Thursday 14 February 2013

ရခိုင်ပြည် ဒုက္ခသည်များ နဲ့ နယ်စီးမခြား ဆရာဝန်များ

ဒေါ်ခင်စိုးဝင်း MSF  မြန်မာနိုင်ငံရုံးအကြီးအကဲ Peter Paul de Groote ကို တွေ့ဆုံမေးမြန်းနေစဉ်။
ဒေါ်ခင်စိုးဝင်း MSF မြန်မာနိုင်ငံရုံးအကြီးအကဲ Peter Paul de Groote ကို တွေ့ဆုံမေးမြန်းနေစဉ်။
ဒေါ်ခင်စိုးဝင်း
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ Médecins Sans Frontières (MSF) ဟာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်နေတဲ့နေရာဒေသက လူတွေကို ဘက်မလိုက်ဘဲ မျှမျှတတ ကူညီပေးနေတယ်လို့ MSF မြန်မာနိုင်ငံရုံးအကြီးအကဲ က ပြောဆိုပါတယ်။ 
 
ရခိုင်ပြည်နယ်အတွင်း သူတို့အဖွဲ့ရဲ့  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် ဒေသခံအချို့ က အထင်အမြင်လွှဲမှားပြီး စွပ်စွဲပြောဆိုတာတွေ၊ ခြိမ်းခြောက်ရန်လိုတဲ့ အပြုအမှုတွေကို တွေ့ခဲ့ရတယ်လို့ဆိုပြီး သူတို့ရဲ့  အကူအညီပေးလုပ်ငန်းတွေကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်အောင် အစိုးရနဲ့ လူထုကလည်း ဝိုင်းဝန်းကူညီဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ MSF ရဲ့  မြန်မာနိုင်ငံရုံးအကြီးအကဲ Peter Paul de Groote ကို ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က ရန်ကုန်မြို့ မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်ပြည်နယ်ကို ဘယ်တုန်းက နောက်ဆုံးရောက်ရှိခဲ့ပါသလဲ။ ဘယ်မြို့ နယ်တွေကို သွားရောက်လေ့လာခဲ့ပါသလဲ။

Peter Paul de Groote ။ ။ ကျနော် လွန်ခဲ့တဲ့ နှစ်ပတ်က နောက်ဆုံးရောက်ခဲ့ပါတယ်။ မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်းတော နဲ့ စစ်တွေတို့ကို ရောက်ခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ MSF ရဲ့  ထုတ်ပြန်ချက်ထဲမှာ MSF ရဲ့  ဝန်ထမ်းတွေကို ရခိုင်ဒေသခံလူတချို့ က ခြိမ်းခြောက်တယ်၊ ရန်လိုတယ်၊ နောက် ဘက်လိုက်တယ် စသဖြင့် စွပ်စွဲတာတွေ ရှိနေလို့ အကူအညီပေးရေးမှာ အခက်အခဲဖြစ်နေတယ်လို့ ဆိုထားပါတယ်။ ဘယ်လို ခြိမ်းခြောက်မှုတွေကိုများ ရင်ဆိုင်နေရပါသလဲရှင်။

Peter Paul de Groote ။ ။ ဒုက္ခသည်တွေရဲ့  စခန်းတွေထဲမှာ အကူအညီပေးနေတဲ့ အခြေအနေတွေကို ပထမ ဦးဆုံး ရှင်းပြချင်ပါတယ်။ ကျနော်တို့မှာ နယ်လှည့်ဆေးခန်းတွေ အများကြီးနဲ့ ဒုက္ခသည်တွေကို ကုသပေးနေ တာ ဖြစ်ပါတယ်။ ကားနဲ့ မော်တော်ဘုတ်တွေနဲ့ပါ နေရာ (၂၀) လောက်ဖြန့်ပြီးတော့ ဆေးကုသပေးနေပါ တယ်။ မူစလင်စခန်း (၁၅) ခုနဲ့ ရခိုင်စခန်း (၅) ခုအတွက် ဖြစ်ပါတယ်။ အဲဒီ စခန်းတွေအကုန်လုံး အကူအညီ သိပ်ကိုလိုအပ်နေကြတာပါ။ အဲဒါကြောင့် ဝန်ထမ်းတွေ အများကြီးခန့်ထားရသလို။ ဝန်ထမ်းတွေ ဒုက္ခ သည်တွေဆီကို အရောက်သွားနိုင်ဖို့အတွက် လိုပါတယ်။ ဒုက္ခသည်တွေကလည်း ကျနော်တို့ဆီ လာနိုင်အောင်လည်း ခွင့်ပြုရမှာပါ။ ဒါပေမဲ့ အခြေအနေက မပေးပါဘူး။ လူအနည်းငယ်သာ ပါဝင်ပေမဲ့ အသိုင်းအဝိုင်းမှာ သြဇာရှိတဲ့ လူတချို့ ရဲ့  ခြိမ်းခြောက်အကြပ်ကိုင်တာတွေကို MSF က ဝန်ထမ်းတွေက ရင်ဆိုင်နေရတာပါ။ ကျန်းမာရေးအကူအညီ လိုအပ်နေတဲ့ လူတွေဆီကို ကျနော်တို့ ဝန်ထမ်းတွေ အရောက် သွားနိုင်ဖို့ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီ ပြဿနာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားတာ ရှိပါသလား။

