Monday 23 July 2012

ရှေ့တန်းရောက်လာတဲ့ RULE OF LAW



လက်ရှိမြန်မာ့နိုင်ငံရေးအရွေ့တွင် မဏ္ဍိုင်ကြီးများဟန်ချက်ညီ ချီတက်နေသည်မှာ
အားရကျေနပ်ဖွယ်ရာအနေအထားတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏
ယခုနောက်ပိုင်းမိန့်ခွန်းများတွင် လေးလေးနက်နက် ထည့်သွင်းပြောကြားလာသည့်
အကြောင်းအရာတစ်ရပ်မှာ RULE OF LAW ဖြစ်ကြောင်း သတိပြုမိသည်။ ဒီမိုကရေစီ၏
အနားသတ်ဝိညာဉ်မှာ ဥပဒေစိုးမိုးရေးဟူသော RULE OF LAW ဖြစ်နေသဖြင့်
မဏ္ဍိုင်ကြီးအားလုံးက အရေးတယူ နေရာပေးလာသည်မှာ ၀မ်းမြောက်ဖွယ်ရာ
ကောင်းသော်လည်း အမောင် တောင်မှန်း မြောက်မှန်းမသိသော နိုင်ငံရေးသမား
အချို့ကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ကြားသိရသည်မှာလည်း အမှန်ပင်ဖြစ်သည်။


တရားဥပဒေစိုးမိုးရေးဟု ဆိုချင်ဆို၊ ဥပဒေစိုးမိုးရေးဟု ပြောချင် ပြော၊ RULE OF LAW ဟု
ခေါ်ချင်ခေါ် အဓိကအနှစ်သာရကို ဆုပ်မိရန် လိုအပ်မည်ဖြစ်သည်။ အစိုးရများ ပြောင်းလဲ
နေပါလိမ့်မည်။ နိုင်ငံရေး ပါတီများ အတက်အကျရှိနေပါလိမ့်မည်။ သို့သော် ထာဝရမပြောင်း
မလဲဘဲ အစဉ်အမြဲ တည်တံ့နေမည့်အရာကား မြန်မာ့လူ့အဖွဲ့အစည်းကို အထိန်းအချုပ်
ပြုထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ စသည့် INSTITUTION များပင်ဖြစ်သည်။
လူကိုအရင်းခံထားဘဲ စည်းမျဉ်းစည်းကမ်း၊ ဥပဒေအစရှိသည့် မူဝါဒများကို အရင်းခံထားသည့်
စနစ်သည် ကျွန်ုပ်တို့အားလုံး ဦးတည်ကြိုးပမ်းရမည့် လမ်းကြောင်းမှန်ပင်ဖြစ်ပါလိမ့်မည်။

ဆိုရလျှင် RULE OF LAW အတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း။ မရင့်ကျက်သေးသော
အတိုက်အခံများက အစိုးရကို လက်ညှိုးထိုးကြသည်ကိုလည်း မြင်တွေ့ခဲ့ရသဖြင့်
RULE OF LAW ၏ သဘောသဘာဝကို ဘက်စုံခြုံငုံကြည့်မြင်သုံးသပ်မှသာ အဖြေမှန်နှင့်
နီးစပ်မည်ဟု သဘောရသည်။ အဓိကဆိုလိုသည်မှာ RULE OF LAW ၏ သဘောသဘာဝကို
သိရှိနားလည်သဘောပေါက်မှသာ RULE OF LAW ရှင်သန်ထွန်းကားရေးအတွက်
လိုအပ်ချက်များကို သိမြင်နားလည်နိုင်မည်ဖြစ်၍ လက်ရှိအခြေအနေမှန်ကို
သိမြင်လက်ခံနိုင်ရေးသည် ပထမဦးဆုံးတင်ကူးလိုအပ်ချက်ပင်ဖြစ်နေသည်။

