Thursday 21 March 2013

စာမျက်နှာ ၅၀ ပါဝင်မည့် ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ မတ်လ ၃၁ ရက် သမ္မတထံ တင်မည်

စာမျက်နှာ ၅၀ ပါဝင်မည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ
အား မတ်လ ၃၁ ရက် နေ့တွင် နိုင်ငံတော် သမ္မတထံတင်သွင်း မည်ဖြစ်ကြောင်း ကော်မရှင်၏
အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောကြားသည်။


"အခု ကျွန်တော်တို့ အစီရင်ခံကို အချောသပ်နေပါပြီ။ ဒီလ ၃၁ ရက်နေ့ သမ္မတရုံးကို တင်မယ်" ဟု
ဒေါက်တာ ကျော်ရင်လှိုင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
အဆိုပါ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍
ကော်မရှင်၏ လေ့လာတွေ့ရှိချက်များနှင့်အတူ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ ငြိမ်းချမ်းစွာ
ရေရှည်ရပ်တည် နေထိုင်နိုင်ရေးအတွက် အကြံပြုချက်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ကော်မရှင်၏အစီရင်ခံစာအား အများပြည်သူသိရှိနိုင်ရေးအတွက် တရားဝင်ထုတ်ပြန်ရန်
ရှိ၊ မရှိ ဆိုသည်မှာ သမ္မတရုံးအပေါ်တွင်သာ မူတည် ကြောင်း ဒေါက်တာကျော်ရင်လှိုင်က ပြော
သည်။
"ကော်မရှင်ရဲ့ အစီရင်ခံစာက စာမျက် နှာ ၅၀ လောက်ရှိတော့ သတင်းစာကနေ တစ်ဆင့် ဖော်ပြဖို့
ဆိုတာ မလွယ်ဘူး။ သူတို့ ဘယ်လောက် အတိုင်းအတာအထိ ပြည်သူကို အသိပေးမလဲဆိုတာ
တော့ ကျွန်တော်လည်း မခန့်မှန်းတတ်ဘူး"ဟု ၎င်းက ပြောကြားသည်။
"ကော်မရှင်အနေနဲ့ကတော့ အစီရင်ခံစာတင်ပြီးတာနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်မှာဖြစ်သလို
အစီရင်ခံစာပါ အချက်အလက်တွေနဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို မီဒီယာသိရှိအောင်
ကြေညာချက် ထုတ်ပြန်သွားမှာပါ"ဟု ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။
မတ်လ ၁၂ ရက်က ထွက်ပေါ်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်း
တောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပေါ် ဒေသခံများ၏ မကျေနပ်ချက်များနှင့်
ပြည်တွင်းပြည်ပမှ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်လျက်ရှိနေသကဲ့သို့ ရခိုင် ပြည်နယ် စုံစမ်းစစ်ဆေးရေး
ကော်မရှင်၏ အစီရင်ခံစာကိုလည်း မြန်မာပြည်သူ လူထုအပါအ၀င် နိုင်ငံတကာကလည်း
စောင့်ကြည့်လျက်ရှိသည်။
"အားလုံးကျေနပ်အောင် ဖြစ်ဖို့ကတော့ မလွယ်ပါဘူး။ ဘယ်သူတွေ ဘယ်လိုပြောပြော ကျွန်တော်
တို့ဘက်ကတော့ တွေ့ရှိချက်တွေအပေါ် အခြေခံပြီး နိုင်ငံ နဲ့ ပြည်သူ့အကျိုးအတွက် အကောင်းဆုံး
ဖြစ်နိုင်မယ့် အကြံပြုချက်တွေကို တင်ပြထားတယ်။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်မယ့်
နည်းလမ်းတွေပေါ့။ ဒါပေမဲ့ ဒီအချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ကတော့ အစိုးရ နဲ့
လူထုအဖွဲ့အစည်းတွေမှာ မူတည်ပါတယ်"ဟု ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်ရေး နှင့် ဥပဒေစိုးမိုးရေးကို ပျက်ပြားစေခဲ့ သော လူစုလူဝေးဖြင့်
ဥပဒေမဲ့ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်ခဲ့မှုများ အပေါ် အဖြစ်မှန်ပေါ်ပေါက်စေရေး အတွက်
အဖွဲ့ဝင် ၂၇ ဦးပါဝင်သော ကော်မရှင်ကို ၂၀၁၂ ဩဂုတ်လအတွင်း ဖွဲ့စည်းခဲ့သည်။
ကော်မရှင်၏ အစီရင်ခံစာအား နိုင်ငံတော်သမ္မတထံ နိုဝင်ဘာလအတွင်း တင်ပြရမည်ဖြစ်သော်
လည်း ကြားဖြတ်အစီရင်ခံစာသာ တင်သွင်းနိုင်ခဲ့ပြီး အပြီးသတ်အစီရင်ခံစာကိုမူ မူလ သတ်မှတ်ချိန်
ထက် လေးလနောက်ကျ ပြီးမှ တင်နိုင်မည်ဖြစ်သည်။
"ကော်မရှင်ရဲ့ လုပ်ခွင့်ရတာတွေကို အားရကျေနပ်ပါတယ်။ အားလုံး ပူးပေါင်းပြီး လုပ်ကြတာဖြစ်တဲ့
အတွက် ကော်မရှင်ရဲ့အစီရင်ခံစာဟာ ဘက်မလိုက်တဲ့ အစီရင်ခံစာတစ်စောင်ဖြစ် လာမှာပါ"ဟု
ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး
ဦးကျော်ခင်က ပြောသည်။
"အစီရင်ခံစာမှာပါဝင်တဲ့ အကြံပြုချက်တွေအတိုင်း လက်တွေ့မှာဖြစ်လာဖို့ကတော့ အုပ်ချုပ်ရေး
ယန္တရားနဲ့ လူထုက လက်ခံဖို့ လိုတယ်။ ဒီအကြံပြုချက်တွေဟာ လက်ရှိလူထုရဲ့ဆန္ဒ၊ အနာဂတ်
မျှော်မှန်းချက်တွေနဲ့ အရမ်းကွာဟ နေမယ်ဆိုရင်တော့ ဒီအစီရင်ခံစာက စက္ကူဖြူလေးတစ်ရွက်ပဲ
ဖြစ်မှာပါ။ ဒီလိုမဟုတ်ဘဲ အားလုံးကလက်ခံနိုင်တဲ့ အနေအထားဆိုရင်တော့ အုပ်ချုပ်ရေးယန္တရားနဲ့
ပြည်သူကို ပိုပြီး နီးစပ်နေနိုင်တာပေါ့"ဟု ကော်မရှင်၏ အဖွဲ့ဝင်ဖြစ်သူ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး
တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မေ၊ ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော အကြမ်း
ဖက်လုပ်ရပ်များ ကြောင့် လူ ၂၀၀ ခန့်သေဆုံးခဲ့ပြီး လူနေ အိမ် ၁၆,၀၀၀ ကျော်၊ ဘုန်းကြီးကျောင်း
၁၄ ကျောင်း၊ ဗလီ ၄၅ ခုနှင့် စာသင် ကျောင်းသုံးကျောင်း ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ
ခုနစ်သောင်းကျော် အိုးအိမ်မဲ့ဖြစ်ကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ရသည်။
-----------------------------
http://www.myanmar.mmtimes.com/index.php/national-news/4288-2013-03-21-09-15-51.html  

No comments:

Post a Comment