ယောက်နှင့် နိုင်ငံခြားဖြစ် ဖိနပ်ဆိုင်တစ်ခုတွင် အရောင်းစာရေး အဆင့်သာဖြစ်သော ကျွန်တော်သည် ခံနိုင်ရည်ချင်းကွာခြား မည်ပင်။

လောကတွင် ထင်မှတ်မထားသော အဖြစ်အပျက်များ ဖြစ်ပျက်တတ်သည်ဟု ကျွန်တော် ယခင်အချိန်က မတွေးမိခဲ့။ အယုံအကြည်မဲ့လွန်းသည် မဟုတ်ဘဲ ကျွန်တော် ကြုံတွေ့ခဲ့သမျှ ကိစ္စများသည် မထူးဆန်းလှသော သာမန်ဖြစ်စဉ်များသာ။ သူသာ ကျွန်တော်ရှိသော STRANGE ဆိုသည့်ဖိနပ် ဆိုင်သို့ ၀ယ်သူအဖြစ်နှင့် ရောက်ရှိမလာခဲ့လျှင် မနက်ခင်းကိုးနာရီမှ ညနေငါး နာရီအထိ ဖိနပ်ဆိုင်တွင် အရောင်းစာရေး တာဝန်ကို ထမ်းဆောင်ရင်း ဖိနပ်ဆိုင် နှင့် ကျွန်တော်နေထိုင်ရာ အဆောင်သို့ သွားလိုက်     ပြန်လိုက်လုပ်ခြင်းနှင့်သာ ကျွန်တော်၏ နေ့ရက်တိုင်းကို ကုန်လွန်ရသည်သာ များခဲ့လေသည်။
အဆောင်သို့ ပြန်ရောက်ချိန်၊ ညစာစားပြီးသည့်နောက် တစ်ခါတစ်ရံ ဇာတ်လမ်းကြည့်ဖြစ်၏။ အချို့ရက်တွင် လက်ဖက်ရည်ဆိုင်၏ များပြားလှ သော စကားဝိုင်းများအကြားတွင် သူငယ်ချင်းတချို့ နှင့် ခေတ်၏ ထင်ပေါ်မှု ပြယုဂ်များကို အမြင်ချင်းရှုမြင်သုံးသပ်ကြ၏။ သို့သော် ဘယ်အခါမှလည်း တစ်ယောက်နှင့် တစ်ယောက် တူညီစွာသဘောထား တိုက်ဆိုင်ခြင်းမရှိခဲ့ပေ။ တစ်ယောက်က ချစ်သုဝေ၏ ဒီဇိုင်းအကြောင်း စကားစ မေးမြန်းမိလျှင် အခြားတစ်ယောက်က Lady Gaga အကြောင်း စကားဝိုင်းထဲ ဆွဲသွင်းချင်သွင်းမည်။ တစ်ယောက်က သူ၏ အလုပ်မှ အခက်အခဲအား ရင်ဖွင့် တိုင်ပင်လာလျှင် အခြား တစ်ဦးက ရန်ကုန်မြို့ရှိ Shopping Centerများတွင် ပူးတွဲဖွင့်လှစ်လာကြသော IT Mall များအကြောင်း ရောက်ချင်လည်း ရောက် သွားနိုင်သည်။ အနည်းအကျဉ်းတော့ ဟာသဆန်မည် ထင်၏။ သို့သော်အဆောင်မှ သူငယ်ချင်းတချို့ နှင့် လက်ဖက်ရည်ဆိုင် ထိုင်ဆွေးနွေးဖြစ်ကြသည်မှာ အစီအစဉ်တကျမ ရှိသော ရောက်တတ်ရာ ရာခေါင်း စဉ်များသာဖြစ်ပါသည်။
အလုပ်နားရက်ဖြစ်သော အချို့ ညနေခင်းများတွင် တက္ကသိုလ် လမ်းမကြီး အနီးရှိ နာမည်ကြီးလှသော မုန်ဟင်းခါးဆိုင်တစ်ခုတွင် သူငယ်ချင်းတစ် ယောက်ယောက်နှင့် မုန့်ဟင်းခါးသွားစားဖြစ်သည်။ ထိုဆိုင်သို့ အဖော်နှင့် သွားစားဖြစ်သည့် အကြိမ်အရေအတွက်သည် သတိတရ ဖြစ်စေလောက်အောင် ပင် နည်းပါး၏။ အဆောင်မှ သူငယ်ချင်း အများစုသည် မုန့်ဟင်းခါး မကြိုက်ကြပါ။ သို့ပေမဲ့ ရံဖန်ရံခါ အချိန်တွင်တော့ စားတတ်၏။ ထိုအချိန်သည် လည်း အတိအကျ ရည်ညွှန်း၍ မရတတ်။ သူတို့ စိတ်ကူးပေါက်မှသာ ဖြစ် ၏။
ထိုတစ်ရက်သည် သူငယ်ချင်းတစ်ယောက် မုန့်ဟင်းခါး စားချင်စိတ် ပေါက်၍အဆောင်နှင့် မုန့်ဟင်းခါးဆိုင်သို့ လမ်းလျှောက်လာပြီး ထိုင်နေခဲ့ သောနေ့တစ်နေ့ဖြစ်သည်။ အနည်းငယ်တော့ ထူးဆန်း သည်ဟု ကျွန်တော်ထင် ပါသည်။ ဘေးစားပွဲမှ ကောင်မလေး နှစ်ယောက်၏စကားသံသည် ကျွန်တော့် သိလိုစိတ်ကို နှိုးဆွပေးခဲ့သည်ဖြစ်၏။ သူမတို့ ဆွေးနွေးနေခဲ့သည့် အကြောင်း အရာသည် သူမတို့နှစ်ဦးထဲမှ ချစ်စဖွယ် ကောင်မလေးတစ်ယောက်၏ ချစ်သူ အတွက် မွေးနေ့လက်ဆောင် ဘာပေးရမည်နည်း ဟူသော ခေါင်းစဉ်ပင်ဖြစ်သည်။ ချစ်စဖွယ်ဖြစ်သော ကောင်မလေး၏ပုံစံသည် အနည်းအကျဉ်းခေတ် ဆန် သည်ဟု ပြော၍ရ၏။ နောက်ဆုံး သူမတို့နှစ်ယောက် ရွေးချယ်လိုက်သော အရာသည် နိုင်ငံခြားဖြစ် အမျိုးသားစီး ဖိနပ်တစ်ရံပင်ဖြစ်လေသည်။