RULE OF LAW အခြေအနေမှန်

ဗြိတိသျှကိုလိုနီများကို ၂၁ ရာစုတိုင်အောင် လက်ညှိုးထိုး အပြစ်တင်နေဆဲဖြစ်သည်ဟူ၍
ပြောချင်ပြောကြပေမည်။ သို့သော် မြန်မာနိုင်ငံ၏ RULE OF LAW ကို
ပြန်ပြောင်းလေ့လာကြည့်လျှင် ကိုလိုနီနယ်ချဲ့တို့၏ သမိုင်းအမွေကို ပြန်လည်ထည့်သွင်း
တွက်ချက်ရမည်သာဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်သည် ရှင်းရှင်းဆိုရလျှင်
အုပ်ချုပ်သူအလိုကျ တရားစီရင်ပေးခဲ့သော အခြေခံပေါ် ဖောင်ဒေးရှင်းပြု၍
တိုးတက်ရင့်သန်လာခဲ့ခြင်းဖြစ်သည်။ ယင်းနောက် (ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ)
အမှန်ကို ကြည့်မြင်သုံးသပ်လျှင် နှစ်ပေါင်း ၅၀ ကျော် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်
တွင်ကျယ်ခဲ့သည့်အတွက် တရားစီရင်ရေးမဏ္ဍိုင်သည် အုပ်ချုပ်သူအလိုကျစီရင်ပေးရသော
အနေအထားတစ်ရပ်ကို ရောက်ရှိခဲ့သည်။ ယင်းအနေအထားတွင် CHECK AND BALANCE
ပြုလုပ်နိုင်သော မဏ္ဍိုင်များ၏ လှုပ်ရှားနိုင်သည့်ခွင် SPACE မှာလည်း ကြီးကြီးမားမား
မရှိခဲ့ခြင်းကြောင့် RULE OF LAW မဏ္ဍိုင် မကြံ့ခိုင်ခဲ့ဟု ဆိုနိုင်မည်ဖြစ်သည်။

ယခုသော် CHECK AND BALANCE ပြုလုပ်နိုင်သော မဏ္ဍိုင်များ ပိုမိုများပြားစွာ
ထွက်ပေါ်လာနေပြီဖြစ်သော်လည်း အားကောင်း မောင်းသန်အနေအထားသို့
မရောက်ရှိသေးခြင်းကြောင့် မပီပြင်သေးဟုဆိုနိုင်သည်။ ယခုလက်ရှိအနေအထားကို
လေ့လာကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဟူသောစနစ်က ခွင့်ပြုထားသော ပေးထားချက်
တွင RULE OF LAW ပိုမိုအားကောင်းလာစေမည့်အခြေခံများပေါ်ပေါက်လာနေပြီဖြစ်သည်။

RULE OF LAW ၏ ပလေယာအသစ်များ

RULE OF LAW ခိုင်မာအားကောင်းရေးအတွက် အများက ရှုမြင်ကြသည်မှာ
STATE ACTOR များကိုသာ ပြေးမြင်လေ့ရှိသည်။ တရားရေးမဏ္ဍိုင်ဟူသော
RULE OF LAW ချိန်ခွင်၊ အစိုးရ၊ ရဲတပ်ဖွဲ့၊ ရှေ့နေရှေ့ရပ်အစရှိသော
LAW ENFORCEMENT TEAM များ စသည်တို့သည် STATE ACTOR များဖြစ်ကြသည်။
RULE OF LAW တည်ဆောက်ရေးသည် နိုင်ငံတည်ဆောက်ရေးဟူ၍ ဖွင့်ဆိုနိုင်သည်နှင့်အညီ
အစိုးရပိုင်းမှ ပလေယာများအားကောင်းရန် လိုအပ်သည်မှာလည်း မှန်သည်။ သို့သော်
သီးခြားလွတ်လပ်ပြီး မိမိဘာသာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော RULE OF LAW
မဏ္ဍိုင်ထူထောင်ရေးအတွက်မူ အစိုးရမဟုတ်သော၊ အစိုးရနှင့် မသက်ဆိုင်သော
NON STATE ACTOR များ ခိုင်မာအားကောင်းလာရန် မလွဲမသွေလိုအပ်သည်။
ယင်း NON STATE ACTOR တွင် ထိပ်ဆုံးမှ ပါဝင်နေသည်မှာ စတုတ္ထမဏ္ဍိုင်ဟု
ခေါ်တွင်အပ်သော မီဒီယာများဖြစ်သည့်အပြင် အရပ်ဘက်လူ့အဖွဲ့အစည်း
CIVIL SOCIETY များလည်း ပါဝင်ရန်လိုအပ်သည်။

