Sunday 12 August 2012

ရခိုင်ကမ်းရိုးတန်းတွင် ငါးရှားပါးလာမှုကြောင့် ရေလုပ်ငန်းရှင်များ အခက်တွေ့နေ


မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)

သြဂုတ်(၁၃)ရက်၊၂၀၁၂ခုနှစ်။


ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ချောင်းအင်းအိုင်တို့တွင်  ငါးရှားပါးလာမှုကြောင့်  ငါးဖမ်းလုပ်ငန်းဖြင့် အ သက်မွေးဝမ်း   ကျောင်းပြုနေ ကြသည့် ရေလုပ်ငန်းရှင်များမှာ အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း ငါးဖမ်းလုပ်ငန်းရှင် များထံက သိရှိရသည်။



 ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်အုပ်စု(၇)စုအနက် ရေထွက်ကုန်ပစ္စည်းတင်ပို့မှု အများ ဆုံး ဖြစ်နေသော်လည်း   ရေလုပ်ငန်းရှင် အများစုမှာ ရေလုပ်သားများမရရှိခြင်း ကုန်ကြမ်းရေထွက်ပစ္စည်း နည်းပါး ခြင်းများ ဆက်တိုက်ကြုံတွေ့နေရသည်။
  
လွန်ခဲ့သည့်ဆယ်စုနှစ်ကတည်းက အစပျိုးနေပြီဖြစ်သော ရခိုင်ဒေသမှငါးရှားပါးမှုမှာ ဆက် တိုက်ကြုံတွေ့ နေရကြောင်း ရမ်းဗြဲမြို့နယ်မှ ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
  
 “ပင်လယ်ပြင်ငါးဖမ်းစက်လှေထွက်ရင် တစ်ခါတစ်ခါဆိုရင်သိန်းဆယ်ကျော်တယ်၊  အကုန်ကျများတယ်၊ အရင်ကာလတွေ ရင်းနှီးမြုပ်နှံလေ ငွေရလေပဲ အခုတော့ ကံစမ်းမဲ နှိုက်သလိုဖြစ်နေပြီ၊ ပင် လယ်ပြင်  ရော မြစ်ချောင်းတွေမှာပါ ငါးတွေက ဖမ်းဆီးရရှိမှု နည်းလာတယ်၊’’ဟု ရမ်းဗြဲမြို့နယ် မှ ရေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

 ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် တစ်ပိုင်တစ်နိုင်ငါးဖမ်းလုပ်ငန်းရှင်များမှာလည်း ယခင်ကလို ငါးမရရှိကြောင်း ၄င်းတို့ထံမှ သိရှိရသည်။
  
ယင်းသို့ငါးများဖမ်းဆီးရရှိမှုလျော့နည်းလာခြင်းမှာ  ဂျမ်းပိုက်ကြောင့် ဟု ရေလုပ်ငန်းရှင် များ က ပြောဆိုကြသည်။
  
ဂျမ်းပိုက်ဖြင့်ငါးဖမ်းဆီးလျှင် ငါးအရွယ်စုံဖမ်းဆီးရမိသည့်အတွက် ငါးများမျိုးတုန်းလာခြင်းဖြစ်သည်ဟု သံတွဲမှ ရေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
 
“ ဂျမ်းပိုက်ကြောင့်ဆိုရင်လည်း မမှားဘူး၊ ဂျမ်းပိုက်နဲ့ဆွဲလိုက်ရင် ငါးအကြီးအငယ် အကုန်လုံးပါသွားတယ်၊ ယုတ်စွ အဆုံးရေမှော်ပင်တောင် မကျန်ဘူး၊ ဂျမ်းပိုက်ကို တရားဝင်တော့ သုံးခွင့်မရှိဘူး”ဟု ဆိုသည်။
 
သဘာဝပတ်ဝန်းကျင်ညစ်နွမ်းမှုကြောင့်လည်း သားငါးပုစွန်များ အဆိပ်သင့်မှုများရှိကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနမှ ပြည်နယ်မှူးကပြောသည်။
 
 “ရေချမ်းပြင်ဘက်မှာဆိုရင် သဘာဝပတ်ဝန်းကျင်ညစ်နွမ်းတာကြောင့် သားငါးပုစွန်တွေ အဆိပ်သင့် တာ တွေ တော့ နည်းနည်းရှိပါတယ် ”ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။ 
  
ယင်းသို့ရေလုပ်ငန်းကို အားထားခဲ့ရသည့် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားတို့မှာ  အသက်မွေးဝမ်းကျောင်း ပုံစံပြောင်းလာ သည့်အလျောက် ပြည်ပထွက်ခွာသူဦးရေ မြင့်မားလာကြောင်းကိုလည်း  တွေ့ရှိရသည်။


“ ဒီမှာခုခေတ်စားနေတာက တရုတ်၊မလေးပဲ၊ ကျုပ်တို့ရွာကလူတွေဆိုရင် အဲလိုမျိုးမလေး၊တရုတ်သို့ သွားလေ့ သွားထမရှိဘူး၊ ဒီငါးလုပ်ငန်းကျဆင်းလာတာနဲ့ ပုံစံပြောင်းလာတာတွေ့ရတယ်။ အရင်က ငါးဖမ်း သူတွေလည်း မဖမ်းတော့ဘူး၊ ကျနော်တို့ က ၁၅ရက် တစ်ခါငါးဖမ်းထွက်တာပေါ့နော်၊  အလုပ် သမားတွေ အယောက် နှစ်ဆယ်သုံးဆယ်၊ အခုတော့ ငါးယောက်တောင် မရတော့ဘူး အကုန်လုံးက မလေးထိုင်းဘဲ သွားနေကြပြီ”ဟု မင်းပြားမြို့နယ် ပန်ဇင်းမော်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
 
ထို့သို့ သဘာဝအလျှောက် ငါးဖမ်းဆီးရရှိမှုလျော့နည်းလာသော်လည်း  ရေချိုငါးမွေးမြူရေးကဏ္ဍမှာ  စမ်း သပ် ဆောင်ရွက်အဆင့်သာ ရှိသေးသည်။
  
“ရေချိုငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငါးသားပေါက် ထုတ် လုပ်ရေး လုပ်ငန်းကို စစ်တွေမြို့နယ် ရေချမ်းပြင် ရေငန်ပုစွန်သားပေါက်စခန်းမှာ  စတင်စမ်းသပ်တဲ့အခါ ငါးမြစ်ချင်း ငါးတွေကို သားဖေါက်အောင်မြင်နေပါပြီ”ဟု ငါးလုပ်ငန်းဦးစီးဌာနပြည်နယ် မှူးဦးစိုးမြင့် က ပြောသည်။
  
ရခိုင်ပြည်နယ် စီးပွားရေးဈေးကွက်တွင် အဓိကကျသည့်ရေလုပ်ငန်းမှာ ကမ်းနီးငါးဖမ်းရေယာဉ် (၂၈၅၂) စီး  နှင့်စက်မဲ့ (၉၅၅၉) စီးနှင့် ကမ်းဝေးငါးဖမ်းရေယာဉ် (၂၁၈)စီးရှိသည်ဟု  ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment