မြောက်ဦးမြို့မှ သပ္ပါယ် လှသည့် ကိုးသောင်း ပုထိုး တော်ကြီး
ဆောင်းပါးရှင်(ကစ္ဆပ နဒီ)
ကမ္ဘာပျက်သည့် အလား ဆူညံစွာ ဟစ်ကြွေးလာသည့်
လူအုပ်ကြီး၏ အသံများသည် အေးချမ်းစွာ အိပ်စက်နေသည့် ကျွန်တော်တို့ရွာလေးအား သိမ့်သိမ့်ခါလှုပ်နှိုး လိုက်ပါ တော့သည်။ ရွာထောင့်မှ
ခွေးတစ်အုပ်တို့ စူးစူးဝါးဝါး ဟောင်လိုက်သည့် အသံတို့သည်လည်း လူအုပ်ကြီး၏ ငရဲပွက်သံ များ
ကြားတွင် တိမ်မြုပ်သွား ခဲ့ပါသည်။
အိပ်ရာမှ အလန့်တကြား နိုးထသံ၊
ကြမ်းခင်းအား တဖြောင်းဖြောင်း နင်းသံ၊ အမှောင်ထဲတွင် ပြိုလဲသံ၊ မိဘလုပ်သူ
များက သားသမီး များကို စိုးရိမ်တကြီး အော်ခေါ်သံ၊ လူမမည် ကလေးများ၏
ငိုကြွေးသံ၊ သက်ကြီး ရွယ်အိုများ ညည်းတွားသံ၊ တဲအိမ်များ ပေါ်မှ အလန့်တကြား
ခုန်ချသံ၊ အော်ဟစ် ပြေးလွှားသံတို့က ငရဲတွင်းသို့ ချက်ချင်း လက်ငင်း
ရောက်ရဘိ အလား ဆိုးရွား လှပါ တော့သည်။ အန္တရာယ် ဆိုးမှ ပြေးထွက်ရန်
ခြေလှမ်းပြင်ရုံသာ ရှိပါသေးသည် ညှော်နံ့များ၊ ပြာပူများနှင့် အတူ
တရှဲရှဲနှင့် အသံပေး လာသော ဝင်းဝင်းတောက် မီးလုံးကြီး များက လေကြမ်းနှင့်
ပူးပေါင်း၍ ပြေးဝင် တိုက်ခိုက်ကြပါ တော့သည်။ ဥစ္စာ ပစ္စည်းနှင့် အသက်ဘေး
ယှဉ်လာချိန်တွင် အသက်ဘေး ကိုသာ ဦးစား ပေးရပါမည်။ ဇောချွေးတို့ဖြင့်
သားငယ်၊ သမီးငယ် တို့ကို အမိအရ ဆွဲချီ၍ ဇနီးသည်နှင့် အတူ သုတ်ခြေတင်
ပြေးခဲ့ ရပါသည်။ မီးတောက် များ၏ ရန်နှင့်အတူ ဓားရောင်၊ လှံရောင် တဝင်းဝင်း
လူအုပ်ကြီး၏ ညာသံများ ကင်းဝေးရာသို့ တစ်နာရီ ကျော် ခန့် ပြေးထွက်
လွတ်မြောက်ခဲ့ပြီး လယ်ကန်သင်းရိုး တစ်ခုပေါ်သို့ ခန္ဓာ ကိုယ်ကို
အရုပ်ကြိုးပြတ် ပစ်ချမိပါသည်။ ယင်းအချိန် တဲအိမ်လေးတွင် ကျန်ရစ် ခဲ့သော
ဒုက္ခိတ အဘိုးအို အတွက် ဆို့နစ် ကြေကွဲစွာ ခံစား နေရသော မိသားစု တစ်စု၏
မလှမ်းမကမ်းမှ ငိုကြွေး သံအား ကြားလိုက် ရပါသည်။ ပို၍ပင် အမောဆို့ ရပါ
တော့သည်။ မိသားစု အားလုံး အမှောင်ထုတွင် အသက်ကို အာသာငမ်းငမ်း ရှူကြရင်း
မီးတောက်ကြီးများ တလိမ့်လိမ့်ဖြင့် ဝါးမျိုနေသော ရွာလေးကို ယူကျုံးမရ
ငေးမော ကြည့်နေ မိကြ ပါတော့သည်။
မြန်မာ နိုင်ငံ၏ အနောက်ဘက် တံခါးမဟု
တင်စားနိုင်သည့် ကျွန်တော်တို့ ရခိုင်ပြည်နယ် ကြီးသည် နှစ်ကာလများစွာ
တည်ငြိမ် အေးချမ်း နေခဲ့ရာမှ ၂ဝ၁၂ ခုနှစ် မေလ ကုန်ပိုင်းနှင့်
ဇွန်လဆန်းပိုင်း တို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှု များ၏ လှိုင်းဂ
ယက်ကြောင့် လူအုပ်စု အချင်းချင်း ဒေါသအလျောက် အကြမ်းဖက် တိုက်ခိုက်မှု၊
မီးရှို့ ဖျက်ဆီးမှုများ ပေါ်ပေါက် ခဲ့ရပါသည်။ သီချင်းသံ တအေးအေးဖြင့်