နိုင်ငံတော်သမ္မတကြီး ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသွားသည့် မိန့်ခွန်းပါအတိုင်း
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးစသည့်အရပ်ရပ် နိုင်ငံတည်ဆောက်ရေးတွင်
အဓိကကျသည်မှာ RULE OF LAW မဏ္ဍိုင်ပင်ဖြစ်နေသည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံဟူသော
အတွေးအမြင်များသည် RULE OF LAW မဏ္ဍိုင်အားနည်းချက်ကြောင့် ပေါ်ပေါက်လာခဲ့ရသော
အခြေအနေများဖြစ်ပြီး ယင်းတို့ကို တဖြည်းဖြည်းချင်း ပပျောက်သွားရန် ဆောင်ရွက်ရန်
လိုအပ်မည်ဖြစ်သည်။ အလားတူ အရေးကြီးဆုံးသော အခြေခံအုတ်မြစ်မှာ RULE OF LAW
မဏ္ဍိုင်တွင် ပြည်သူလူထုပါဝင်မှု PUBLIC PARTICIPATION ကို မြှင့်တင်ရေးပင်ဖြစ်သည်။
ဤအတွက်လည်း လက်ရှိမဏ္ဍိုင်ကြီးသုံးရပ်စလုံးက အမြင်ကျယ်ကျယ်ဖြင့် လမ်းဖွင့်ပေးရန်
လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးဆုံးသော
အဆင့်ဖြစ်သည့် RULE OF LAW တည်ဆောက်ရေးမည်မျှအထိ မြင့်မြင့်မားမားရှိမည်နည်း
ဟူသောအချက်မှာ လက်ရှိအာဏာကြီးသုံးရပ်ကို ရယူထားသော မဏ္ဍိုင်ကြီးသုံးရပ်က
မည်မျှဝေးဝေးကြည့်မြင်နိုင်မည်နည်းဟူသောအခြေအနေပေါ်တွင်သာ မူတည်နေကြောင်း
သတ္တုချကြည့်နိုင်သည်။ ယင်းမဏ္ဍိုင်ကြီးသုံးရပ်က ပြည်သူလူထုပါဝင်မှုကို မည်မျှအထိ
ခွင့်ပြုပေးနိုင်သနည်းဟူသော လမ်းဖွင့်ပေးမှုနှင့် ပြည်သူလူထုအကြား RULE OF LAW
ကြံ့ခိုင်စေသော အကြောင်းရင်းများ ရှင်သန်ကြီးထွားလာမှုတို့သည် အနာဂတ်
မြန်မာ့ဒီမိုကရေစီမည်မျှခိုင်မာမှုရှိမည် ဟူသောအချက်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

နောက်ကြောင်းပြန်ခြင်း/မပြန်ခြင်းနှင့် RULE OF LAW တည်ဆောက်ခြင်း

နိုင်ငံတကာ လေ့လာသုံးသပ်သူများက လက်ရှိမြန်မာနိုင်ငံ၏ အပြောင်းအလဲများသည်
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ပြုပြင်ပြောင်းလဲမှု၊
လွှတ်တော်ဥက္ကဋ္ဌများနှင့် ဥပဒေပြုရေးမဏ္ဍိုင်၊ ပြုပြင်ပြောင်းလဲလိုသူ
ကက်ဘိနက်ဝန်ကြီးအချို့နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရက်တစ်
အင်အားစု စသည်တို့ကိုအရင်းခံ၍ ရွေ့ခဲ့ပြီးသော အရွေ့တို့ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့်
မြန်မာနိုင်ငံ၏ ဤအရွေ့သည် လူပုဂ်္ဂိုလ်များ (နိုင်ငံရေးခေါင်းဆောင်များ၏
နိုင်ငံရေးစိတ်ဆန္ဒများ) အပေါ်တွင်မူတည်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏အရွေ့သည်
လူကိုအခြေခံသည့် အပြောင်းအလဲများဖြစ်နေသည်။ ထို့ကြောင့် ယင်းအရွေ့တို့သည်
မတည်မြဲသောသဘောကို ဆောင်သည်။ ထို့ကြောင့် အမှီပြုနေသော လူပုဂ်္ဂိုလ်အထိုင်များ
အပြောင်းအလဲတစ်စုံတစ်ရာ ကြုံလာခဲ့ပါက ရွေ့ခဲ့ပြီးသောအရွေ့တို့ ပြိုကွဲနိုင်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲများသည် နောက်ကြောင်းပြန်မလှည့်နိုင်တော့ဟု
အာမခံနိုင်သည့် အနေအထားသို့မရောက်ရှိသေး။ အချိန်မရွေးနောက်ကြောင်းပြန်နိုင်သည်ဟု
ကောက်ချက်ဆွဲထားကြသည်ကိုတွေ့ရှိရသည်။

