Monday 21 January 2013

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနှင့် ယနေ့အုပ်ချုပ်ရေး

‎[ OPINION ]

နိုင်ငံတော်၏ အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် အဓိကကျသော အုပ်ချုပ်ရေး ကဏ္ဍ အတွက် အရေးပါပြီး အခြေခံ အကျဆုံး အစိုးရအဖွဲ့ ငယ်များဖြစ်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းချက်ပါ အချက် အချို့နှင့် ပတ်သက်၍ တွေ့မြင်မိသမျှ အကြံပြု လိုပါသည်။

ပထမအချက်မှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၁) ၏ အခန်း (၄)၊ ပုဒ်မ ၆ တွင် "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်ရေး အတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်းရှိ အများကြည်ညို လေးစားပြီး သြဇာတိက္ကမ ရှိသည့် ရပ်မိ ရပ်ဖငါးဦးကို ရွေးချယ်၍ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့အဖြစ် မြို့နယ် အုပ်ချုပ်ရေးမှူးမှ တာဝန်ပေးအပ်ရမည်" ဟု ရှိပါသည်။

အဆိုပါ ကြီးကြပ်ရေး အဖွဲ့အတွက် ရပ်မိရပ်ဖ ငါးဦးဖြင့် ဖွဲ့စည်းတာဝန်ပေးခြင်းသည် ကျေးရွာခွဲများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း မရှိသော ကျေးရွာအုပ်စုများ အတွက် ပြည့်စုံကောင်းမွန် နိုင်သော်လည်း ရွာပေါင်း ငါးရွာမှ ၁၀ ရွာကျော်အထိ စုပေါင်းဖွဲ့စည်းထားသည့် ကျေးရွာအုပ်စုများ အတွက် ပါဝင်သော၊ ကျေးရွာအားလုံးကို ကိုယ်စား ပြုသော ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် ခက်ခဲနိုင်သည့် အပြင် ပုဒ်မ ၅ ပါ အရည်အချင်းနှင့် ပြည့်စုံသည့် အုပ်ချုပ်ရေးမှူးကောင်း ရွေးချယ်ရန် အတွက် အကောင်းမွန်ဆုံး ရွေးချယ်မှု ဖြစ်ရန် ပို၍ ခက်ခဲမည်ဖြစ် သည်။

ကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်ခွဲ အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ များ ရွေးချယ်ရာတွင် ယခင်အစိုးရများ လက်ထက် ထောက်ပံ့ကြေး မရရှိဘဲ တာဝန်ထမ်းဆောင် ရချိန်မှာပင် အပြိုင်အဆိုင် လုယက်မှု များ ကြုံတွေ့ရသည်ဖြစ်ရာ လက်ရှိဥပဒေအရ ထောက်ပံ့ကြေးပေး မည်ဖြစ်၍ ယှဉ်ပြိုင်မှုများ ပို၍ပြင်းထန်မည်ဖြစ်ပါသည်။

သို့ပါ၍ အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှု လွယ်ကူချောမွေ့စေ ရန် အဂတိကင်းပြီး ကောင်းမွန်မှန်ကန်စေရန်၊ ညီညွတ်မျှတစေရန် ကြီးကြပ်သူ ရပ်မိ/ရပ်ဖ ဦးရေကို ရပ်ကွက်ခွဲ၊ ရွာခွဲတစ်ခုလျှင် ငါးဦးနှုန်းဖြင့် ဖွဲ့စည်းသင့်ပါကြောင်း အကြံပြုပါသည်။