ငြိမ်းချမ်း နေခဲ့သော ဒေသသည် ချက်ချင်း ဆိုသလို ညည်းတွား
အော်ဟစ်သံများဖြင့် လွှမ်းမိုး သွားခဲ့ ရပါသည်။ မြစ်ရေစီးသံ တို့ဖြင့်
တင့်မောဖွယ် ကျေးရွာ လေးများသည်လည်း ရုပ်ဆိုးလှစွာ ပြာပုံဘဝသို့ ရောက်ခဲ့
ရပါ တော့သည်။ စာအံသံ တို့ဖြင့် နားဝင် ပီယံရှိ လှသော စာသင်ကျောင်း
တို့သည်လည်း တိတ်ဆိတ်စွာဖြင့် ငြိမ်သက် သွားရ ပါတော့သည်။ ယုံကြည်ရာ
ယုံကြည်ရာ ကိုးကွယ် ဆည်းကပ်ရာ နေရာ ဌာန တို့သည်လည်း အကြမ်းဖက် လူအုပ်စု
တို့၏ ရန်ကြောင့် ရုပ်ဆိုး အကျည်းတန် သွားခဲ့ရ ပါသည်။ ကျွန်တော်တို့
မိသားစု ကာလ ရှည်စွာ နေထိုင်ခဲ့သည့် တဲအိမ်လေးနှင့် တပည့်များ စွာကို
အောင်မြင်စွာ မွေးထုတ် ပေးခဲ့သည့် ရွာလယ်မှ ကျွန်တော်၏ စာသင် ကျောင်းတို့
မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် အချိန်တွင် ကျွန်တော်၏
စိတ်အလျဉ် တို့သည် တည်ငြိမ် အေးချမ်းစဉ် ကရှိခဲ့သော ရခိုင်ပြည်နယ် ကြီး၏
သဘာဝ အလှ တရားများ နှင့် နိုင်ငံတော်မှ ဖန်တီး ပုံဖော်ပေးခဲ့သည့် အလှတရား
များစွာကို ပြန်လည် မြင်ယောင် ကြည့် နေမိ ပါတော့သည်။
ကျွန်တော် မွေးဖွား ကြီးပြင်းရာ
ရခိုင်ဒေသသည် အမိ ပြည်ထောင်စု ကြီး၏ အနောက်ပိုင်းမှ နေ၍ ဘင်္ဂလား
ပင်လယ်အော်ကြီးအား အကြောက် တရားမရှိ သတ္တိကြီးမား လှစွာဖြင့် ရင်ဆိုင်
ရပ်တည် နေပါသည်။ ဓညဝတီ၊ ရမ္မာဝတီ၊ မေဃဝတီနှင့် ဒွါရဝတီ ဝတီလေး ရပ်
ပေါင်းစည်း အပ်သည့် ရခိုင်သွေးချင်းတို့မြေသည် ကြည်နူးဖွယ် အလှများစွာဖြင့်
ဝေစည် ခဲ့ဖူးပါသည်။ ရှေးယခင် အချိန်များက ရခိုင်ရိုးမ တောင်တန်းကြီးဟု
ခေါ်သည့် အနောက်ရိုးမ တောင်တန်း ကြီး၏ ပိတ်ပင် တားဆီးမှုကြောင့်
တိုင်းရင်းသား ညီအစ်ကိုတို့ နီးလျက်နှင့် ဝေးနေ ခဲ့ရပါသည်။ နိုင်ငံတော်
အစိုးရ အဆက်ဆက်၏ ညီအစ်ကိုချင်း နီးစပ် တွေ့ဆုံ စေလိုသော ဆန္ဒမွန် များ
ကြောင့် ရိုးမကို ဖြတ်ကျော်၍ လမ်းတံတား အသွယ်သွယ် တို့ကို ဖောက်လုပ်
ပေးခဲ့သည့် အပြင် လေကြောင်း ခရီးစဉ် များစွာဖြင့်လည်း ရိုးမကြီးအား
အလွယ်တကူ ကျော်ဖြတ် နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် မျက်မှောက်ခေတ် အနောက်ရိုးမ
ကြီးမှ ညီအစ်ကို သွေးချင်း တို့ကို ပိုင်းခြား နိုင်ခြင်းငှာ မတတ်နိုင်
တော့ဘဲ လက်မှိုင်ချ ငေးကြည့်ရုံသာ ရှိနေ ရပါတော့သည်။
ခမ်းနားစွာ သွယ်တန်းနေသော တောင်တန်းများ၊
အစဉ်မပြတ် စီးဆင်း နေမြဲဖြစ်သော မြစ်ချောင်းများ၊ ကျယ်ပြန့်သော မြေနုလွင်
ပြင်များနှင့် ပဏာရ လှသည့် စပါးနှင့် ကောက်ပဲ သီးနှံ ခင်းများ၊ စိမ်းလန်း
စိုပြည်စွာ ပေါက်ရောက် နေသော သစ်တောများ၊ လှိုင်းအိတို့ ပြည့်လျှမ်း နေသည့်
