အန်တီစု၊ ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်
 
 ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ 
ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။  
အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက 
သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း 
မသိ။ နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ 
ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။
  
 ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ 
လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ 
သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ 
အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ 
ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။ 
 
 အချိန်ဆိုတာကို ချုံ့ချပစ် 
လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် 
ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ
 ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် 
တစ်စပ်တည်း ရှိနေ တာကလား။
 
 ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ 
ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား 
တဲ့ An Inconvenient Truth  သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေကို 
ကြည့်ရတော့မှပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆
 စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် 
များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် 
ပျော်လာတယ်။
 
  ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ 
စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ 
ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ
 နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။  လူဦးရေ သုံးသိန်းကျော်သာ 
ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ 
ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။ 
 
 ကမ္ဘာကြီး ဘာကြောင့် 
ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ 
ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး 
စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ 
ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး 
သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး 
ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။ 
 
 ဒီပြဿနာကို ဖြေရှင်းဖို့ 
ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ 
ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ 
သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ 
မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက 
လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် 
လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။
 
 အားတက်စရာလေး
 ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ 
စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် 
နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ 
ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ 
ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ 
လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ 
စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ 
ခေါင်း ကို မော့ပြီးပြောလို့ ရတယ်။
 
 အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာရင် ရေအောက် ရောက်သွား မယ် လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။
  
 (၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊
 (၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။
 
 ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် 
သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ 
သိထားဖို့ လိုပါတယ်။
 
 ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး 
လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ 
ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး 
လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ 
လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ 
တောင်းပုံလေးက သင်းတယ်နော်။ 
 
 ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ 
လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ 
ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် 
တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ 
ရသွားလား မရသွားလားတော့ မသိ။
 
 ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း
 ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ 
တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ 
ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။
 
 OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB
 တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။ ဒါကြောင့် လည်း 
အန်တီစုက ဘင်္ဂလားဒေ့ရှ် ကလည်း နယ်စပ်ကို တာဝန်ယူ သင့်ကြောင်း ပြောလိုက်တာနဲ့
 ဆတ်ဆတ်ခါ ထွန့်ထွန့်လူး ဖြစ်ကုန်ကြ တာပဲ။ 
 သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။
 
 နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု 
နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ 
အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း 
အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် 
ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
 ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။
 
 လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ
 နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ 
ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ 
ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ 
ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် 
မရှိပါဘူးတဲ့။ 
 အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။
 
 သန္တာဝင်း
 
 The Voice Weekly Vol.8/No.48 တွင် ဖော်ပြပြီး ဆောင်းပါး
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment