တူမောင်ညို ။ သြဂုတ် ၁၉ ၊ ၂၀၁၂
(ကျနော်မိတ်ဆွေနဲ့ကျနော်  “စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း”ကိစ္စ အမြင်ဖလှယ်ခဲ့ကြပါတယ် ၊  မိတ်ဆွေများလည်း စိတ်ပါဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးနိုင်ရန်  ဝေငှလိုက်ပါတယ်)
ဘယ်လိုလဲဗျ။  သမ္မတဦးသိန်းစိန် အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့လှပါလား။ ၂၀၁၂  ခုနှစ်၊ ဇွန်လအတွင်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့  ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အခုနောက်ဆုံး ဖွဲ့တဲ့ ကော်မရှင် နဲ့ပါဆိုရင် ၂  ဖွဲ့ရှိသွားပြီနော်။ ကျနော်ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ  ဖွဲ့တဲ့သတင်းတွေကြားရရင် “ဒီပဲယင်းအကြမ်းဖက်သတ်ဖြတ်မှု”ကို သတိရတယ်။
ဟုတ်တယ်ဗျ။  ပထမဖွဲ့တာက ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်  ဥက္ကဋ္ဌ အဖြစ်ပါဝင်တဲ့ ၁၆ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြစ်တယ်။  အခုလောလောဆယ်ဖွဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်က သာသနာရေးဝန်ကြီးဌာန၊  ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာမျိုးမြင့် ဥက္ကဋ္ဌအဖြစ်  ဦးဆောင်တဲ့ ၂၇ ဦးစုံစမ်းစစ်ဆေးရေးကော်မရှင် ဖြစ်တယ်။ ဖွဲ့ပုံ၊  ဖွဲ့နည်းမတူဘူးဗျ။
မတူပုံမတူနည်းလေးကိုရှင်းပါဦး။  ကော်မရှင်ထဲပါတဲ့သူတွေကလည်းဟို“အမြုတေကောင်စီ” ဖွဲ့သလို အမိန့်ကြော်ငြာစာ  ထွက်လာတော့မှ သိကြတာလား၊ ဒါမှမဟုတ်  သူတို့တတွေကိုကြို အသိပေးညှိနှိုင်းပြီးမှ ဖွဲ့တာလားဗျ။
အဲဒါတော့ပါဝင်သူတွေကပြောမှသိမှာဗျ။ ဗိုလ်ကျော်ဇံမြင့် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ “၁၆ဦးစုံစမ်း စစ်ဆေးရေးအဖွဲ့”ကို  ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၁၂) နဲ့ ၂၀၁၂  ခုနှစ်၊ ဇွန်လ ၆ရက်နေ့မှာဖွဲ့စည်းပေးခဲ့တာဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး၊ အဖွဲ့ထဲမှာတာဝန်ထမ်းဆောင်ဆဲဒုတိယဝန်ကြီး၊ ဒုတိယရဲချုပ်နဲ့ ရခိုင်ပြည်နယ်က  သက်ဆိုင်ရာ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဆိုင်ရာ အစိုးရအရာရှိတွေပါဝင်တယ်ဗျ။
သြ၊  ဒီလိုဆိုအခုဖွဲ့တဲ့ ဒေါက်တာမျိုးမြင့် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ “၂၇ဦး  စုံစမ်းစစ်ဆေးရေးကော် မရှင်”ကျတော့ အစိုးရ အရာရှိတွေမပါဘူးပေါ့။ ဟုတ်လား။