ငွေပင်လယ် ကြီးနှင့်အတူ လှပသော ကမ်းရိုးတန်း အကွေ့ အကောက် များ၊
ကျောက်ဆောင် တန်းများ၊ ရွှေရည်နက်ဟု တင်စားရသည့် ရေနံ၊ ရွှေဖြူဟု
တင်စားနိုင်သည့် သဘာဝ ဓာတ်ငွေ့များ၊ မြစ်ချောင်း အင်းအိုင်နှင့် ပင်လယ်ရေ
ထွက် သယံ ဇာတများ၊ ဆက်သွယ် ကူးသန်း သွားလာနိုင်သည့် လမ်းကြောင်းများဖြင့်
ရခိုင်မြေမှ ပြည်တွင်းပြည်ပ ဧည့်သည် အပေါင်းကို အစဉ်အမြဲ လာချင်စဖွယ်
လက်ကမ်း ခေါ်ယူ နေခဲ့ ပါသည်။
ရခိုင်ပြည်နယ်၏ စစ်တွေ လေဆိပ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်းကို
လေ့လာကြည့်ပါက ဘီစီ ၃၃၂၅ မှစ၍ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊
မြောက်ဦး ခေတ်ဟူ၍ ရှိခဲ့ပါသည်။ ဗြိတိသျှ အစိုးရ လက်ထက်တွင်
ရခိုင်တိုင်းအဖြစ် တည်ရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြဋ္ဌာန်းသည့် အခါတွင်လည်း ရခိုင်တိုင်းအဖြစ် ဆက်လက် တည်ရှိခဲ့ပါသည်။ ၁၉၇၄
ခုနှစ် ဖွဲ့စည်းပုံ အခြေခံတွင် ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်
ခဲ့ပါသည်။
ဒုတိယ ဓညဝတီ ခေတ်ဦး စန္ဒသူရိယ
မင်းလက်ထက်တွင် ဂေါတမ မြတ်စွာ ဘုရားကိုယ်တိုင် ရခိုင်ပြည်သို့ ကြွရောက်
ခဲ့သည်ဟု ရခိုင် ရာဇဝင် ကျမ်းများက ဆိုပါသည်။ ဤအဆို အရ ဗုဒ္ဓ သက်တော်
ထင်ရှား ရှိစဉ်ကပင် ရခိုင်ပြည်သို့ ဗုဒ္ဓဘာသာ ရောက်ရှိခဲ့ပြီဟု မှတ်ယူရ
မည်ဖြစ်ပါသည်။ ''ရခိုင်''ဟူသော စကား၏ အဓိပ္ပာယ်မှာ ''ရက္ခတိ''
''စောင့်ရှောက်၏'' ဟူသော စကားမှ ''ရက္ခိုင်''ဟု ဖြစ်ပေါ်လာခဲ့ပြီး ယင်းမှ
''ရခိုင်'' ဟူ၍ ပြောင်းလဲ လာခြင်းဖြစ်ကြောင်း လေ့လာ ရပါသည်။ အမျိုးကို
စောင့်စည်း တတ်သော သဘောတရားနှင့် အတူ ဇာတိသွေး၊ ဇာတိမာန် ကြီးသူများလည်း
ဖြစ်ကြပါသည်။ ရခိုင် တိုင်းရင်းသားတို့သည် ဒုံးကြမ်းအက၊ ဒုံးယိမ်းအက၊
ပင့်ကူအက၊ ငစည်အက၊ ကြိုးတန်းလျှောက် တိုင်တက်အက၊ နဂါးအက၊ တိုးအက၊
ဆတောက်ပိုး အက၊ ရှေးသူရုပ်မကြီး များ အက၊ ရုပ်သေးအက၊ နတ်အကနှင့် ၁၂ ရာသီ
သဘင်အကများကို ကခုန်လေ့ ရှိပါသည်။ ရိုးရာ ဓလေ့ပွဲများ အနက် ရခိုင်ရိုးရာ
ကျင်ပွဲမှာ အထူး ထင်ရှားပါသည်။ ကျင်ဟူသည် ကျားနှင့် ယင်ဝေါဟာရ နှစ်လုံး
ပေါင်းစပ်၍ ဖြစ်ပေါ်လာကြောင်း၊ ''ကျားယင်၊ ယင်-ကျား''ကစား နည်းကို အခြေခံ၍
ကျင်ဖြစ်လာကြောင်း၊ ''ကျားယင်'' ကစားနည်း၌ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က
ရှောင်ပြေး လိုက်နှင့် ယင်အကောင် နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်
လိုက်ဖမ်းနိုင်ရန် အကွက်ရွှေ့ ကစား နည်းကို အခြေခံ မှီ၍ ကျင်သန်နှစ်ဦး
ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြေသို့ ကျအောင် ကစားရသော ကစားနည်း
အတတ်ပညာ ဖြစ်ကြောင်း သိရှိရပါသည်။ ကျင်ဟူသည်မှာ ''ကျားလျင်''မှ ပြောင်းလဲ
လာခြင်း ဖြစ်ပြီး ကျားသည် သားကောင်ကို ဖမ်းမည့်အခါ လျင်မြန်သည့် အဟုန်ဖြင့်
ဖမ်းရ သကဲ့သို့ ကျင်ကိုင်ရာ ၌လည်း ကျားကဲ့သို့ လျင်မြန် ဖျတ်လတ်ရသည့်
အတွက် ''ကျားလျင်''ဟု ခေါ်ရာမှ ''ကျင်''ဖြစ်လာ သည်ဟုလည်း ဆိုပါ သည်။
ရခိုင် ပြည်နယ်သည် ဧရိယာ အားဖြင့် ၁၄၂ဝဝ
ဒသမ ၁၁ စတုရန်းမိုင် ကျယ်ဝန်းပြီး ရခိုင် ကမ်းရိုး တန်းသည် နတ်မြစ်ဝမှ ဧရာ
ဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ် ကျောက်ချွန် ချောင်းဝ အထိ ၄၄၃ မိုင်
ရှည်လျား ပါသည်။ အရှေ့ဘက်ရှိ ရခိုင် ရိုးမ တောင်တန်းကြီးနှင့် အနောက်
ဘက်ရှိ ဘင်္ဂလား ပင်လယ်အော် တို့အကြားတွင် တံတောင်ဆစ်ကွေး သဏ္ဌာန် တည်ရှိ
နေပါသည်။ မြောက်ဘက်ပိုင်းတွင် ကျယ်ပြန့်သော လွင်ပြင်ကြီး များရှိပြီး
မိုင်ပေါင်း ၁ဝဝခန့် ကျယ်ပြန့်ကာ တောင်ဘက်သို့ တဖြည်းဖြည်း
ကျဉ်းမြောင်းသွားပြီး အကျဉ်းဆုံး နေရာတွင် မိုင် ၂ဝ ခန့်ရှိပါသည်။
ရခိုင်ပြည် နယ်အား စစ်တွေခရိုင်၊
မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်နှင့် မြောက်ဦး ခရိုင်ဟူ၍
ခရိုင်ကြီး ငါးခု၊ မြို့နယ် ၁၇ ခု၊ မြို့နယ်ခွဲ သုံးခုဖြင့် ဖွဲ့စည်း
ထားရှိပါသည်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် လူဦးရေ စာရင်းအရ တိုင်းရင်းသား လူမျိုး
ပေါင်းစုံ ၃၃ဝ၆၂၃၅ ဦးတို့မှာ အေးအတူ ပူအမျှ အတူတကွ လက်တွဲ နေထိုင်
ခဲ့ကြပါသည်။ ရခိုင် တိုင်းရင်းသားတို့တွင် မျိုးနွယ်စု ခုနစ်စု ရှိပါသည်။
၎င်းတို့မှာ ရခိုင်၊ ခမီး၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာ ကြီးနှင့် ကမန်
မျိုးနွယ်စုများ ဖြစ်ပါသည်။ ရခိုင် မျိုးနွယ်စုတို့က ၂ဝ၉၁၆၂၈ ဦး၊
ပြည်နယ် လူဦးရေ၏ ၆၃ ဒသမ ၂၆ ရာခိုင်နှုန်း၊ ခမီး မျိုးနွယ်စု တို့က ၃၃၉၆၁
ဦး၊ ပြည်နယ် လူဦးရေ၏ ၁ ဒသမ ဝ၃ ရာခိုင်နှုန်း၊ ဒိုင်းနက်
မျိုးနွယ်စုတို့က ၁၆၇၁၁ ဦး၊ ပြည်နယ် လူဦးရေ၏ သုည ဒသမ ၅၁ ရာခိုင်နှုန်း၊
မြိုမျိုးနွယ်စုတို့က ၄ဝဝ၆၆ ဦး၊ ပြည်နယ် လူဦးရေ၏ ၁ ဒသမ ၂၁ ရာခိုင်နှုန်း၊
သက်မျိုးနွယ်စုတို့က ၂၉၂၃ ဦး၊ ပြည်နယ် လူဦးရေ၏ သုည ဒသမ ဝ၉ ရာခိုင်နှုန်း၊
မရမာကြီး မျိုးနွယ်စု တို့က ၉၃၆၇ ဦး၊ ပြည်နယ် လူဦးရေ၏ သုည ဒသမ ၂၈
ရာခိုင်နှုန်း၊ ကမန် မျိုးနွယ်စုတို့က ၈၂၃၆ ဦး၊ ပြည်နယ် လူဦးရေ၏ သုည ဒသမ
၂၅ ရာခိုင်နှုန်း အသီးသီး နေထိုင် ကြပြီး ဗမာ တိုင်းရင်းသားများက ၃ဝဝ၅၃
ဦး၊ ပြည်နယ် လူဦးရေ၏ သုည ဒသမ ၉၁ ရာခိုင်နှုန်း၊ ချင်း တိုင်းရင်းသားများက
၁ဝဝ၅၄၃ ဦး၊ ပြည်နယ် လူဦးရေ၏ ၃ ဒသမ ဝ၄ ရာခိုင်နှုန်းနှင့် ဘင်္ဂလီ
လူမျိုးတို့က ၉၆၂၉၆၄ ဦး၊ ပြည်နယ် လူ ဦးရေ၏ ၂၉ ဒသမ ၁၃ ရာခိုင်နှုန်း
အသီးသီး နေထိုင်လျက် ရှိပါသည်။
ရေကြောင်း ခရီးကို အားကိုးအားထား ပြုရသည့်
ကျွန်တော်တို့ ရခိုင်ပြည်နယ်တွင် တောင်မှ မြောက်သို့ သွယ်တန်းလျက် ဘင်္ဂလား
ပင်လယ်အော်ကြီး အတွင်းသို့ စီးဝင်နေသည့် မြစ်ချောင်းကြီး များမှာ
အဖိုးအနဂ္ဃ ထိုက်တန်သော သဘာဝ တရား၏ လက်ဆောင် များပင် ဖြစ်ပါသည်။
ရခိုင်ပြည်နယ်ရှိ ထင်ရှားသည့် မြစ်များမှာ နတ်မြစ်၊ မယူမြစ် (မေယုမြစ်)၊
ကုလား တန်မြစ် (ကစ္ဆပန ဒီမြစ်)နှင့် လေးမြို့မြစ်များ ဖြစ်ပါသည်။
နတ်မြစ်သည် မောင်တော မြို့နယ်တွင် ရှိပြီး
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အား နယ် နိမိတ်
ပိုင်းခြားထားသည့် နယ်စပ်မြစ် ဖြစ်ပါသည်။ မြောက်ဘက် နယ်စပ်
တောင်ကုန်းများမှ စီးဆင်းလာခဲ့ပြီး တောင်ဘက် မောင်တောမြို့ အနီး၌ ဘင်္ဂလား
ပင်လယ်အော် အတွင်းသို့ စီးဝင် ပါသည်။ နယ်စပ် ကုန်သွယ်ရေး သင်္ဘောများနှင့်
မော်တော်များ ဝင်ထွက်သွားလာ သည့် မြစ်ဖြစ်ပါသည်။ မင်္ဂလာကြီး တောင်တန်းမှ
ထွက်ရှိသော ဝါး၊ ကြိမ်နှင့် သစ်များကို ပြူးမ ချောင်းမှတစ်ဆင့်
နတ်မြစ်အတိုင်း မျှော၍ ထုတ်ယူ နိုင်ကြပါသည်။ နတ်မြစ်ကို အမှီပြု၍ ရေငန်
ပုစွန်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် ဒေသနေ
ပြည်သူများကို အကျိုးပြု လျက် ရှိပါသည်။
ဘူးသီးတောင်မြို့ အနီးမှ စီးဆင်းလာသော
ကုလား ပန်ဇင်းချောင်းနှင့် စိုင်းဒင်ချောင်းတို့ ပေါင်းဆုံ၍ မေယုမြစ်ခေါ်
မယူမြစ် ဖြစ်ပေါ်လာခဲ့ပြီး စစ်တွေမြို့ အနီးတွင် ဘင်္ဂလား ပင်လယ်အော်သို့
စီးဝင်ပါသည်။ မြစ်အထက်ပိုင်းတွင် ကျယ်ပြန့်သော လွင်ပြင်များ ရှိသည့် အတွက်
ဆန်စပါးကို ကောင်းစွာ စိုက်ပျိုးနိုင်ကြသလို မြစ်အောက် ပိုင်းတွင်လည်း
ရေငန် ပုစွန် မွေးမြူရေးကို လုပ်ကိုင်နိုင်ကြ ပြန်ပါသည်။
ကုလားတန်မြစ် (ကစ္ဆပန ဒီမြစ်) ကြီးမှာ
ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံး အဝင်ဆုံး သော မြစ်ကြီးပင် ဖြစ်ပါသည်။
ဤမြစ်ကြီးသည် ပေ ၈ဝဝဝ ခန့် မြင့်သော ချင်းပြည်နယ် လူရှည် တောင်တန်းနှင့်
အိန္ဒိယနိုင်ငံ ချယ်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်း လာခဲ့
ပါသည်။ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအို ရီဗာ) အမည်ဖြင့် စီးဆင်း
လာခဲ့ သော ဤမြစ်သည် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်း
ဖြစ်ပါသည်။ ချင်းပြည်နယ် ပလက်ဝမြို့ အထက်ပိုင်းတွင် ကုလားတန်မြစ် (ကစ္ဆပန