ဒုတိယအချက် တင်ပြ လိုသည်မှာ အဆိုပါရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်မှုစီမံခန့်ခွဲမှုတို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စာရေးတို့ နှစ်ဦးသာ ၁၀ အိမ်မှူးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ယခင်အစိုးရများ လက်ထက်မှ ယခုအချိန်အထိ အုပ်ချုပ် စီမံမှုများတွင် ရပ်ကွက်အပိုင်းများ၊ ကျေးရွာ ခွဲများ အလိုက် ရာအိမ်မှူးများနှင့် ဥက္ကဋ္ဌ (အုပ်ချုပ်ရေးမှူး) တို့ ပူးပေါင်းပါဝင် ဆောင်ရွက် နေကြပါသည်။ အထူးသဖြင့် ကျေးရွာခွဲ များသော အုပ်စုများတွင် အုပ်ချုပ်ရေးမှူး နေထိုင်ခြင်း မရှိသော ကျေးရွာခွဲများ၏ အုပ်ချုပ်မှု၊ စီမံမှု၊ ဌာနဆိုင်ရာတို့နှင့် ချိတ်ဆက်၍ စာရင်းဇယား ကောက်ယူမှု စသော လုပ်ငန်းများ ဆောင်ရွက်ရာ ရာအိမ်မှူးများ၏ ကူညီမှု မဖြစ်မနေ လိုအပ်မည် ဖြစ်သော်လည်း ထိုဥပဒေတွင် ရာအိမ်မှူး၏ အခန်းကဏ္ဍ လုံးဝဖော်ပြထားခြင်း မရှိပေ။

အုပ်ချုပ်ရေးမှူး ကျန်းမာရေးကြောင့် ဆေးကုသမှု ခံယူချိန် ကဲ့သို့ သော အချိန်များတွင် ရာအိမ်မှူးများက ဧည့်စာရင်း စစ်ရခြင်း၊ အစည်းအဝေး ကိုယ်စား တက်ရောက် ပေးရခြင်း၊ မြို့နယ်ရုံး၏ ညွှန်ကြားချက်များ အကောင်အထည်ဖော်ရခြင်း စသော လိုအပ်သည့် စီမံခန့်ခွဲမှုများတွင် ခေတ္တတာဝန်ယ လုပ်ဆောင်ရခြင်းတို့ အမှန် တကယ်လိုအပ်မည်ဖြစ်ပြီး လက်တွေ့လည်း ကြုံတွေ့နေကြရသည်။

ရာအိမ်မှူးများ ခေတ္တ တာဝန်ယူချိန်တွင် အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင် ခွင့်ပေးအပ်သင့်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။
ဆယ်အိမ်မှူးတို့သည် မူဝါဒအရ ဖွဲ့စည်းထားခဲ့သည် မှန်သော် လည်း လက်တွေ့အုပ်ချုပ်မှုတွင် အထူးသဖြင့် မြို့ပေါ်ရပ်ကွက်များ၌ အများစုမှာ ၄င်းတို့၏ စားဝတ်နေရေး ရုန်းကန်နေရသူများ ဖြစ်ခြင်း၊ စိတ်ပါဝင်စားမှု မရှိခြင်းတို့ကြောင့် ပါဝင် လုပ်ဆောင်နိုင်ခြင်း မရှိဘဲ အမည်ခံ သက်သက်သာ ဖြစ်နေသည်ကို တွေ့ရပါသည်။

မြန်မာဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူး တစ်ဦးတည်းကသာ အုပ်ချုပ်စီမံ ခြင်းထက် ရပ်ကွက်မှ ကြည်ညိုလေးစားပြီး တင်မြှောက်ထားသော သြဇာတိက္ကမ ရှိသူ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ပြဿနာများ ဖြေရှင်းခြင်း၊ တာဝန် ဝတ္တရားများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း သည် ပြည့်စုံကောင်းမွန် သော အုပ်ချုပ်မှု (Good Government) ဖြစ်နိုင်ကြောင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှ ယခုအထိ ရပ်ကွက်အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်နေသူ တစ်ဦး အနေနှင့် သက်ဆိုင်သူတို့အား အကြံပြု တင်ပြ အပ်ပါသည်။

နေစိုး

No comments:

Post a Comment