Wednesday 13 February 2013

လွတ်လပ်ရေးရပြီးမှ သူတောင်းစားဘဝရောက်

Tuesday, 12 February 2013 17:13 သျှမ်းသံတော်ဆင့်
E-mail Print

ပြည်ထောင်စုနေ့အခါသမယမှာ ပြည်ထောင်စုသားတွေနဲ့ဆိုင်တဲ့ ပင်လုံညီလာခံ အကြောင်း သွားစဉ်းစား မိပါတယ်။ ပင်လုံ ညီလာခံဆိုတာနဲ့တပြိုင်နက် အခု နိုင်ငံရေးအခြေအနေမှာ လဲ ငြိမ်းချမ်းရေးဖော်ဆောင်နေ တဲ့ ပုဂ္ဂိုလ်ကြီးတွေက ဒုတိယ ပင်လုံညီလာခံလုပ်မယ်လို့ ပြောနေကြတာကိုလဲတွေးမိပါတယ်။

ဒုတိယပင်လုံညီလာခံလုပ်တော့မယ်ဆိုရင် ပထမပင်လုံလောက် ကောင်းအောင်လုပ်နိုင်မလား။ အဲဒီထက် ပိုကောင်းလာ မလား သို့မဟုတ် အဲဒီထက်ပိုဆိုးနေမလား- စဉ်းစားစရာဖြစ်နေပါတယ်။

ဘာပြုလို့လဲဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တချို့က မလုပ်ရသေးတဲ့ ဒုတိယပင်လုံကိုသိပ်ပြီးလက် မခံ ချင် ဘဲ ပထမပင်လုံကဘဲ အကောင်းဆုံးဖြစ်တယ်လို့ ပြောနေကြပါတယ်။
ပထမပင်လုံမှာကော ဘာတွေပါလို့လဲ။ ပြန်ကြည့်မယ်ဆိုရင် ပင်လုံမှာ သဘောတူညီချက် ၉ ချက်ရှိတယ်လို့ ဆိုပေမယ့် ချုပ်ကြည့်ရင်တော့ အဓိကအချက်ကြီး ၅ ချက် တွေ့ရပါမယ်။

Full authority on frontier affairs  ( ပင်လုံစာချုပ်ပါ အချက် ၁ မှ ၄ ထိ) နယ်စပ်ဒေသရေးရာ နှင့် ပတ်သက်၍ တိုင်းရင်းသားတို့သည် အာဏာ အပြည့်အဝရှိရမယ်လှိုဆိုလိုတာပါ။ လက်ရှိကျနော်တို့ရဲ့ သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ကြည့်ရအောင်။ သူ့မှာ ဘာမှဆုံးဖြတ်ပိုင်ခွင့်အာဏာရှိပါသလဲ။

Full autonomy on internal administration (ပင်လုံစာချုပ်ပါ အချက် ၅ ) မိမိပြည်နယ်အတွက် ကိုယ့်ကြမ္မာကို ဖန်တီးပိုင်ခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိရပါမယ်။ လက်ရှိမှာတော့ ကျနော်တို့ရဲ့ဝန်ကြီးချုပ်ကို ကျနော်တို့ ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပါဘူး။

To have a Kachin State (ပင်လုံစာချုပ်ပါ အချက် ၆ )ကချင်ပြည်နယ်ရှိရမည်။ ကချင်ပြည်နယ်တော့ ရှိပါရဲ့ ။ ပြည်နယ်သားတွေတော့ ဒီနေ့အထိ ဘာအခွင့်အရေးမှ မရရှိခဲ့ပါဘူး။

Rights/ Privileges fundamental in democratic countries (ပင်လုံစာချုပ်ပါ အချက် ၇ ) ဒီမိုကရေစီ နိုင်ငံများကဲ့သို့ အခြေခံကျသော ရပိုင်ခွင့်နှင့်အထူးရပိုင်ခွင့်များရှိရမည်။ လက်ရှိအစိုးရ စွဲကိုင်ထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံထဲ မှာတော့ အခွင့် အရေးတွေပေးထား ပါတယ်။ သို့ပေမယ့် ပေးထားတဲ့အချက်တိုင်းမှာ အဲဒီအခြေခံ ဥပဒေက ဘဲ အားလုံးပြန်လည်သိမ်း ပိုက်ထားပါတယ်။ အားလုံးကိုဘဲ ပြန်ယူထားတာတွေ့ရတယ်။ ဥပမာဆိုပါစို့- အဓမ္မလုပ်အား ခိုင်းစေမှုလုံးဝ မရှိစေရ။ ချွင်းချက် - နိုင်ငံတော် လုံခြုံရေးအတွက် ခိုင်းစေမှုမှလွဲ၍ တို့လိုပေါ့။