လက်ရှိတာဝန်ထမ်းဆောင်ဆဲ  အစိုးရအရာရှိတွေတော့မပါဘူး။ ဒါပေမယ့် အစိုးရအရှိဟောင်း အငြိမ်း စား  ညွန်ကြားရေးမှူးချုပ်က ဒီကော်မရှင်ကို  ဦးဆောင်တယ်ဗျ။ အချို့လူတွေကလည်း  အစိုးရနဲ့တော်တော်ကို နီးစပ်တဲ့သူတွေဖြစ်တယ်။
ဒေါက်တာမျိုးမြင့်  ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့“၂၇  ဦးစုံစမ်းစစ်ဆေးရေးကော်မရှင်”နိုင်ငံတော် သမ္မ တရုံး အမိန့်ကြော်ငြာစာ  အမှတ်(၅၈/၂၀၁၂)နဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့မှာ  ဖွဲ့စည်းပေးတာဖြစ် တယ်။ ဒီကော်မရှင်ဖွဲ့စည်းမှုကို သမ္မတကလက်မှတ်  ထိုးထုတ်ပြန်တာဖြစ်တယ်။ 
ဒါဆိုရင်  “၁၆ ဦး စုံစမ်းစစ်ဆေးရေးအဖွဲ့” ကို ပြည်ထောင်စုအစိုးရအဖွဲ့က  ဖွဲ့စည်းပေးတာဖြစ်ပြီး၊ “၂၇ ဦးစုံစမ်းစစ်ဆေးရေး ကော်မရှင်” ကို သမ္မတ  ကဖွဲ့စည်းပေးတာပေါ့ဟုတ်လား။
ဟုတ်တယ်ဗျ။  ဒါ့အပြင် “၂၇ ဦးစုံစမ်းစစ်ဆေးရေးကော်မရှင်”မှာ တာဝန်ထမ်းဆောင်ဆဲ  အစိုးရအ ရာရှိတွေမပါဝင်ဘူးဆိုတဲ့ အချက်ပဲဗျ။ နိုင်ငံရေးပါတီ (၅)ခုက  တာဝန်ရှိသူတွေ၊ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာရေးဘက်ဆိုင်ရာကပုဂ္ဂိုလ်တွေ၊  ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူအချို့၊ လူမှုစီးပွားရေး အသင်းဝင် အချို့နဲ့  အခြားအသင်းအဖွဲ့အချို့ လူတွေနဲ့စာနယ်ဇင်းနဲ့ သရုပ်ဆောင်ပိုင်းက လူ၂ ယောက်  ပါဝင်တာတွေ့ရ တယ်ဗျ။ ဒါ့အပြင် ကော်မရှင်ထဲမှာ အမျိုးသမီး ၄  ဦးပါဝင်တာကိုလည်းသတိပြုမိတယ်ဗျ။
၂၀၁၂  ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့အရောက်သမ္မတထံအစီရင်ခံရမယ်တဲ့။ ဒါက နေ့စဉ်ထုတ်  သတင်းစာတွေမှာ ဖေါ်ပြတဲ့ရက်ဗျ။ ပြန်ကြားရေးဝန်ကြီးဌာန websiteမှာ  လွှင့်တင်ဖေါ်ပြထားတာမှာတော့ စက်တင်ဘာလ ၁၇ ရက်ဆိုပဲ။ အမိန့်ကြော်ငြာစာ  အမှတ်ကလည်း နေ့စဉ်ထုတ်သတင်းစာတွေမှာ (၅၈/၃၀၁၂) ဖြစ်ပြီး။  ပြန်ကြားရေးဝန်ကြီးဌာန websiteမှာ လွှင့်တင်ဖေါ်ပြထားတာက (၅၇/၂၀၁၂) တဲ့ဗျ။  ဘယ်ဟာအမှန်၊ ဘယ်ဟာကအမှားလဲတော့ သူတို့ပဲသိမယ်။
လူအတော်တော်များများက  ချက်ချင်းသတိပြုမိတာကတော့ “၂၇ဦး စုံစမ်းစစ်ဆေးရေးကော်မရှင်” ထဲမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီက  လူတွေမပါဘူးဆိုတဲ့အချက်နဲ့ လွှတ်တော်ကိုယ်စား လှယ်တွေမပါတဲ့အချက်ဖြစ်တယ်ဗျ။  ထူးဆန်းမနေဘူး လား။
လွှတ်တော်ကိုယ်စားလှယ်တွေ၊  ရွေးကောက်ပွဲမှာပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကို  ထည့်သွင်းဖွဲ့ စည်းခြင်း မရှိတာက ဘာသဘောလဲဗျ။  ဒီချုပ်ကို မထည့်တာကတော့  “ဒီပဲယင်းအကြမ်းဖက်သတ်ဖြတ်မှု” အတိတ်အရိပ်ကြောင့်လို့ထင်တယ်။  