Peter Paul de Groote ။ ။ ဒီလို အခက်အခဲတွေနဲ့တွေ့တိုင်း အာဏာပိုင်တွေကို အကြောင်းကြားပါ တယ်။ ပြည် နယ်အဆင့်၊ နေပြည်တော်အဆင့်ထိတောင် ကျနော်တို့ ပန်ကြားနေပါတယ်။ သူတို့အားလုံးကလည်း ပံ့ပိုး ကူညီ အားပေးနေတာပါ။ ဒါပေမဲ့ ကျနော် မေတ္တာရပ်ခံချင်တာက ကျနော်တို့ရဲ့  လုပ်ငန်းတွေ ထိရောက်အောင် လူသိရှင်ကြား အကူအညီပေးဖို့ပါ။ MSF တဖွဲ့တည်းအတွက် မဟုတ်ပါဘူး။ တခြား လူ မှုရေးအကူအညီပေးနေတဲ့ အဖွဲ့တွေအတွက်လည်း အကျိုးရှိမယ် ထင်ပါတယ်။ အခု တွေ့နေရတာက တကယ့်လက်တွေ့မှာ လိုအပ်ချက်နဲ့ ကျနော်တို့ ပံ့ပိုးပေးနိုင်တဲ့ အကူအညီက သိပ်ကို ကွာဟနေတာပါ။ ဒါကို ပြေလည်အောင်လို့ အစိုးရက ကူညီပေးဖို့ လိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကမ္ဘာအရပ်ရပ်ကနေ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက်ဆိုပြီး စာနာမှုအကူအညီတွေ အများကြီးပေးနေတာကို ကြားသိရနေပါတယ်။ ဒါပေမဲ့ ဒီအထောက်အပံ့တွေကို ဘယ်လိုဖြန့်ဖြူးတယ်။ ဘယ်သူတွေကို ပံ့ပိုးပေးတယ်ဆိုတာကတော့ သေသေချာချာ မသိရပါဘူးရှင်။

Peter Paul de Groote ။ ။ ဒါတွေကို သိနိုင်ဖို့ သိပ်ခက်ခဲပေမယ့်လဲ။ ကျနော်တို့ရဲ့  လုပ်ငန်းတွေက ပွင့်လင်းမြင် သာမှု ရှိပါတယ်။ ကျနော်တို့ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာကို ရှင်းပြနိုင်တယ်။ MSF အနေနဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို အရင်စမ်းစစ် အကဲခတ်တယ်။ ဘယ်နေရာမှာ လိုအပ်နေတာလဲ။ ဘာတွေ လိုအပ်နေသ လဲ စတဲ့ အချက်တွေကို အခြေခံပြီး ဆုံးဖြတ်တာပါ။ ဘယ်လူမျိုး၊ ဘယ်ဘာသာရယ်ဆိုပြီး ခွဲခြားပြီး ကူညီတာ မဟုတ်ပါဘူး။ တချို့ က စွပ်စွဲနေကြသလို တဖက်ကို ဘက်လိုက်ပြီး ကူညီနေတယ်ဆိုတာကတော့ လုံးဝမ ဟုတ်ဘူးလို့ အလေးအနက် ပြောလိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်ပြည်နယ်မှာ လူမျိုး၊ ကိုးကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှု လုံးဝမတူတဲ့ အသိုင်းအဝိုင်းနှစ်ခု အပြန်အလှန် နားလည်းသည်းခံမှုနဲ့ သဟဇတ မျှမျှတတ အတူယှဉ်တွဲနေထိုင်ရေးအတွက် ပညာပေးလုပ် ငန်းတွေ လိုအပ်တယ်လို့ ယူဆပါသလားရှင်။ လိုအပ်တယ်လို့ ယူဆရင် အဲဒီ ပညာပေး လုပ်ငန်းတွေကို ဘယ်အဖွဲ့အစည်းက တာဝန်ယူဖို့သင့်တယ်လို့ အကြံပေးချင်ပါသလဲရှင်။

