Thursday 27 September 2012

မ္မတဦးသိန်းစိန်နဲ့အတူလိုက်ပါလာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို မေးမြန်းချက်


ကိုဝင်းမင်း | 26.09.2012 

မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ စက်တင်ဘာလ ၂၇ ရက် ကြာသာပတေးနေ့ကျရင် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ 
သမ္မတဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ မနေ့အင်္ဂါနေ့ မှာ ပဲ မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်နိုင် ငံခြားရေး ဝန်ကြီး ကလင်တန်နဲ့ တခြား သြဇာကြီးတဲ့ အမေရိကန်ထိပ်တန်း အရာ ရှိဟောင်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။


အသေးစိတ်ကိုတော့ သမ္မတဦးသိန်းစိန်နဲ့အတူလိုက်ပါလာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကို မေးမြန်းထားပါတယ်။

မေး။ ။ မနေ့က ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြလို့ရမလား။
ဖြေ။  ။ နယူးယောက်မှာ အတူတူရောက်နေကြတဲ့ ကျနော်တို့ဘက်ကလည်း နိုင်ငံတော် သမ္မတကြီး၊ ဟိုဘက်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမကြီးနဲ့ အတူတူ ရှိနေတော့ အမကြီးက လာပြီးတော့  နှုတ်ဆက်တာပေါ့ဗျာ။ တွေ့တယ်၊ စကားလေး ဘာလေး ပြောတယ်။ ရန်ကုန်မှာလိုပဲ၊ နေပြည်တော်မှာလိုပဲ တယောက်တယောက် ရင်းနှီးကြ တယ်လေ။ တွေ့ဆုံတယ်၊ ဒီသဘောပါ။

မေး။ ။ ဟုတ်ကဲ့။ ဒီတွေ့ဆုံပွဲမှာ အရေးပါတဲ့ တခြားကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့တာ ရှိလား။
 ဖြေ။ ။ အဲဒီကိစ္စတွေ နည်းနည်းပါးပါး ရှိပါတယ်။ သို့သော်လည်းပဲ ဒါကတော့ ထုတ်ပြန်တာ မဟုတ်တဲ့ အတွက်ကြောင့် - ကိုဝင်းမင်းရာ- ကောင်းတဲ့ တွေ့ဆုံမှုလေးလို့ လောက်ပဲ ကျနော်က ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဘယ်လို အနေအထားကောင်းတဲ့ တွေ့ဆုံမှုလေးလို့ သုံးသပ်လို့ရလဲ ခင်ဗျ။
ဖြေ။ ။ အော်- လူကြီးတွေ တွေ့တာကောင်းတာပေါ့ဗျာ။ (ရယ်သံ) အရင်တုန်းက တယောက်နဲ့ တယောက် မျက်နှာချင်းဆိုင်လို့မှ မရတာ။ အခုဟာကတော့ အတူတကွ လုပ်ဖော်ကိုင်ဘက်တွေအဖြစ် တိုင်းပြည် တိုးတက်ဖို့၊ သန်းခြောက်ဆယ်ခန့်သော ပြည်သူတွေ တိုးတက်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု- စီးပွားရေး အကုန်ပေါ့ဗျာ။ ဒီအတွက် နှစ်ယောက်ရဲ့အားက နည်းတဲ့အားလားဗျာ။

မေး။ ။ ဟုတ်ကဲ့ ဝန်ကြီး၊ နောက်တခုက ဒီနေ့ တကယ့် အဆင့်မြင့် အရာရှိကြီးတဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပွဲကရော ဘယ်လို ရည်ရွယ်ချက်တွေ ထားပြီးတော့ ဘာတွေ အဓိက ဆွေးနွေးဖို့ ရှိလဲမသိဘူးခင်ဗျာ။
 ဖြေ။ ။ ဟီလာရီကလင်တန်နဲ့ မကြာခဏတွေ့ပါတယ်။ မကြာခဏဆိုတာ ခဏ ခဏတော့ မဟုတ် ဘူးပေါ့လေ။ ဟိုး ယခင်နှစ် ကာလတွေကတည်းကစလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမ- ဒီလာပြီးတဲ့ နောက် ပိုင်းကတည်းက တွေ့တာပဲလေ။ တလောလေးကပဲ  ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap မှာ ထပ်တွေ့ တယ်လေ။ အခုလည်း တွေ့တာပေါ့။ တွေ့တဲ့အခါ ကောင်းတဲ့ရလဒ်တွေချည့်ပဲ ပေါ်ပေါ် လာတာပါပဲ။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်တာတွေနဲ့ ဆွေးနွေးကြတယ်။ သူကလည်း သူမြင်တာတွေ ဆွေးနွေးလေ့ ရှိတယ်။ ပြီးရင် အမေရိကန်အစိုးရ လုပ်သင့်လုပ်ထိုက်တာတွေလည်း သူက အမြန် အကောင်အထည် ဖော်ပေးတယ်လေ။ ဒါ- အလွန်ကောင်းတဲ့ တွေ့ဆုံမှုပေါ့။