ဒီမြစ်) အမည်ဖြင့် ရခိုင်ပြည်နယ် အတွင်းသို့ ဆက်လက် စီးဆင်း လာခဲ့ပါသည်။
မြစ်ကြောင်း တစ်လျှောက် မြေသြဇာ ထက်သန် ကောင်းမွန်သော မြေနုလွင်ပြင်များ
ရှိသည့်အတွက် စပါး၊ မြေပဲ၊ ဆေးရွက်ကြီး၊ ငရုတ်၊ နေကြာ စသည့် သီးနှံများ
စိုက်ပျိုး နိုင်ကြပါသည်။
လေးမြို့မြစ်သည် ပေပေါင်း ၅၅၅ဝ မြင့်သည့်
ချင်းတောင်တန်း များမှ မြစ်ဖျားခံ၍ တောင် ဘက်သို့ စီးဆင်း လာခဲ့ရာ
မြစ်အထက်ပိုင်းမှ မင်းပြားမြို့အထိ လေးမြို့မြစ်ဟု အမည် တွင်ပြီး
မင်းပြားမြို့ အနီးတွင် ရာမောင်မြစ် အမည်ဖြင့် တောင်ဘက်သို့ ဆက်လက်
စီးဆင်းပါသည်။ မြေပုံမြို့ အနီးအရောက်တွင် မင်းကြောင်း အမည်ဖြင့် ဘင်္ဂလားပင်
လယ်အော်သို့ စီးဝင် သွားပါသည်။ ၁၄၄မိုင် ရှည်လျားပြီး သုံးမည်ရသည့်
မြစ်ကြီးတစ်စင်း ဖြစ်ကာ မြစ်၏ အထက်ပိုင်းတွင် လိမ္မော်၊ ရှောက်ချို၊
ကျွဲကော၊ သံပရာနှင့် ကွမ်းသီး စိုက်ခင်း များ စိုက်ပျိုး နိုင်ကြသည်။
ရခိုင်ပြည်နယ် အကြောင်း ပြောရပါက
ရခိုင်ရိုးမကြီး အကြောင်းကိုလည်း ချန်ထား၍ မရနိုင်ပါ။ အနောက်ရိုးမ ဟုခေါ်သော
ရခိုင်ရိုးမ တောင်တန်းကြီးသည် ဟိမဝန္တာ တောင်တန်း၏ တောင်ရိုး တစ်ခုဖြစ်ပြီး
မြောက်မှတောင်သို့ မိုင်ပေါင်း ၂၄ဝ ခန့် ရှည်လျားပါသည်။ မယူ တောင်တန်း၊
စိုင်းဒင်တောင်တန်း၊ သြရမ တောင်တန်းနှင့် ဘဲငါးရာ တောင်တန်းများမှာ ထင်ရှား
လှပါသည်။
မေယု တောင်တန်းဟု ခေါ်သည့် မယူ
တောင်တန်းသည် နတ်မြစ်နှင့် မေယုမြစ် အကြားတွင် တည်ရှိပြီး
တောဆင်ရိုင်းများ၊ သားရဲတိရစ္ဆာန်များ ကျက်စားရာ တောင်တန်းကြီး ဖြစ်ပြီး
မိုင်ပေါင်း ၈ဝ ခန့် ရှည်လျားပါသည်။ စိုင်းဒင် တောင်တန်းသည် ဘင်္ဂလားဒေ့ရှ်
နိုင်ငံဘက်မှ မြောက်ဘက်သို့ သွယ်တန်းနေသည့် တောင်တန်းဖြစ်ပြီး မိုင် ၄ဝ
ခန့် ရှည်လျားပါသည်။ စိုင်းဒင်တောင်တွင် အမြင့် ပေ၇ဝ၊ အကျယ် ပေ ၇ဝဝ
ခန့်ရှိသည့် ရခိုင်ပြည်နယ်၏ အကြီးဆုံး ရေတံခွန်ကြီး တည်ရှိပါသည်။
မြန်မာနိုင်ငံ၏ အနောက်ဘက် အစွန်ဆုံး
မောင်တော မြို့လေး အကြောင်း ဦးစွာ မိတ်ဆက် လိုပါသည်။ နတ်မြစ်နှင့် မေယု
တောင်တန်း အကြားတွင်ရှိပြီး ရှည်လျား သေးသွယ်၍ ချစ်စဖွယ် မြို့လေး
ဖြစ်ပါသည်။ မောင်တောမှ မြောက်ဘက် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ ဆီသို့
နတ်မြစ် အတိုင်း ၃၅ မိုင်ခန့် ရေကြောင်း ခရီးရှိပြီး နေ့စဉ် ပုဂ္ဂလိက
မော်တော်ငယ်များ ပြေးဆွဲလျက် ရှိပါသည်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်
နိုင်ငံဆိပ်ကမ်းသို့ လည်းကူးတို့ မော်တော်ငယ်များဖြင့် အလွယ်တကူ သွားရောက်
နိုင်ပါသည်။ မြို့တော် စစ်တွေမြို့မှ ၉၆ မိုင်ကွာဝေးပြီး နတ်မြစ်၏ အရှေ့ဘက်