ကျနော်သတိထားမိတဲ့အချက်ကိုပြောရရင် “Myanmar Egress”၊ “ဗဟုဖွံ့ဖြိုးရေးအဖွဲ့”၊ “၈၈မျိုး ဆက်ကျောင်းသားများအဖွဲ့” တွေဟာတည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့တရားဝင်မှတ်ပုံတင်ပြီး ဖွဲ့စည်းထားတဲ့  အဖွဲ့ တွေဟုတ် ရဲ့လားဆိုတဲ့အချက်နဲ့ဘယ်အချိန်ဘယ်ကာလမှာ  မှတ်ပုံတင်ခဲ့ကြသလဲဆိုတဲ့အချက်ဖြစ်တယ် ဗျ။ 
တရားဝင်မှတ်ပုံတင်တယ်လို့ဖြင့်  ကျနော်တော့မကြားဖူးသေးဘူး။ တရားဝင် မှတ်ပုံမတင်ရသေးတဲ့ အဖွဲ့တွေကို  နိုင်ငံတော်သမ္မတ အနေနဲ့ယခုလို စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုမှာ  တရားဝင်ထည့်သွင်း ဖွဲ့စည်းခွင့်ရှိသလား။ ဒီလို ဖွဲ့စည်းတာဟာ တည်ဆဲ  ဥပဒေတွေနဲ့ညီညွတ်ရဲ့လားဗျ။
ဒါကမေးသင့်မေးထိုက်တဲ့မေးခွန်းပဲဗျ။ ခင်ဗျားပြောတော့ ကျနော်လည်းသတိထားမိ လာတာ က  နိုင်ငံရေးပါတီ (၅)ပါတီက  ပုဂ္ဂိုလ်တွေကိုကြည့်တော့ လွှတ်တော်ကိုယ်စားလှယ်ဆိုလို့ (RNDP)က  ဒေါက် တာအေးမောင် တစ်ယောက်ပဲပါဝင်တယ်ဗျ။ ကျန်တဲ့သူ တွေက  လွှတ်တော်ကိုယ်စားလှယ်တွေမဟုတ်ဘူး။ ဒါ့အပြင်  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နဲ့  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တို့ဟာ လွန်ခဲ့တဲ့ မေနဲ့ ဇွန်လတွေအတွင်းကမှ မှတ်ပုံတင်ခွင့်ရရှိခဲ့ကြတဲ့ပါတီတွေဖြစ်တယ်။ ရွေးကောက်ပွဲမှာ  ပါဝင်အရွေးခံရ တဲ့ နိုင်ငံရေး ပါတီတွေကို ထည့်သွင်းဖွဲ့စည်းခြင်းမရှိတာကလည်း  လုံးဝမဆီလျော်တဲ့အချက်ဖြစ်တယ်။ 
နောက်ထပ်မေးသင့်တဲ့မေးခွန်းရှိသေးတယ်ဗျ။  “၁၆ဦး စုံစမ်းစစ်ဆေးရေးအဖွဲ့”က ရခိုင်ပြည်နယ်ထဲ က ဖြစ်စဉ်တွေနဲ့ ပတ်သက်  ပြီး ဖြစ်ရပ်မှန်တွေ မဖေါ်ထုတ်နိုင်ခဲ့လို့ “၂၇ ဦး  စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ထပ်မံ ဖွဲ့စည်းရတာလားဆိုတဲ့ မေးခွန်းပဲဗျ။
 “၁၆ဦး  စုံစမ်းစစ်ဆေးရေးအဖွဲ့” ရဲ့ စုံစမ်းစစ်ဆေးရရှိချက်တွေက ဘာတွေလဲဗျ။ “ဇွန် ၃  ရက်နေ့၊ သံတွဲ- တောင်ကုတ် ကား လမ်းဆုံမှာ ရိုးမသစ္စာမော်တော်ယာဉ်ပေါ်မှ  အစ္စလာမ်ဘာသာဝင်၊ မူဆလင် ၁၀ ဦး အုပ်စုဖွဲ့အကြမ်းဖက်သတ်ဖြတ်မှုကြီး”နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ဘယ်လို စုံစမ်းစစ်ဆေး၊အရေး ယူဆောင် ရွက်ပြီးပြီလဲ။
ဒါ့အပြင်  တချို့ကလည်းက စောဒကတက်နေကြတယ်။ ခရစ်ယာန်နဲ့  အစ္စလာမ်ဘာသာဆိုင်ရာ ပုဂ္ဂိုလ်တွေတော့ ပါဝင်ပြီးဗုဒ္ဓဘာသာဆိုင်ရာ  ရဟန်းသံဃာတော်တွေကို ဘာကြောင့်ထည့်သွင်း မဖွဲ့စည်းတာ လဲတဲ့။
