Tuesday 22 January 2013

မာန်အောင်ကျွန်းတွင် ကမ္ဘာလှည့် ခရီးသွားဇုန် အကောင်အထည် ဖော်မည်

 
ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းရှိ ပင်လယ်ကမ်းခြေအား နိုင်ငံတကာအဆင့်ရှိ အပန်းဖြေစခန်း တည်ဆောက်၍ ကမ္ဘာလှည့် ခရီးသွားဇုန် သီးသန့် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။
ထိုစီမံကိန်းကို မြန်မာနိုင်ငံမှ စတုဒီပ ကုမ္ပဏီနှင့် ထိုင်ဝမ်၊ စင်ကာပူ နိုင်ငံတို့မှ ကုမ္ပဏီများက အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။


နိုင်ငံတကာ ဂျက်လေယာဉ်များ ဆင်သက်နိုင်မည့် လေယာဉ်ကွင်းတခုကိုလည်း တည်ဆောက် သွားမည်ဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ အနည်းဆုံး သန်း ၂၀၀ ကျော်မှ သန်း ၈၀၀ ကျော်အထိ သုံးစွဲသွားမည်ဟု စတုဒီပ ကုမ္ပဏီအကြီးအကဲ ဦးစိန်ဦးက ဧရာဝတီသို့ ပြောသည်။
နိုင်ငံတကာ ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် အဆင့်မြင့် ဟိုတယ်ဇုန်များ၊ အပန်းဖြေစခန်းများနှင့် သဘာဝ သြဂဲလ်နစ် စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်မည့် စိုက်ပျိုးရေး စီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းများနှင့် ဒေသခံတောင်သူများ အတွက်ပါ ရည်ရွယ်၍ ဆည်တမံများကို လည်းဆောက်မည်ဖြစ်ရာ လက်ရှိတွင် ဆည်တခု စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့ကလည်း လာရောက် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်က ကျနော်တို့နိုင်ငံမှာ ကမ္ဘာကျော် ပင်လယ်ကမ်းခြေရှိတဲ့ ကျွန်းမျိုး ရှိတယ်ဆိုတာကို နိုင်ငံတကာကို ပြချင်တယ်။ သန့်ရှင်းတဲ့ သြဂဲလ်နစ် ထွက်ကုန်တွေနဲ့ ကျွန်းရဲ့အလှအပတွေကိုလည်းပဲ ကမ္ဘာကို ပြချင်တယ်” ဟု ဦးစိန်ဦး က ဆိုသည်။
မာန်အောင်ကျွန်း ခရီးသွားဇုန် စီမံကိန်းသည် နိုင်ငံတကာခရီးသွား ဧည့်သည့်သည်များအတွက် အဓိက ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း အပန်းဖြေစခန်း အများအပြား ရှိသည့်အတွက် အများနှင့် မတူသည့် ဆောင်ရွက်မှုမျိုးဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရန် စီမံတည်ဆောက်သွားမည်ဟု သိရသည်။

“ထူးခြားမှုတခုကတော့ ကျွန်းပေါ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသား လူမျိုးတို့ရဲ့ ရိုးရာတွေကို နိုင်ငံခြားတွေ ကြည့်ရှု လေ့လာနိုင်အောင် သူ့ရိုးရာ သဘာဝအတိုင်း ထားမယ်။ နိုင်ငံခြားဆန်ဆန် ပုံစံတွေကို လုံးဝမလုပ်ဆောင်ပါဘူး” ဟု ဦးစိန်ဦးက ဆိုသည်။

ထိုစီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရနှင့် သမ္မတတို့က တရားဝင် ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းတချို့ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ၀န်ကြီးဌာနတချို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် ဧည့်သည်များ စတင်လက်ခံနိုင်မည်ဟု သိရသည်။

မာန်အောင်ကျွန်း ဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရကလည်း ဆောင်ရွက်နေကြောင်း၊ ဒေသခံပြည်သူများ စီးပွားရေး ပြေလည်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းပိုမို လုပ်ကိုင်နိုင်ရန် ဗဟိုအစိုးရမှ ကျပ်ငွေ သိန်းပေါင်း တသောင်းခွဲခန့်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းတွင် မာန်အောင်သို့ သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌနှင့် မာန်အောင်ကျွန်း ဒေသခံဖြစ်သူ ဦးသာညွန့်က ဧရာဝတီသို့ ပြောသည်။