မေး။ ။ ဟုတ်ကဲ့။ ဒီတွေ့ဆုံပွဲကနေ ဝန်ကြီးတို့ မျှော်လင့်ထားတာတွေရော ရှိပါလား။
 ဖြေ။ ။ မျှော်လင့်ထားတာတွေ ပြောရမယ်ဆိုရင် ရှိတာပေါ့ဗျာ။ သို့သော်လည်း မျှော်လင့်ကောင်းတဲ့ အရာ မဟုတ်တော့ ကိုယ်က- ဒါက သူတို့အစိုးရရဲ့ကိစ္စလေ။ ကျနော်တို့ကလည်း ကျနော်တို့ ပြည်သူ လူထုအကျိုးအတွက် ပြုပြင်ပြောင်းလဲရတာကိုး။ သူတို့အပိုင်းကလည်း သူတို့ လုပ်သင့်လုပ်ထိုက်တာ လုပ်ဖို့ သူတို့ မူဝါဒတွေ ချထားတာပဲ။ သူတို့က ကျနော်တို့နဲ့ ဟန်ချက်ညီညီ လိုက်ပြီး move လုပ်မယ် ဆိုရင်တော့ အလွန်လှပတဲ့ အကျိုးကျေးဇူးကို နှစ်ဘက်လုံးရမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ဝန်ကြီး၊ နောက်တခုက အခုခရီးစဉ်မှာ ဝန်ကြီးလေးပါးပေါ့နော်၊ နိုင်ငံခြားရေး ဝန်ကြီး ရယ်၊ ပြည်ထဲရေးနဲ့လူဝင်မှုကြိကြပ်ရေးရယ်၊ နောက် နယ်စပ်ရေးရာပေါ့နော်-ပါလာတာအပြင် လွှတ်တော်အမတ်နှစ်ဦးလည်းပါတဲ့အတွက် ဒီခရီးစဉ်မှာ နောက်ထပ်ပေါ့နော် နောက်နေ့တွေမှာလုပ်မယ့် အစီအစဉ်တွေမှာရော ဘယ်လိုအနေအထားတွေရှိမလဲ ဝန်ကြီးရေ။
 ဖြေ။ ။ အားလုံးစုံအောင်ပေါ့ဗျာ၊ ဒီ Foreign Minister (နိုင်ငံခြားရေးဝန်ကြီး) ကတော့ သူ့ အလုပ် ကတော့ ဒီမူလအလုပ်ပေါ့။ ကျနော်တို့ ပါလာတာကတော့ Investment (ရင်းနှီးမြှုပ်နှံ မှု) နဲ့ ပတ်သက်လို့ အခြားဟာတွေမေးမယ်ဆိုရင်လည်း စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံရေး လုပ်ငန်းတွေ မေးရင်လည်း ကျနော်တို့က နည်းနည်းပြောမယ်။ ဝန်ကြီး ဦးခင်ရီကလည်း သူနဲ့ ပတ်သက်တဲ့ Black List (အမည် မည်းစာရင်း) ကိစ္စတွေ၊ ဗီဇာတွေ၊ တခြားမှတ်ပုံတင် ကိစ္စ တွေ၊ မှတ်ပုံတင် ဥပဒေတွေမေးရင် သူဖြေ မယ်။ အဲ့လိုပဲ ဦးသိန်းဌေးက ရခိုင်ပြည်နယ် အရေးအခင်းကို သူက နယ်စပ်ဝန်ကြီးအနေနဲ့ သွားနေတဲ့ အတွက် သိချင်တဲ့ကိစ္စတွေ In-depth(နက်နက်ရှိုင်းရှိုင်း) ပေါ့လေ၊ သူတို့က ဖြေနိုင်ဖို့အတွက် ခေါ်လာခြင်းဖြစ်ပါတယ်။