ဆိုလိုသည်မှာ လူပုဂ္ဂိုလ်ကိုအခြေခံသော အပြောင်းအလဲများ ဖြစ်နေသရွေ့
အနိစ္စဘောနှင့် ဒွန်တွဲနေဦးမည်ဟူသော သဘောပင်ဖြစ်သည်။ ၎င်းသဘောတရားကို
စဉ်ဆက်မပြတ် ရှင်သန်ကျင်လည်စေသော SUSTAINABLE DEVELOPMENT သို့
ရောက်အောင်သွားလိုလျှင် ဆိုင်ခဲ့ပါ RULE OF LAW မဏ္ဍိုင်ခိုင်မာစေရန်
တည်ဆောက်ကြရမည် ဖြစ်သည်။ အစိုးရများ တက်လာလိုက်၊ ပြုတ်ကျသွားလိုက်၊
နိုင်ငံရေး ပါတီများ တက်လာလိုက်၊ ပြုတ်ကျသွားလိုက်၊ နိုင်ငံရေးခေါင်းဆောင်များ
တက်လာလိုက်၊ ပြုတ်ကျသွားလိုက် ရှိပါလိမ့်မည်။ RULE OF LAW မဏ္ဍိုင်သည်ကား
တစ်ခေတ်ပြီးတစ်ခေတ် တိုးတက်ခိုင်မာစွာ တည်ဆောက်ခြင်းကြောင့်
ခိုင်မာသည်ထက် ခိုင်မာလာသည်ရန်သာရှိသလို ယင်းတည်ဆောက်ထားသော
RULE OF LAW ကိုအခြေခံ၍ အုပ်ချုပ်သူတို့ အုပ်ချုပ်ကြ၊ ဥပဒေပြုသူတူတို့ ဥပဒေပြုကြ၊
တရားစီရီရင်သောသူတူတို့ တရားစီရီရင်ကြနှင့် အပြန်အလှန်အထိန်းအကျောင်းပြုသော
နိုင်ငံရေးစနစ်သည်သာ အဆုံးမဲ့တည်နေမည်ဖြစ်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်လေ့လာကြည့်လျှင် ဥပဒေပြုခွင့်ရှိသော
ပုဂ္ဂိုလ်များမှာ အစိုးရ၀န်ကြီးဌာန/အဖွဲ့အစည်းများနှင့် လွှတ်တော်အမတ်များဖြစ်ကြပြီး
ပြည်သူများအနေဖြင့် ဥပဒေရေးဆွဲရာ၌ မည်သည့်နေရာမှ ပါဝင်နိုင်သည်ကို ကြည့်ရှုကြရန်
လိုသည်။ ဥပဒေဟူသည် လူအများလိုက်နာစေရန် ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်သော်လည်း
ရှေးယခင်က ဥပဒေကိုသာမန်ပြည်သူများ လွယ်လင့်တကူ နားမလည်စေရန် ရည်ရွယ်ချက်ရှိရှိ
ရေးဆွဲခဲ့ကြသည်ကိုလည်း သတိချပ်သင့်သည်။ ခေတ်မီတိုးတက်သော ဒီမိုကရေစီ
လူ့အဖွဲ့အစည်းတွင် ပြည်သူများသည် ဥပဒေများကို သိရှိနားလည်ထားကြသည်။
အနိမ့်ဆုံးအဆင့် ပြည်သူ့အခွင့်အရေးကို သိရှိထားကြရန်လိုသည်။ အလားတူ လိုက်နာရမည့်
တာဝန်များကိုလည်း သိရှိထားကြသည်။ ယင်းအတွက် CIVIL SOCIETY များက
ဦးဆောင်၍ CIVIL EDUCATION ပြုလုပ်ပေးကြသည်။ ပြည်သူလူထုကို ဥပဒေမျက်စိများ၊
နားများဖွင့်ပေးကြသည်။ အရာရာသည် RULE OF LAW အတိုင်းသာဖြစ်ကြရသည်။
အုပ်ချုပ်သူဟူ၍ ဥပဒေက အခွင့်အရေးပိုပေးမထား၊ အားနည်းသူဆိုလျှင် ဥပဒေကြောင်းအရ
အကာအကွယ်ပင် ပိုမိုအပ်နှင်းပေးထားတတ်သည်။