အလွန်ပူလောင်သည် မဟုတ်သော်လည်း အပြင်ထွက်လျှင် ပူသည်ဟု ပြော၍ရနိုင်သော နွေ ရာသီ ၏ နေ့ခင်းအချိန်တွင် ကျွန်တော့်အတွက် အမှတ်တရ ဖြစ်စရာများနှင့် သွယ်ဝိုက်စွာပတ် သက်သော ဖိနပ်တစ်ရံကို ရောင်းချခွင့်ရခဲ့၏။ ထိုဖိနပ်ကို သူမလာရောက် ၀ယ်ယူလိမ့်မည်၊ ကျွန်တော် အလုပ်လုပ်ရာ ဖိနပ်ဆိုင်သို့ ရောက်လာ ခဲ့လိမ့်မည်ဟုလည်း ကျွန်တော်အတွေးထဲတွင် မရှိခဲ့။ မုန့်ဟင်းခါးဆိုင် တွင် တွေ့ဆုံပြီး မကြာလှသောရက်ပိုင်းအတွင်း ပြန်လည် တွေ့ဆုံကြခြင်း ဖြစ်လေသည်။။“သူ ကြိုက်မှာပါနော်”ဆိုသော သူမ၏ချိုလွင်သည့် စကားသံသည် သူငယ်ချင်း နှင့်ကျွန်တော် မည်သူ့ကို ရည်ရွယ် ပြောဆိုခဲ့သည် လည်း မတွေးတတ်ခဲ့ပါ။ ထိုနေ့တွင် နောက်တစ် ခေါက် သူမကိုမြင်ခဲ့လျှင် မှတ်မိနိုင်လောက်အောင် အထိ ကျွန်တော်၏ မှတ်ဉာဏ်ကစွဲထင်သွားခဲ့သည်။ နောက်တစ်ကြိမ် ပြန် လည်တွေ့ဆုံသော အခါ သူမကို ကျွန်တော် ကောင်းစွာ မှတ်မိနေခဲ့ပြီ ဖြစ်သည်။
"အစ်ကိုတစ်ဝမ်းကွဲအတွက် လက်ဆောင်ပေးချင်လို့ပါ၊ ယောက်ျားလေးတွေ အခုနောက် ပိုင်း ဘယ်လိုပုံစံစီးနေကြတာလဲ သိပ်မသိတော့ အဆင်ပြေမဲ့အထဲကပဲ ပြပေးပါ”ဟုတောင်းဆိုသော စကားစု အတွက် ကျွန်တော် ရွေးချယ်ပေးခဲ့ သည်မှာ အင်ဒိုနီးရှားနိုင်ငံဖြစ် ခပ်ပါးပါးဖိနပ် တစ်ရံသာဖြစ်၏။ သူမအစ်ကို ဆိုသူကြိုက်မကြိုက် မသိပေမဲ့ သူမ ရွေးချယ်ခဲ့သော ဖိနပ်အရောင် သည် ကျွန်တော်စီးထားသော FLAGIO တံဆိပ် ဖိနပ်၏ အနက်ရောင်ခပ်ပြေပြေပင်။