Peter Paul de Groote ။ ။ MSF က လူမှုရေးအကူအညီတွေကိုသာ ကိုင်တွယ်တဲ့အဖွဲ့ကြီးဖြစ်လို့ နိုင်ငံရေးနဲ့ မသက်ဆိုင်ပါဘူး။ အသိုင်းအဝိုင်းနှစ်ခုအကြား စေ့စပ်ဖို့ဆိုတာကို နိုင်ငံရေးရှုထောင့်ကနေ သုံးသပ်ရမှာပါ။ ဒီလို နိုင်ငံရေးမျိုးကို အဖြေရှာဖို့ အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ကျနော်တို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ လူမျိုးဘာသာမရွေး လိုအပ်တဲ့လူတွေဆီကို အကူအညီပေးဖို့ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ MSF ဝန်ထမ်းတွေ အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေဆီကို အရောက်သွားနိုင်ဖို့ အတွက် အစိုးရအနေနဲ့ အကူအညီပေးနိုင်အောင် ဘယ်လိုများ အကြံပြုပြောလိုပါသလဲရှင်။

Peter Paul de Groote ။ ။ အခု ကျနော်တို့နဲ့တွဲပြီး ကြားဝင်ဖျန်ဖြေပေးနေတာကို အရှိန် အဟုန်မြင့် ဆောင် ရွက်ပေးစေလိုပါတယ်။ ကျနော်တို့အပါအဝင် အားလုံးရဲ့  အားစိုက်မှုက ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ ဒီထက်မက တိုးပြီးတော့ လုပ်ကြရအုံးမှာပါ။ အစိုးရကို တောင်းဆိုချင်တာက ကျနော်တို့ရဲ့  လုပ်ငန်းတွေကို လူသိရှင်ကြား ရပ်တည်ပြီး ထောက်ခံပေးဖို့ ဖြစ်ပါတယ်။ MSF ဆိုတာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ် ပါတယ်။ ဘယ်လို ပဋိပက္ခမျိုးမှာမဆို ဘယ်ဘက်ကမှ မလိုက်ဘဲ မျှမျှတတ ကြားနေရပ်တည်တဲ့ အဖွဲ့ ဖြစ်ပါ တယ်။ ဒါကြောင့် လူထုရဲ့  အကူအညီလည်း လိုအပ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ အကူအညီ အပူတပြင်း လိုအပ်နေတဲ့ လူတွေရှိနေတဲ့အတွက် အဲဒီလူတွေဆီကို အရောက်သွားပြီး အကူအညီပေးနိုင်ဖို့ အစိုးရကို ကျနော်တို့က မေတ္တာရပ်ခံနေတာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်ပြည်နယ်မှာရှိတဲ့ မူစလင်အသိုင်းအဝိုင်းရဲ့  ခလေးမွေးဖွားနေတဲ့နှုန်းက သိပ်မြင့်မားနေ တဲ့အတွက် မိသားစု စီမံကိန်းလို၊ သားဆက်ခြား စီမံကိန်းလို၊ အထူးကျန်းမာရေး ပညာပေးအစီအစဉ်တွေကို MSF က အကူအညီ ပေးနေပါသလားရှင်။

Peter Paul de Groote ။  ။ အထူးအစီအစဉ်တရပ်အနေနဲ့ အသိုင်းအဝိုင်းတခုကို သီးသန့်လုပ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအားလုံးအတွက် ကျနော်တို့ရဲ့  ကျန်းမာရေး ပြုစုစောင့်ရှောက် မှု အစီအစဉ်တွေထဲမှာ Re-productive Healthcare ဆိုတဲ့ ခလေးမွေးဖွားမှုဆိုင်ရာကဏ္ဍနဲ့ ပါဝင်ပြီး ဖြစ် ပါ တယ်။ မိသားစုစီမံကိန်းဆိုတာ အမြဲတမ်း ပညာပေးနေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ MSF က ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ် မိသားစုစီမံကိန်းကို ကျန်းမာရေးကဏ္ဍမှာ အမြဲတမ်းထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ MSF အနေနဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ဘယ်လိုများ ဖြေရှင်းဖို့ ရှိပါသလဲရှင်။

Peter Paul de Groote ။ ။ ကျနော်တို့ ဝန်ထမ်းတွေ အမြဲလိုလို ခြိမ်းခြောက်ခံနေရတော့ သိပ်ကိုခက်ခဲနေပါ တယ်။ မြန်မာဆရာဝန်တွေ၊ သူနာပြုတွေက သတ္တိရှိရှိနဲ့ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ နိုင်ငံတကာ ဝန် ထမ်းတွေနဲ့အတူ တွဲပြီးတော့ ကွင်းဆင်းကူညီနေတာပါ။ ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ ဆရာ ဝန်တွေရဲ့  ကျင့်ဝတ်နဲ့အညီ ကျောသားရင်သား မခွဲခြားဘဲ တန်တူကူညီနေတာပါ။ ဒါကြောင့် အကူအညီလို အပ်နေသူတွေကို ကူညီနိုင်ဖို့ အစိုးရနဲ့ ပြည်သူလူထုကပါ ဝိုင်းဝန်းကူညီပေးကြပါလို့ MSF က တိုက် တွန်းနှိုးဆော်နေရတာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးတင်ပါတယ်ရှင်။ 
 
http://burmese.voanews.com/content/burma-forum-msf-in-burma/1600662.html  
 

No comments:

Post a Comment