လက်ရှိဥပဒေများရေးဆွဲမှုတွင် လွှတ်တော်များမှ လက်မှတ်ရေးထိုးရန် နိုင်ငံတော်သမ္မတ
(ပြည်နယ်အဆင့်တွင် ပြည်နယ်ဝန်ကြီးချုပ်) ထံသို့ ပေးပို့သော ဥပဒေကြမ်းကို
နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းစေသည်။ ထိုအချိန်တွင် ပြည်သူများမှာ မီဒီယာများမှတစ်ဆင့်
အဆိုပါပြန်တမ်းပါဥပဒေများကို သိခွင့်ရရှိမည်။ မီဒီယာများတွင် ဝေဖန်ကြမည် စသည့်
အနေအထားမျိုး ဖန်တီးထားသည်ကိုတွေ့ရှိရသည်။ နိုင်ငံတော်ပြန်တမ်းတွင်
ထည့်သွင်းလိုက်ခြင်းသည် PUBLIC OPINION ရရှိနိုင်မည့် အကောင်းမွန်ဆုံးသော
နည်းလမ်း ဟုတ်၊ မဟုတ် စဉ်းစားကြည့်ရန် လိုပါမည်။ ကိုလိုနီခေတ်ကတော့မှန်သည်။
ပြန်တမ်းဟူသည် ပြည်သူနှင့် အလှမ်းဝေးသည်။ ထုတ်ပြန်လိုက်သော ဥပဒေကို
ပြည်သူများ မသိလျှင် ပိုကောင်းသည်။ ပြည်သူများ လိုက်နာရမည့်ဥပဒေများကို
ရေးဆွဲသောအဆင့်တွင် ပြည်သူများ၏ သဘောထားအမြင်များ ပါဝင်စေရန် ဆောင်ရွက်ရန်
သင့်၊ မသင့် ဟူသောမေးခွန်းကို ဦးစွာဖြေကြည့်လျှင် RULE OF LAW မဏ္ဍိုင်အနေအထားကို
တွက်ဆကြည့်နိုင်သည်။

ခေတ်မီဖွံ့ဖြိုးသောနိုင်ငံများတွင် မီဒီယာများ၊ သီးခြား LAW FIRM များဆိုင်ရာ NGO များ၊
ပုဂ္ဂလိကသုတေသနအဖွဲ့အစည်းများစသည်တို့က ယင်းဥပဒေများကို ဝေဖန်မှုပြုကြသည်။
ပြစ်ချက်ထောက်ပြမှုများ ပြုကြသည်။ ဤသို့ဖြင့် ပြည်သူများ၏အသံများ ထွက်ပေါ်လာသည်။
ကျွမ်းကျင်သူပညာရှင်များက ဆိုင်ရာရှုထောင့်အလိုက် အကဲဖြတ်ဝေဖန်မှုပြုကြသည်။
အစိုးရ သို့မဟုတ် လွှတ်တော်များကို ယင်းတို့သဘောထားများကို နားထောင်ကာ
ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုကြသည် (သို့တည်းမဟုတ်) လွှတ်တော်အမတ်များကို
ယင်းသဘောထားများကို စုစည်း၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုကြသည်။ ဆိုရလျှင်
ပြည်သူများသည် ဥပဒေပြုရေးတွင် မူလကတည်းက ကြီးမားသောအခန်းကဏ္ဍမှ
ပါဝင်နေခဲ့ခြင်းပင်ဖြစ်သည်။

ပွင့်ပွင့်လင်းလင်းတင်ပြရလျှင် ဥပဒေများသည် ပြည်သူများလိုက်နာစေရန်အတွက်
ပြဋ္ဌာန်းပေးခြင်းဖြစ်၍ စတင်ရေးဆွဲသောအဆင့်မှာပင် ပြည်သူလူထုအနေဖြင့် သိရှိထားရန်
လိုအပ်သကဲ့သို့ ယင်းရေးဆွဲမှုများနှင့်စပ်လျဉ်း၍ ဝေဖန်ပြောကြားခွင့်များ ရရှိသင့်သည်။
သို့သော် မိမိတို့နိုင်ငံ၏ ဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်များမှာ ပြည်သူလူထုပါဝင်မှုကို
ကန့်သတ်ပိတ်ပင်ထားသော သဘောမျိုးဖြစ်နေ၍ အုပ်ချုပ်ရေးမဏ္ဍိုင်ကရော
ဥပဒေပြုရေးမဏ္ဍိုင်ကပါ ပြန်လည်စဉ်းစားသင့်ကြောင်း တွေ့ရှိရသည်။
နိုင်ငံတကာမှ မကြာခဏ ဝေဖန်ပြောဆိုလျက်ရှိသော CAPACITY GAP ကြောင့်
DRAFTING THE BILL အဆင့်တွင် ပြည်သူများပါဝင်ခွင့်ရရှိရန် စောသေးသည်ဟု
ဆိုပါက ယင်းအဆိုမှားယွင်းကြောင်း ထောက်ပြလိုသည်။