ကမ်းနဖူးတွင် တည်ရှိပါသည်။ နယ်စပ် ကုန်သွယ်ရေး မြို့လေး ဖြစ်သည့် အတွက်
နေ့စဉ် ကုန်သွယ် ကူးသန်းသူများဖြင့် အထူး စည်ကား ခဲ့ပါသော်လည်း ယခုတွင်မူ
မီးလောင်ပြင်များဖြင့် မြို့ဟောင်း၊ မြို့ပျက် တစ်ခုသဖွယ် အကျည်းတန် နေရ
ပါတော့သည်။
မောင်တောမြို့နှင့် တွဲ၍ ထင်ရှားသည့်
မြို့တစ်ခုမှာ ဘူးသီးတောင်မြို့ ဖြစ်ပြီး မောင်တောမြို့၏ အရှေ့ဘက် ၁၆
မိုင်ခန့် အကွာတွင် တည်ရှိပါသည်။ စပါး၊ ငရုတ်၊ မုန်ညင်း၊ ဗိုလ်ကိတ်ပဲ၊
မတ်ပဲနှင့် အာလူးများ စိုက်ပျိုး ကြပါသည်။ ဘူးသီတောင် ဒေသမှ ထွက်သော
အာလူးမှာ ရခိုင်ပြည်နယ်တွင် အထူး နာမည်ကြီး ထင်ရှားပါသည်။ ဘူးသီးတောင်မှ
စစ်တွေသို့ မေယု မြစ်အတိုင်း နေ့စဉ် သင်္ဘောများဖြင့် အလွယ်တကူ
သွားလာနိုင်ပြီး မြို့နယ်အတွင်း ပုဂ္ဂလိက မော်တော်ငယ်များလည်း
ပြေးဆွဲလျက်ရှိရာ သွားလာရေး အဆင်ပြေ ချောမွေ့ပါသည်။ သမိုင်း ကြောင်းအရ
ရွှေဘူးသီး ရှိသည်ဟုဆိုသည့် တောင်ခြေတွင် အခြေချ နေထိုင် လာကြ ရာမှ
ဘူးသီးတောင်ဟု ခေါ်ဆို လာသည်ဟုလည်း ဆိုကြပါသည်။
ဘူးသီးတောင်မှ မေယုမြစ် အတိုင်း
တောင်ဘက်သို့ မိုင် ၄ဝ ခန့် ခရီးနှင် ခဲ့ပါက ရသေ့တောင် မြို့လေးသို့
ရောက်ရှိမည် ဖြစ်ပါသည်။ မြစ်အရှေ့ဘက်ကမ်းရှိ မေယု မြစ်လက်တက်ငယ်ဖြင့်
မြို့တွင်း ဆိပ်ကမ်းသို့ ဝင်ရောက် ရပါသည်။ စစ်တွေ၊ ဘူးသီးတောင် နေ့စဉ်
ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောများ ပြေးဆွဲလျက်ရှိရာ
ရသေ့တောင်မြို့သို့ ဝင်ရောက် ဆိုက်ကပ် ပေးသည့်အတွက် အဆင်ပြေ လှပါသည်။
ဓညဝတီဟု ခေါ်ဆိုခဲ့သည့် မြို့တော်စစ်တွေသည်
ကုလားတန် မြစ်ဝ၏ အနောက် ဘက်ကမ်းတွင် တည်ရှိပြီး မြောက်ဘက်တွင်
ပုဏ္ဏားကျွန်း မြို့နယ်နှင့် ရသေ့တောင်မြို့နယ်၊ အရှေ့ဘက်တွင် ပေါက်တော
မြို့နယ်နှင့် ကုလားတန်မြစ်၊ တောင်ဘက်နှင့် အနောက် ဘက်တို့တွင် ဘင်္ဂလား
ပင်လယ်အော်ကြီးက ဝန်းရံလျက် ရှိပါသည်။ စစ်တွေမြို့သို့ ကုန်းလမ်း အတိုင်း
လာရောက်ပါက စစ်တွေမြို့အဝင် ၁၇ မိုင်ခန့် အကွာ၌ ၂ဝဝ၃ပေ ရှည်လျားသည့်
မင်းချောင်း တံတားကြီးက စောင့်ကြို နေပါလိမ့်မည်။
ရခိုင်ဘုရင်များ လက်ထက်က စစ်တွေကျွန်းတွင်
ဘုရင့်ရေတပ်မတော်မှ စစ်သည်များ၊ စစ်ကဲ များ စခန်းချရာ ဖြစ်ခဲ့ပါသည်။
စစ်တပ်များ စစ်တဲ စခန်းချခဲ့ရာ အရပ်ဖြစ်၍ မူလစစ်တဲဆိုသော ဝေါဟာရမှ စစ်တေး၊
ထိုမှ စစ်တွေဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဆိုကြပါသည်။ စစ်တွေမြို့သည်
ရခိုင်ပြည်နယ်၏ စီးပွားရေး အချက်အချာကျရာ မြို့တစ်မြို့ဖြစ်ပြီး
မိုးကုပ်စက်ဝိုင်း ထိအောင် ကျယ်ပြောသည့် ပင်လယ်ပြင်၏ အလှအပ