Financial autonomy (ပင်လုံစာချုပ်ပါ အချက် ၈ - ၉ ) ငွေကြေးနှင့်ပတ်သက်၍ လွတ်လပ်စွာ စီရင်ပိုင်ခွင့်ရှိမယ်။

အင်္ဂ္လိပ် ၊ ဗြိတိသျှလက်အောက်ခံ ကျွန်ဘဝတုန်းကတောင်မှ ကျနော်တို့ မတောင်းစားခဲ့ရပါဘူး။  သျှမ်းပြည်မှာ သဘာဝ အရင်းအမြစ်တွေ၊ သယံဇာတတွေပေါများတယ်။ ကျနော်တို့ရသင့်ရထိုက်တာတွေလဲ အင်္ဂ္လိပ် အစိုးရက ပြန်ပေး ပါတယ်။ ခုလွတ်လပ်ရေး ရပြီးပါပြီဆိုကာမှ သျှမ်းပြည်နယ်ထဲကထွက်တဲ့ သယံဇာတတွေ အတွက် ဘာအခွန်မှ မရဘူး။ ငွေကြေးသုံး စွဲမှု ဘာဆိုဘာမှ မသိရှိရပါ ဘူး။ နေပြည်တော် ကို ပြန်တောင်း ရတယ်။ အစိုးရကိုယ်တိုင်ကလဲ ကျနော်တို့ကိုဘယ်လောက် ထောက်ပံ့တယ်။ လမ်းအတွက်ဘယ်လောက်၊ တံတားအတွက်ဘယ်လောက်စသဖြင့်ပေါ့။ ရယူသွားတာတော့ ဘာမှ စာရင်းပြန်မရှင်းဘူး။ အဲတော့ ခုမှ သူတောင်းစား ဘဝ လုံးလုံးဖြစ်သွားရတာပါ။

ဒီကြားထဲ  အတိုက်အခံအဖွဲ့အစည်းတွေအချို့က ဆန့်ကျင်နေတဲ့ Autonomy ဆိုတဲ့အကြောင်း လေး စဉ်းစားမိပါတယ်။

Autonomy ဆိုတာ  ဂရိဘာသာစကားပါ။ Auto နဲ့ Nomos နဲ့ပေါင်းထားတာလို့ ဆိုပါတယ်။ Auto ဆိုတာက မိမိကိုယ်ကို လို့အဓိပ္ပါယ်ရပြီး Nomos ဆိုတာကတော့ ဥပဒေ လို့ အဘိဓာန်မှာဖော်ပြထားပါတယ်။ မိမိကိုယ်ကို ဥပဒေပေးခြင်းလို့ ဆိုပါ တယ်။ နိုင်ငံရေးအဘိဓာန်မှာတော့  Autonomy ဆိုတာ Self Rule သို့မဟုတ်  Independence လို့ အဓိပ္ပါယ်ရပါတယ်  ။ အဲဒီထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်တွေရှိပါတယ်။ ဒါကြောင့် Autonomy ကိုလွတ်လပ်ရေးလို့လည်းပြောနိုင်ပါတယ်။

ပင်လုံစာချုပ်မှာ Autonomy in internal administration ဆို တာကို Internal Rights of self determination  ပြည်နယ်အတွင်းကိုယ်ပိုင်ပြဌာန်းခွင့်လို့ အဓိပ္ပါယ် ဖွင့်ကြပါတယ်။ အဲဒီတော့  ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွင်မကဘဲ ကိုယ်ပိုင်ဥပဒေပြုခွင့်နဲ့ ကိုယ်ပိုင် တရားစီရင်ပိုင်ခွင့် အပြည့်အဝ ရှိမှာဖြစ်ပါတယ်။

ဒါကြောင့်  ပြည်ထောင်စုနေ့ နေ့ထူးနေ့မြတ်ကနေ ပထမပင်လုံကိုဘဲစွဲကိုင်ချင်သူတွေအတွက်ရော ဒုတိယ ပင်လုံအတွက် ကြိုးစားနေတဲ့သူတွေရော စာဖတ်ပရိသတ်တွေကိုပါ စဉ်းစားစေချင်တာက ဒုတိယပင်လုံ လုပ်တော့မယ်ဆိုရင် ပထမ ပင်လုံ လိုကောင်းအောင်လုပ်နိုင်မလား။ အဲဒီထက်ပိုကောင်းအောင်လုပ်မလား သို့မဟုတ် ပြင်လွန်းရင်ဖင်ချွန်းတယ် ဆိုတဲ့စကားလိုဖြစ်နေမလား ----??

စစ်မှန်သောပြည်ထောင်စုကြီးမြန်မြန်ပေါ်ပေါက်ပြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ။

http://www.burmese.panglong.org/editorial/103-2010-03-11-09-53-05/3866-2013-02-12-10-20-03.html

No comments:

Post a Comment