Saturday 22 December 2012

လယ်မြေဧက ၂၀၀ စစ်တပ်က ပြန်သိမ်းထားမူ လွှတ်တော် မြေယာ ကော်မီတီသို့ စာတင်

မောင်ရမ္မာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် စစ်တပ်မှ သိမ်းယူထားသော လယ်မြေဧက ၇၀၀ အထဲမှ ဧက ၂၀၀ ကို နိုင်ငံတော်မှ ဒေသခံ လယ်သမားများကို ပြန်ခွဲဝေ ပေးထားခဲ့သော်လည်း  စစ်တပ်က ဆက်လက် သိမ်းယူထားသည့်အပေါ် ကျေးရွာသားများက ပြည်ထောင်စု လွှတ်တော်သို့ စာရေး တိုင်ကြားလိုက်သည်ဟု သတင်းရရှိသည်။

 ကျောက်တော်မြို့နယ် ပြိန်းချောင်း ကျေးရွာသားများပိုင်  စပါးစိုက်ခင်းများကို စစ်တပ်မိသားစုများက အားဖြင့် တက်ရောက် ရိတ်သိမ်းနေစဉ်။ ဤပြဿနာမှာ ယခုနှစ် နိုဝင်္ဘာလက ဖြစ်ပွားခဲ့ပါသည်။
ကျောက်တော်မြို့နယ် ပြိန်းချောင်း ကျေးရွာသားများပိုင် စပါးစိုက်ခင်းများကို စစ်တပ်မိသားစုများက အားဖြင့် တက်ရောက် ရိတ်သိမ်းနေစဉ်။ ဤပြဿနာမှာ ယခုနှစ် နိုဝင်္ဘာလက ဖြစ်ပွားခဲ့ပါသည်။
 