“နွားမွေးတဲ့ တောင်သူတွေအတွက် ကျပ်ငွေသိန်းပေါင်း တသောင်းခွဲကျော်ကို မနေ့က ထုတ်ချေးပေးခဲ့ပါ တယ်။ ငွေ တရာကျပ်ကို အတိုးနှုန်း တနှစ်မှ ၄ ကျပ်နဲ့ ချေးပေးတာပါ။  တနိုင်တပိုင်ကနေ နွားမွေးမြူဇုန် အထိ လုပ်ဆောင်သွားဖို့လည်း ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

မာန်အောင်ကျွန်း ဒေသခံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် တောင်သူလယ်သမားများ ဖြစ်၍ တနိုင်တ ပိုင် မွေးမြူရေးမှတဆင့် ပိုလျှံသည့်နွားများကို ပြည်ပသို့ တင်ပို့နိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု ဦးသာညွန့်က ဆိုသည်။

ဒေသခံများက ပြောရာတွင် မာန်အောင်ကျွန်းပေါ်၌ နွားစားကျက်မြေ ပေါများ၍ အများစုက စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်ကြကြောင်း၊ သို့သော် ၎င်းတို့၏ ဒေသထွက်ကုန်များနှင့် ကျွဲ၊ နွားများကို တခြားဒေသများသို့ ကူးသန်း ရောင်းဝယ်ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ အာဏာပိုင်များက ကန့်သတ်မှု၊ အခွန်မတရား တောင်းခံမှုတို့ကြောင့် စီးပွားရေး အခက်အခဲများနှင့် ကြုံနေသည်ဟု ပြောသည်။

မာန်အောင်ကျွန်း ဒေသခံများသည် ၎င်းတို့၏ နွားများကို စက်လှေများဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် တခြားဒေသများသို့ တင်ပို့ပါက အစိုးရ တပ်မတော် (ရေ) နှင့် တခြားတပ်ဖွဲ့တို့၏ အခွန်မတရား ကောက်ခံခြင်း၊ နွားများကို သိမ်းယူခြင်းအပြင် စက်လှေကိုပါ အဓမ္မသိမ်းဆည်းမှုများ ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

“ကျနော်တို့ကျွန်းမှာ မြေလွတ်မြေရိုင်းတွေ ပေါတယ်၊ အခု စီမံကိန်းတွေ လုပ်တော့မယ်ဆိုတော့ အာဏာပိုင်တွေ၊ စစ်တပ်တွေ၊ စီးပွားရေး သမားတွေက ကျနော်တို့ လယ်မြေတွေကို အဓမ္မသိမ်းယူမှုတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်” ဟု ဒေသခံတဦးက ဆိုသည်။
မာန်အောင်ကျွန်း ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဒေသခံပြည်သူများ၏ လယ်မြေသိမ်းယူခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမည့် ကိစ္စကို လုံးဝလုပ်ဆောင်မည် မဟုတ်ကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်၍လည်း ရပ်မိရပ်ဖများ ပါဝင်သော ကော်မရှင်တရပ်ကို ဖွဲ့စည်း၍ ပြည်သူများ၏ ဆန္ဒအတိုင်း လုပ်ဆောင်မည်ဟု ဦးစိန်ဦးက ဆိုသည်။

မာန်အောင်ကျွန်း ကမ်းခြေ အပန်းဖြေစခန်း စီမံကိန်းတွင် မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းကို မော်တော်ကားများဖြင့် သွားလာနိုင်စေရန် ကားတင်သည့် ဇက်သင်္ဘောများ ပြေးဆွဲမည့် စီမံကိန်းလည်း ပါဝင်မည်ဖြစ်သည်။ ဇက်သင်္ဘောများ ဆိပ်ကပ်မည့် နေရာကို မာန်အောင်ကျွန်းရှိ ခအုန်းမော်ကျေးရွာနှင့် ရမ်းဗြဲကျွန်းရှိ အောင်လှပြင်ကျေးရွာတို့အား ရွေးချယ်ထားကြောင်း သိရသည်။ ထိုမှတဆင့် ရမ်းဗြဲမြို့-ကျောက်ဖြူမြို့နှင့် တခြား ဒေသများသို့ ဆက်သွယ်မည် ဖြစ်သည်။

မာန်အောင်ကျွန်းသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကျွန်းဖြစ်ပြီး အကြီးဆုံးကျွန်းမှာ ရမ်းဗြဲကျွန်းဖြစ်သည်။ အဆိုပါကျွန်းသည် ဘင်္ဂလားပင်ပြင်နှင့် ရခိုင်ကမ်းရိုးတန်း ဒေသတလျှောက်တွင် တည်ရှိပြီး ကျေးရွာပေါင်း ၁၁၀ ၀န်းကျင်နှင့် ကျေးရွာ အုပ်စု ၄၁ ခု ရှိသည်။

No comments:

Post a Comment