Friday, 15 March 2013

အစိုးရက ရခိုင်ဒုက္ခသည်များအတွက် ပထမဆုံးအကြိမ် နေအိမ်(၆၆၉)လုံး ချပေးမည်

မင်းဟိန်းထက်(မြစ်မခ)
by Myit Makha Mediagroup on 15 Mar, 2013



စစ်တွေမြို့နယ်၊ဆတ်ရိုးကျချောင်းတစ်ဖက်ကမ်းရှိ မြေနေရာလွတ်၌ ဒုက္ခသည်များအတွက် အိမ်ရာ(၆၆၉) လုံး တည်ဆောက်မှု လုပ်ငန်းမှာ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း စစ်တွေမြိုနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။
 

 “တော်တော်များများတော့ ပြီးနေပါပြီ၊ အဓိကက အမိုးမိုးဖို့လောက်ပဲ ကျန်တော့တယ်၊ မိုးမယ့်အမိုးက အစိုး ရက ချပေးမှာ စောင့်နေတာ အခုအထိ ချမပေးသေးတော့ ဘယ်လိုမှ ဆက်လုပ်လို့ မရသေးဘူး ဖြစ်နေ တာ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
 
အိမ်ရာတည်ဆောက်မှုလုပ်ငန်း၌ ဒုက္ခသည်များအတွက် ဆတ်ရိုးကျရေကန်မှပိုက်များဖြင့်သွယ်၍ ရေရရှိရန် စီစဉ်ထားပြီး လျှပ်စစ်မီးရရှိရန်အတွက်  လတ်တလောအစီ အစဉ်မရှိသေးကြောင်း သိရသည်။
 
တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးပါက  ဒုက္ခသည်များအား မည်သည့်အစီအစဉ်ဖြင့် ရွေးချယ်၍ နေရာချ ထားပေးမည်ကိုမူ မသိရှိရသေးကြောင်း  ၎င်းက ဆက်ပြောသည်။
 
 “မိုးမကျခင်လောက်တော့ ပြီးအောင် ဆောက်မယ်လို့ ကြားတာပဲ၊ အဲဒီနေရာမှာက လျှပ်စစ်မီးလည်း မရှိ ရေလည်း မရှိဘူး၊ ပြီးတော့ နေရာက ဆတ်ရိုးကျချောင်းဘေးမှာဆိုတော့ လှေနဲ့ကူးရတာ သွားရ လာရတာတော့ သိပ်အဆင်ပြေမယ် မထင်ဘူးလေ၊ ဒါကြောင့် ချောင်းကူးတံတား တစ်ခုဆောက်ပေး မယ့် မြေနေရာသတ်မှတ် ပြီးသွားပြီ ပြောတယ်၊ ဆောက်တော့ မဆောက်ပေးသေးဘူး လို့ ဒေသခံတစ် ဦးက ပြောသည်။
 
အဆိုပါ မြေနေရာမှာ စက်မှုလုပ်ငန်းများအတွက် သတ်မှတ်ပေးထားသော်လည်း လျှပ်စစ်မီးမရ၍ စစ်တွေမြို့မှ စက်မှုလက်မှုလုပ်ငန်းရှင်များမှာ ထိုနေရာသို့ မပြောင်းရွှေ့ပဲ မြို့တွင်း၌သာ ဆက်လက်လုပ် ကိုင်နေကြကြောင်း သိရသည်။
 
ရေမီးကိစ္စက လောလောဆယ်တော့ အခက်အခဲ ရှိမှာပဲ၊ ဒုက္ခသည် စခန်းမှာ နေတာထက်စာရင် အဲဒီမှာ က ပိုအဆင်ပြေနိုင်မယ် ထင်တယ်၊ ဘာလို့ဆိုတော့ ဟိုမှာက ကိုယ့်အိမ်ကိုယ်ရာ ကိုယ့်မိသားစုနဲ့ သီးသန့် နေရ မှာလေ၊ ဒီမှာကျတော့ ဒုက္ခသည်တွေ စုပြီးနေတာ ဆိုတော့ အဆင်မပြေနိုင်တာလေးတွေ ရှိတာပေါ့ ” ဟု ဒုက္ခသည်များ လက်ခံထားသည့် ဂိုက်ရှည်ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးကုမာရက သုံးသပ်ပြောကြားသည်။
 
အဆိုပါ နေအိမ်(၆၆၉)လုံးကို ဖေဖော်ဝါရီလမှ စတင်၍ ဆောက်လုပ်ရေးကုမ္မဏီများက တာဝန်ယူဆောက် လုပ်ခြင်းဖြစ်ပြီး  ယခုကဲ့သို့ အိမ်ရာများ တည်ဆောက်ပေးခြင်းမှာ ရခိုင်ဒုက္ခသည်ပြည်သူများအတွက် အစိုးရက ပထမဆုံး ပြန်လည်နေရာချထားပေးမှုလည်း ဖြစ်ကြောင်း သိရသည်။
---------------------  
http://myitmakhamediagroup.com/detail.php?newid=4239&catid=36

No comments:

Post a Comment