မြန်မာ စစ်တပ် အာဏာပိုင်များသည် ၂၀၀၅ ခုနှစ်တွင် ပေါက်တောမြို့နယ် ငပြီကျွန်းရှိ သရက်တောနှင့် ရွာမ ကျေးရွာ (၂) ရွာမှ လယ်ဧက ၇၀၀ ကို သိမ်းယူသွားခဲ့သည်။ ထိုသို့ သိမ်းယူသွားမူကို အထက်ကို တိုင်ကြားသဖြင့် အထက် လူကြီးများမှ ဧက ၂၀၀ ကို လယ်သမားများသို့ လုပ်ကိုင် စားသောက်ရန် ပြန်လည် ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
သို့သော်လည်း အဆိုပါ ဧက ၂၀၀ ကို လယ်သမားများကို ပြန်လည် ပေးအပ်ခြင်း မရှိဘဲ ယနေ့တိုင် စစ်တပ်က သိမ်းယူထားသည်ဟု သရက်တော ကျေးရွာ ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ သရက်တောကျေးရွာနဲ့ ရွာမကျေးရွာက လယ်ဧက ၇၀၀ ကို စစ်တပ်က ၂၀၀၅ ခုနှစ်ကတည်းက သိမ်းယူ ထားပါတယ်။ လယ်သမားတွေ အထူး ဒုက္ခရောက်ကြတဲ့ အတွက် အဲဒီ လယ်ဧက ၇၀၀ ထဲက လယ်ဧက ၂၀၀ ကို အိမ်ထောင်စု အလိုက် အစိုးရက ၂၀၀၆ ခုနှစ်မှာ ပြန်လည် ခွဲဝေပေးခဲ့ပါ တယ်။ ဒါပေမယ့် အဲဒီလယ်တွေကို လယ်သမား တွေကို မပေးဘဲ စစ်တပ်က ဆက်လက် သိမ်းဆည်း ထားပါတယ်။”
လယ်ဧက ၇၀၀ ကို သိမ်းယူထားသော စစ်တပ်မှာ ကျောက်တော် စကခ ၉၊  ဒကစရုံး စစ်တွေနှင့် ခမရ ၃၇၄ တို့ ဖြစ်ကြသည်ဟု သူက ဆိုသည်။ စစ်တပ်က သိမ်းယူထားသော လယ်မြေများကို သီးစားချ ဌားရမ်းပြီး တချို့ နေရာများကို  ပုဇွန် မွေးမြူရေး ကန်များပြုလုပ်ထားကာ တချို့ကို ကျွဲနွား စားကျက်ကွင်းများ အဖြစ် ပြုလုပ်၍ ဒေသခံများကို ဌားရမ်း စားနေသည်ဟု သိရသည်။
“ အခု နိုင်ငံတော်မှာ အပြောင်းအလဲတွေ ဖြစ်လာပြီ။ ဒီမိုကရေစီကို သွားနေပြီ။ ဒီလို အချိန်အခါမျိုးမှာ အထက်ကို တိုင်ကြားရင် ကျွန်တော်တို့ လယ်တွေကို ပြန်ရနိုင်တယ်လို့ ယူဆတဲ့ အတွက် နေပြည်တော်ထိ တိုင်ကြားထားတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
စစ်တပ်က လယ်မြေများကို သိမ်းယူသွားပြီး နောက်ပိုင်း စစ်တပ်မှ နည်းမျိုးစုံဖြင့် လယ်သမာများကို အနိုင်ကျင့်မူများ ရှိခဲ့သည်ဟု ရွာမ ကျေးရွာသား တစ်ဦးက ဆိုသည်။
“ သူတို့ သိမ်းထားတဲ့ နေရာတွေ ဖြစ်တဲ့ ပုဇွန်ကန်တွေ၊ နွားစားကျက် မြေတွေကို ကျွန်တော်တို့ သရက်တောရွာနဲ့ ရွာမရွာက ကျွဲနွားတွေ လုံးဝ ၀င်ခွင့် မပေးပါဘူး ခင်ဗျား။ ၀င်လာရင် အဲဒီ အဖွဲ့ ၃ ဖွဲ့က ဖမ်းယူပြီးတော့ ကျွဲ နွား တစ်ကောင်ကို ကျပ်ငွေ ၄၀၀၀ ကနေ ၅၀၀၀ ထိ လျော်ကြေး ပေးနေရပါတယ်။ ကျွန်တော်တို့က အထက်ကိုတိုင်ထားတော့ သူတို့က လုံးဝ မကျေနပ်ကြပါဘူး”  ဟု ဆိုသည်။
ငပြီကျွန်းတွင် မြေသစ်ဆန်းလာသဖြင့်  ကျွန်းအသစ်နေရာ ပေါ်ထွန်းလာသော ဧက ၂၀၀ ခန့်ရှိ မြေလွတ် မြေရိုင်းများကိုလည်း စစ်တပ်က သိမ်းယူထားပြီး စားကျက်မြေ အဖြစ် ပြုလုပ်ကာ ပုဏ္ဍားကျွန်းမြို့နယ်က ခမောင်းတောရွာ၊ ပလီမော်ရွာ၊ အောင်ဇေယျရွာနှင့် ရိုးနုပြင် ကျေးရွာများမှ  ကျွဲတစ်ကောင်ကို စပါးတောင်း ၂၀၊ နွားတစ်ကောင်ကို စပါး ၁၅ တောင်းဖြင့် ရာသီ အလိုက် ဌားရမ်ထားသည်ဟု ဆိုသည်။
ကျွဲနှင့် နွား အကောင် ၃၀၀ မှ ၄၀၀ အတွက်ကို စားကျက် အဖြစ် ဌားရမ်းထားပြီး သရက်အုပ်နှင့် ရွာမကျေးရွာကိုမူ ခွင့်မပြုဟု ဆိုသည်။
အဆိုပါ ငပြီကျွန်း လယ်မြေများနှင့် ပတ်သက်ပြီး လွှတ်တော်မှ ဖွဲ့စည်းပေးထားသော  လယ်ယာမြေများနှင့် တစ်ခြား မြေများ စစ်ဆေးရေး ကော် မရှင် အဖွဲ့ (၁၉) မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ မြေပုံမြို့နယ်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကို  နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုလို တုန့်ပြန်ပြောကြားသည်။
“ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကျွန်တော်တို့ မရောက်သေးပါ။ ငပြီကျွန်းကတော့ စာတင်လို့ ရှိပါတယ်။ အဲဒီ ဘက်ကို တော့ မသွားရသေးပါဘူး။ အခု ရခိုင်ပြည်တောင်ပိုင်းကိုဘဲ စစ်ဆေးနေပါတယ်။ နောက် ဆဌမအကြိမ် လွှတ်တော်ပြီးမှ ရခိုင်ပြည် မြောက်ပိုင်းက အမှုတွေကို  ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒီခါ ငပြီကျွန်းက စာတင်လို့ ရှိတဲ့ အတွက် စစ်ဆေးကောင်း စစ်ဆေးနိုင်ပါတယ်။ လွှတ်တော်စာရင်းထဲမှာ အဲဒီ လယ်မြေကိစ္စ ပါ/ မပါ မသိရသေးဘူး ထင်ပါတယ်။ နောက်အပတ်မှာတော့ ဒီလယ်မြေ ကိစ္စ ပါလာလိမ့်မယ်ထင်ပါတယ်”  ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို တပ်ရင်းသက်သာ ရံပုံငွေ အတွက် အကြောင်းပြကာ စစ်တပ်က မြို့နယ်တိုင်းလိုလိုတွင် သိမ်းယူထားပြီး တပ်ဗိုလ် တပ်မှူးများက စီးပွားရေး လုပ်စားနေကြသည်ဟု သိရသည်။ အစိုးရ အပြောင်းအလဲ ဖြစ်လာပြီးနောက်ပိုင်းတွင်  လယ်ယာမြေများ သိမ်းယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင် တိုင်ကြားမူ အများအပြား ပေါ်ထွက်လာခဲ့သည်။

No comments:

Post a Comment