အလားတူပဲ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ကယားပြည်နယ်က ဦးစုရယ်၊ ကရင်ပြည် နယ်က ဦးထွန်းမြတ်အောင်၊ သူတို့ကလည်း UN (ကုလသမဂ္ဂ) မှာ တက်ရောက် နားထောင်ပြီးတော့ exposure (ထိတွေ့မှု) တွေရပြီးတော့ ဗဟုသုတတွေ ပိုရလာစေဖို့ ကျနော်တို့က ဒီလို ဖွဲ့စည်းဆောင်ရွက်လာခြင်းဖြစ်တယ်လို့ ပြောလိုပါတယ်။

မေး။ ။ ဝန်ကြီးအနေနဲ့လည်း မြန်မာ community (အသိုင်းအဝိုင်း) နဲ့လည်းတွေ့မယ်ပေါ့ နော်၊ သမ္မကြီး က မတွေ့နိုင်သော်လည်းပဲ အဲ့လို ကြားထားတာ ရှိပါတယ်။ စနေနေ့မှာလို့ ကြားထားပါတယ်။ အဲ့ဒီတော့ ဒီခရီးစဉ်တခုလုံးကနေပေါ့နော်၊ ဝန်ကြီးတို့အနေနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရဖို့ မျှော်လင့်ထားပါလဲ။
 ဖြေ။ ။ ကျနော်တို့ကတော့ သမ္မတကြီးလုပ်နေတဲ့ Message (သတင်းစကား) တွေကို UN မှာ officially (တရားဝင်) ပေးလိုက်မှာပေါ့။ ဒါက တကမ္ဘလုံးက ဒီ Message အပေါ်မှာ သုံးသပ်ကြမယ်၊ အကဲဖြတ်ကြမယ်၊ ဒါက လုပ်ငန်းကြီးတခုပေါ့။
ကျနော်တို့ ရောက်တဲ့အခါမှာ မီဒီယာအဆင့်ဆင့်က ကျနော်တို့ကို မေးနေတာတွေ ကျနော်တို့က ပိုပြီးတော့Transparency ဖြစ်ဖြစ်၊ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ သူတို့မေးတာတွေကို ကျနော်တို့ ရှင်းပြလျှက် ရှိတယ်။ အခု ခင်ဗျားမေးသလိုပေါ့။ မေးတော့ ကျနော်တို့ ပြောတာပေါ့။ အလားတူပဲ သက်ဆိုင်တဲ့ community ပေါ့။ USမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ ကြုံရင်ကြုံသလို ကျနော်တို့ မေးမြန်းဖြေကြားတာတွေဆောင်ရွက်မယ်၊ တခြား USက Civil Society တွေဖြစ်တဲ့ တခြားဟာတွေပေါ့။ Asian Society တို့လို၊ US Asean Business Councilတို့လို၊ US Chambers Commerce တို့လိုစသဖြင့် ဒါတွေလည်း ကျနော်တို့ ထိတွေ့သွားမယ်လေ။ ဒါလေးတွေကို ကျနော်တို့ အလျဉ်းသင့်သလို ဆောင်ရွက်သွားဖို့ရှိပါတယ်လို့ ပြောချင်ပါတယ်။
ဒီကိုလာတဲ့ ရည်ရွယ်ချက်ကတော့ UN မှာ နိုင်ငံတော်သမ္မတအနေနဲ့ ပြောသင့်ပြောထိုက်တာတွေ၊ တင်ပြသင့်တင်ပြထိုက်တာတွေ တင်ပြခွင့်ရဖို့အတွက် လာတဲ့ခရီးစဉ်ပဲဖြစ်ကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီးခင်ဗျား။
 ဖြေ။ ။ ကောင်းပါပြီ ခင်ဗျ။

No comments:

Post a Comment