ကျနော်မြင်တာကတော့ဗျ။  ဦးသိန်းစိန်အစိုးရက ကျောက်နီမော်ဖြစ်စဉ်ရာဇဝတ်မှု (မုဒိန်းကျင့်လူ သတ်မှု)  ကို ကြွက်သေတစ်ခု အရင်းပြုဆိုတဲ့ တစ်နပ်စားနည်းနဲ့ ကိုင်တွယ်ခဲ့လို့၊  လူအုပ်စုဖွဲ့ပြီးလူ ၁၀ ဦးသတ်ဖြတ်မှုကြီးကို လက်ပိုက်ကြည့်နေခဲ့လို့အခုလို  ကျယ်ပြန့်ကြီးမားလာခဲ့ရတာဖြစ်ပါတယ်။ ရခိုင်ပြည် နယ်မှာ ဘင်္ဂလားဒေ့ရှ်ကနေ  ကူးဝင်နေထိုင်နေတဲ့ ရိုဟင်ဂျာပြဿနာကအခုမှ ချက်ချင်းလက်ငင်းတည် ရှိဖြစ်ပေါ်လာတဲ့ပြဿနာမဟုတ်ပါဘူး။ ချက်ချင်းလက်ငင်း  ဖြေရှင်းလို့ရနိုင်တဲ့ကိစ္စလည်းမဟုတ်ဘူးဗျ။ အ ဖက်ဖက်ကနေ စနစ် တကျကိုင်တွယ်  ဖြေရှင်းသွားရမယ့် အရေးကြီးပြဿနာတစ်ခုဖြစ်တယ်။ 
အခုတော့  ဦးသိန်းစိန်အစိုးရက သူတို့ကိုင်တွယ်ပုံညံ့ဖျင်းမှုနဲ့ ရေနှောက်ပြီး  ငါးဖမ်းမယ်ဆိုတဲ့ အကြံ ဆိုးလုပ်ရပ်ကြောင့် မရှူနိုင်မကယ်နိုင်ကြီးထွားလာတဲ့ပြဿနာအထုပ်အပိုးကို “၂၇ဦး  စုံစမ်း စစ်ဆေးရေးကော်မရှင်” အပေါ်လွှဲချလိုက်တာပဲဗျ။ လက်တလော ဒီလို  တပွဲထိုးနည်းနဲ့ ဖြေရှင်းလိုက်ခြင်း အားဖြင့်လည်း (OIC)ကို  အမျက်ဖြေနိုင်ဖို့နဲ့ ကုလသမဂ္ဂရဲ့ပြစ်တင်ဝေဖန်မှုတွေကို ရှောင်လွှဲချင်တာလည်း ပါ လိမ့်မယ်ဗျ။
ဟုတ်တာပေါ့။ ပြည်တွင်းစစ်မရပ်စဲနိုင်သမျှ၊ တိုင်းရင်းသားတန်းတူရေးနဲ့  ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ပြည့်ပြည့် ဝဝမရှိသမျှ၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် မဖော်ဆောင်နိုင်သေးသမျှ၊ ဆင်းရဲမွဲတေမှုမ တိုက် ဖျက်နိုင်သေးသမျှ၊ အုပ်စိုးသူတွေဟာ သူတို့အာဏာတည်မြဲရေးအတွက်  ဘာသာရေးနဲ့လူမျိုးရေးကို လက် နက်တစ်ခုလိုအစဉ်အမြဲ အသုံးချနေဦးမှာပါပဲဗျာ။ ဒါကြောင့်အခုလိုအချိန်မျိုးမှာ နိုင် ငံရေး ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား  ခေါင်းဆောင်ဆိုသူတွေဟာ အမြော်အမြင်ရှိမှ ဖြစ်မယ်ဗျ။  ဒီလိုမှမဟုတ်ရင်  အစိုးရလှည့် ကွက်ထဲ ကျရောက်သွားနိုင်တယ်ဗျ။ 
မှန်တယ်ဗျ။ ကျနော်တို့တိုင်းပြည်မှာ လူမျိုးပေါင်းစုံနေထိုင်ပြီး ဘာသာပေါင်းစုံကိုးကွယ်တဲ့ လူ မျိုးပေါင်းစုံပြည်သူတွေဟာ  အပြန်အလှန်တန်းတူရည်တူဆက်ဆံရလိမ့်မယ်ဗျ။ဘာသာတစ်ခု၊ လူမျိုး တစ်မျိုး ကို  ခွဲခြား၊ မ့်ချ၊ စော်ကားဆက်ဆံတာဟာ ရိုင်းစိုင်းတဲ့အပြုအမူဖြစ်တယ်။   ဒါ့အပြင် ဘာသာတစ်ခုကို အထူး အလေးပေးပြီး မြှောက်စားနေတာမျိုးကလည်း  ခွဲခြားမှုတစ်ခုပဲဗျ။
http://moemaka.com/?p=26656 
 

 
No comments:
Post a Comment