မိုးသက်လေ အနည်းငယ်ရောနှောသည့် ညနေခင်းတစ်ခုတွင် ကျွန်တော်နှင့် သူမမိတ်ဆွေ အဆင့် သို့ ရောက်ရှိခဲ့သည်။ အဆောင်နှင့် ၁၀ ပြ မျှသာ ဝေးသောဖိနပ်ဆိုင်မှ အပြန်ခရီးအတွက် အချို့ရက်များ တွင် ယခင်ကလည်း လမ်းလျှောက် ပြန်နေကျဖြစ်၏။ စက်ဘီးနှင့် လာသည့်အခါ ဒါမှ မဟုတ် သူငယ်ချင်း တစ်ယောက် လိုက်ပို့သည် အခါမှ လွဲလျှင် လိုင်းကားမစီးဘဲ လမ်းလျှောက် ပြန်ရသည်ကို ကျွန်တော် နှစ်သက်ပါသည်။ မကြာခဏလည်း ကျွန်တော် လုပ်နေကျ အကျင့် တစ်ခုပင်။ ခပ်ဖွဲဖွဲ မိုးစက် တချို့ ရွာသွန်းလျက်၊ ဖုန်နှင့်သဲများ လွင့်စဉ်သွားအောင် တိုက်ခတ်လျက် ရှိသည့် လေခပ်ပြင်းပြင်း အခြေအနေတွင် ကျွန်တော် လျှောက်လျက်ရှိသော လမ်းဘေးသို့ တောက်ပသော ခေတ်မီကားတစ်စင်း လာရပ်လေ သည်။

“ကိုမင်းညီချို၊ အဆောင်ကို ကျွန်မလိုက်ပို့ ပေးပါရစေ”
သူမ၏ ထိုစကားသံသည် ကျွန်တော့် အကြားအာရုံတွင် လှိုင်းတစ်ခု အဖြစ်ဖြတ်သန်း သွားသည့်တိုင် အချိန်ခဏလေးတော့ သူမကို ကျွန်တော် ငေးကြည့်နေမိ ခဲ့သေး၏။ ထိုဖြစ်စဉ် များ၏ နောက်ပိုင်းတွင် ကျွန်တော့် အတွက်အံ့သြ စရာချည်း။ ကျွန်တော့် အလုပ်နားရက်များတွင် အဆောင်သို့ သူမလာရောက် တွေ့ဆုံရင်း တစ်နေ ရာရာသို့ သွားဖြစ်ကြ၏။ ထို့ထက်ပို၍ထူးခြား သည်မှာ လတစ်လ၏ ၁၅ ရက်နေ့ ၀န်းကျင်တွင် ကျွန်တော့်ဖိနပ်ဆိုင်သို့ ပုံမှန်လာရောက် ၀ယ်ယူ တတ်လေသည်။ ၀ယ်ယူသောပုံစံသည် ၂ လ ကြာလျှင် တစ်ကြိမ်ဖြစ်၏။ ကျွန်တော် အလုပ်ရှိ ရာဖိနပ်ဆိုင်သို့ သူမ အကြောင်းအရာတစ်ခုဖြင့် လာရင်း အဆောင်သို့ အခြေအနေတစ်မျိုးဖြင့် တွေ့ဆုံရင်း ရင်းနှီးမှုသည် အတော်ပင်ခိုင်မာခဲ့ပြီ။ ကျွန်တော် နှစ်သက်မိ သည်မှာ ခပ်ရှည်ရှည်နှင့် အလွန်ကြည်စင်နေသော သူမ၏မျက်လုံးများပင်။ ထိုမျက် ၀န်းများတွင် မိန်းကလေး တစ်ယောက်၏ မာနဖြင့် တလူလူလွင့်လိုသော အရိပ်အယောင် များ မတွေ့ရသလိုရိုးသားအေးချမ်းမှုဖြင့် အတိပြီးသော အရိပ်အယောင်များလည်း မတွေ့ရပါ။ သေ ချာပါသည်။ တိကျစွာ အမည်တပ်၍ မရသော် လည်း ထိုမျက်ဝန်းများကိုတော့ ကျွန်တော် သဘောကျပါသည်။