ကျွန်ုပ်တို့၏တာဝန်

RULE OF LAW တည်ဆောက်ရေးသည် နိုင်ငံတည်ဆောက်ရေးဖြစ်သည်။
ထို့အတူ ယင်း RULE OF LAW မဏ္ဍိုင်ကြံ့ခိုင်ရေးအတွက် မည်သူ့တွင် တာဝန်ရှိသနည်းဟု
ဆိုလျှင် အစိုးရ၊ လွှတ်တော်၊ တရားသူကြီးများတွင် အဓိကတာဝန်ရှိသည်ဟု
ဆိုနိုင်သော်လည်း အမှန်စင်စစ် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိနေသည်။
အစိုးရချည်းသက်သက်၊ လွှတ်တော်ချည်းသက်သက်၊ တရားစီရင်ရေးသက်သက်၊
LAW ENFORCEMENT သက်သက် ဆောင်ရွက်နေလျှင် အားလုံးပါဝင်သော
ဥပဒေစိုးမိုးရေး ALL INCLUSIVE RULE OF LAW ရရှိလာမည်မဟုတ်ပေ။
အမှန်တကယ် RULE OF LAW မဏ္ဍိုင်ကြံ့ခိုင်လိုလျှင် NON STATE ACTOR များ
အားကောင်းရန်အပြင် ဥပဒေရေးဆွဲရေး၊ ပြဋ္ဌာန်းရေး၊ ပြင်ဆင်ဖြည့်စွက်ရေး၊ စိုးမိုးရေးစသည့်
လုပ်ငန်းအဆင့်ဆင့်တွင် ပြည်သူများပါဝင်ရန် လိုအပ်သည်။

RULE OF LAW တည်ဆောက်ရေးဟူသည် ပါးစပ်ကပဲ ပြောနေရုံ သက်သက်ဖြင့်
ခိုင်မာအားကောင်းလာမည်မဟုတ်ဘဲ နိုင်ငံသားတိုင်း တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြရန်
လိုအပ်သလို တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်လည်း လမ်းဖွင့်ပေးရန်
လိုအပ်မည်ဖြစ်သည်။ လမ်းဖွင့်ပေးနိုင်သော ပြည်သူများပါဝင်စေနိုင်သော အခြေအနေများ
ဖန်တီးပေးရေးသည် လက်ရှိမဏ္ဍိုင်ကြီးသုံးရပ်၏ သဘောထားကြီးမှုအပြင်
အမြော်အမြင်ကြီးမားမှုပေါ်တွင်လည်း မူတည်နေကြောင်း တွေ့ရှိရသည်။
RULE OF LAW မဏ္ဍိုင် အားကောင်းခိုင်မာစေရန်အတွက် အပြန်အလှန်ထိန်းကျောင်းမှုပြုသော
ယန္တရားများ၊ စနစ်များ စသည်တို့ကိုလည်း တစ်ဆက်တည်း ဖန်တီးပေးရန်လိုသည်။
သို့မှသာ နောင်တစ်ချိန်တွင် အငြင်းပွားဖွယ်ရာမရှိသော RULE OF LAW ပတ်ဝန်းကျင်ကောင်းကို
ပုံဖော်တည်ဆောက်နိုင်မည် ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးဖြစ်သော RULE OF LAW
တည်ဆောက်ရေးကို အစိုးရတစ်ခုတည်း၊ လွှတ်တော်တစ်ခုတည်း၊ တရားစီရင်ရေး
တစ်ခုတည်း၊ မဏ္ဍိုင်ကြီးသုံးရပ်သက်သက် ပုံချနေ၍ မရပါ။

အမှန်စင်စစ RULE OF LAW သည် နိုင်ငံတည်ဆောက်ရေး ဖြစ်သောကြောင့်
နိုင်ငံသားအားလုံးတွင် တာဝန်ရှိပြီး ယင်းသို့ နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟူသော
အချက်ကို မဏ္ဍိုင်ကြီးသုံးရပ်က သိမြင်နားလည်နိုင်ရေးသည် လက်ငင်းစိန်ခေါ်မှုတစ်ရပ်
ဖြစ်နေပေသည်။

(မှူးဇော်)

No comments:

Post a Comment