ကျွန်တော်နှင့်သူမ၏ အခြေအနေသည် အတိအကျ အမည်တပ်မရသော ခပ်ဝါးဝါးအခြေ အနေတစ်ခု သာဖြစ်နိုင်သည်။ တွေ့ဖြစ်ကြသော နေ့ရက်များ၊ ၂ လ ကြာ တစ်ကြိမ် လာတတ်သော လတစ်လ၏ ၁၅ ရက်နေ့ ရောက်လျှင်တော့ သူမကို ကျွန်တော် မမေ့မလျော့ သတိရနေတတ်ခဲ့၏။ ထို့ထက်ပိုချင် ပိုနိုင်သော်လည်း သူမနှင့် ပတ်သက်၍ သေချာသောအဖြေတစ်ခု ထွက်ရှိ သည်အထိ ကျွန်တော် မတွေးဖူး သည့်အတွက် ထိုမျှသာဖြစ်နိုင် သည်ဟု ကောက်ချက်ချနိုင်ပါ သည်။ သူမ၏ ကိုယ်ရေးအကျဉ်းနှင့်အချက် အလက်တချို့အား သယ်ဆောင်လာ ပေးခဲ့သူသည် ကျွန်တော့် အလုပ်မှဖိနပ် ဆိုင်ရှင်လည်း ဖြစ်သော သူငယ်ချင်းလိုလည်း ခင်မင်စွာပေါင်းသင်းသော ကိုကြီးသန့်ပင် ဖြစ်သည်။

“မင်းတော့ သတိလေးနဲ့သာနေတော့၊ မဟုတ်ရင် သူ့ရဲ့ တခြားကောင် လေးတွေမျိုးလိုပဲ အဆုံးသတ် ထားခဲ့မယ်ထင်တယ်”ဟူ၍ အစချီလျက်ပြော ပြခဲ့သော သူမ၏ အကြောင်းအရာသည် အနည်းငယ်တော့ ဆိုးကွက်များနှင့် ဖြစ်၏။ ရတနာပုံတက္ကသိုလ် သင်္ချာမေဂျာ နောက်ဆုံးနှစ် တက်ရောက်နေသော ကြွယ်ဝ သည့် မိန်းကလေးတစ်ဦး။ ရည်းစားများလှသည် မဟုတ်လှဘဲ ခေတ် ဆန်သော မိန်းကလေးများ လို ယောက်ျားလေး သူငယ်ချင်းများစွာ ထားရှိသူ။ သူမစိတ်ဝင် စားသော ကောင်လေးတချို့နှင့် ဇာတ်လမ်းများစွာထား ရှိခဲ့၍ သူမဘက်မှသာ အကုန်အကျများခြင်း၊ ပစ္စည်း တချို့ကို လက်ဆောင် အဖြစ် ပေးတတ်သောအကျင့် ရှိတတ်သည်တဲ့။

“မင်းက အေးအေးဆေးဆေးနဲ့ ရုပ်ကလေးကလည်း ရှိတော့ လာတွဲ ကြည့်ချင်တယ်နဲ့ တူပါတယ်ကွာ၊ မင်း စဉ်းစားပေါ့။ ကိုကြီးကတော့ သိပ် သဘောမကျဘူး” ဟုတ်ပါသည်။ ကိုကြီးသန့်ပြောသလိုပင် ကျွန်တော် သည် လည်း သူမ၏ ထိုအကျင့်စရိုက်များနှင့် အမူအကျင့်တချို့ကို ဘ၀င်မတွေ့ပါ။ ထို့နောက်ပိုင်း ကာလများ တွင် ကျွန်တော်သူမကိုမတွေ့မိအောင် ရှောင်နေခဲ့ သည်။ အလုပ်မှ ၂ လ ခွင့်ယူရင်းအဝေး သင် နောက် ဆုံးနှစ် စာမေးပွဲဖြေခဲ့သည်က ကျွန်တော့်အတွက် သူမနှင့်မတွေ့စေရလောက်သော အဖြစ်အပျက် တစ်ခု ဖြစ်သွား စေခဲ့၏။ သူမကို အထူးအထွေ ရှောင်စရာမလို တော့သည်နှင့်အတူ ဖိနပ် ဆိုင်သို့ သူမ လာရှာတိုင်းလည်း သူမ ရရှိသွားခဲ့သော အဖြေသည်ကျွန်တော် မရှိပါဟူ၍ ဖြစ်သည်။ ဖိနပ်ဆိုင်တွင် လတိုင်းလိုလိုပင် သူမ လာရောက် ၀ယ် ယူတတ်သည့် အကြောင်းရင်းသည် သူမ၏ဇာတ်လမ်းများမှ ဇာတ်ကောင်များ စွာအတွက် အဆောင် အယောင်အဖြစ် လက်ဆောင် သဘောမျိုးပေးအပ်ခြင်း သာဖြစ်လေမည်။

ထိုအကြောင်းအရာများ၏ နောက်ဆက်တွဲအဖြစ် တိုက်ဆိုင်သည့်အချိန် များ၊ နေ့ရက်များတွင် ကျွန်တော် သူမကို အမှတ်ရနေခဲ့ပါသည်။ ပြင်းပြင်းပြပြ မဟုတ်သည့်တိုင် နေ့လယ်ခင်းအချိန်၊ ဖိနပ်ဆိုင်ထဲသို့ ၀ယ်သူ ၀င်ရောက်လာလျှင် လှိုက်ခနဲ ခုန်လှုပ်တတ်သော ရင်ခုန်မှုဖြင့် ကျွန်တော်မျှော်နေမိတတ်သည်။
သို့သော်အချိန် ၆ လ ဟူသော ကာလတွင် သူမ၏ဇာတ်လမ်းတွဲများမှဇာတ် ရံမျှသာဖြစ်သော ကျွန်တော့်ဆီ သို့ သူမ ရောက်မလာခဲ့တော့ပေ။ သူမ ပေးချင် သော၊ ပေးလေ့ရှိသော လက်ဆောင်များသည် ယခင်အချိန် ကလို ဖိနပ်များပင်  ဖြစ်နေဦးမည်လား။ လူတစ်ယောက်၏ အကြိုက်သည်အချိန်ကာလကို လိုက် ၍ပြောင်း လဲသည် ရှိခဲ့သော် သူမသည် အရင်အချိန်များကလို ဖိနပ်လက်ဆောင် ပေးချင်မှ ပေးတော့မည်ဖြစ်ပါသည်။

တကယ်တမ်းတော့ သူမနှင့်ကျွန်တော်၏ အဆင့်အတန်း၊ အခြေအနေ သည် ပေါင်းစပ်၍ မရလောက်အောင် ဝေးကွာလွန်း လှပါသည်။ ပြန်လည် တွေးတောကြည့်  မိသောအခါ စိတ်ကူးယဉ် ဖွယ် ကောင်းသော ခပ်ကြောင် ကြောင် ဇာတ်လမ်းတစ်ပုဒ်များ ဖြစ်နေမည်လားဟု ကျွန်တော် သံသယ၀င် မိ သေး၏။

ထိုဖြစ်စဉ်တစ်ခု၏ အဆုံးတွင်-
မဝေးတော့သော ကာလတစ်ခု၏ နေ့ရက်တစ်ရက်တွင် ကျွန်တော်တစ် ယောက်တည်းအတွက်သာ ရည်စူး၍ ပေးမည်ဖြစ်သော သူမထံမှ ဖိနပ်တစ် ရံအား ကျွန်တော် လက်ခံရလိမ့်မည်ဟု မျှော်လင့်ပါသည်။ 



ရွှေကိုယ်နတ်၊UCSM၊
(Teen Magazine October 2012)  

http://shweamyutay.com/index.php?option=com_content&view=article&id=4478:2012-10-26-11-08-36&catid=105:2008-06-08-20-03-14&Itemid=660

No comments:

Post a Comment