များစွာတို့ဖြင့် တင့်မောဖွယ် ပင်လယ် ကမ်းခြေမြို့ တစ်မြို့လည်း
ဖြစ်ပါသည်။ စစ်တွေမြို့ကို ရောက်ရှိပါက ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး
စသည့် ခေတ်အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့သည့် သမိုင်းဝင် ဘုရား၊ ပုထိုး၊
စေတီများကို ဖူးမြော်ရင်းနှင့် ရခိုင်ရိုးရာ ယဉ်ကျေးမှု များကို လေ့လာခွင့်
ရရှိမည် ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၏ အကြီးဆုံး ကြေးသွန်း ဆင်းတု တော်ကြီး
ဖြစ်သည့် အတုလ မာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးကို ဖူးမြော်နိုင် ပါသည်။
စစ်တွေမြို့တွင် သလုံးတော်ဓာတ် စေတီတော်၊
စကြာမုနိ မုဒြာ ကြေးသွန်း ရုပ်ပွားတော်နှင့် လောကာနန္ဒာ စေတီတော် တို့မှာ
ထင်ရှား လှပါသည်။ ကျေးလက် ဒေသများတွင် ရက်ကန်း စင်များ ရှိပြီး ရခိုင်
လုံချည်နှင့် စောင်များ ရက်လုပ်ကြသည်။ စစ်တွေမြို့တွင် စစ်တွေ တက္က သိုလ်၊
နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် အစိုးရ နည်းပညာ အထက်တန်း
ကျောင်းတို့ တည်ရှိပါသည်။
မြန်မာ နိုင်ငံနှင့် အိန္ဒိယ နိုင်ငံ
အစိုးရ တို့ကြား ၂ဝဝ၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ် အရ
စစ်တွေ ရေနက် ဆိပ်ကမ်း စီမံကိန်းအား ၂ဝ၁ဝ ပြည့်နှစ်မှ စ၍ တည်ဆောက် လျက်
ရှိပါသည်။ မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်းနှင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်
ပြည်နယ် သို့ ဆက်သွယ်သော ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး နယ်စပ် ဖြတ်သန်း
သယ်ယူ ပို့ဆောင် ရေး အထောက် အကူပြု လုပ်ငန်း အစီအစဉ် ဖြစ်ပါသည်။ စီမံကိန်း
လျာထားချက် များတွင် စစ်တွေ ဆိပ်ကမ်းသို့ တန်ချိန် ၆ဝဝဝ ရေယာဉ်များ ဝင်ထွက်
ဆိုက်ကပ် နိုင်ရေးအတွက် လုံလောက်သော ရေအနက် ရရှိစေရန် သောင်တူးခြင်း၊
စစ်တွေ ဆိပ်ကမ်းသို့ တန်ချိန် ၂ဝဝဝဝ ရှိ ရေယာဉ် ဆိုက်ကပ်နိုင်သည့်
ဆိပ်ခံတံတား တစ်စင်း တည်ဆောက်ခြင်းနှင့် စစ်တွေနှင့် ပလက်ဝတို့တွင်
တန်ချိန် ၃ဝဝ မြစ်တွင်း သွား ရေယာဉ်များ ဆိုက်ကပ်ရန် ဆိပ်ခံတံတား
တည်ဆောက်ခြင်းများလည်း ပါဝင်ကြောင်း သိရပါသည်။
မြို့တော်စစ်တွေ လေဆိပ်မှသည် ရန်ကုန်-
နေပြည်တော်- အမ်း- ကျောက်ဖြူနှင့် သံတွဲမြို့ များသို့ အလွယ်တကူ သွားရောက်
နိုင်ပါသည်။ စစ်တွေသို့ ရောက်ရှိသည့် နိုင်ငံခြားသား ကမ္ဘာလှည့်
ခရီးသွားများ မဖြစ်မနေ လာရောက် အပန်းဖြေ အနားယူလေ့ ရှိသည့် နေရာမှာ
ပွိုင့်ဟု ခေါ်သော ရှုခင်းသာ ကမ်းခြေနေရာ ဖြစ်ပါသည်။ ဘင်္ဂလား ပင်လယ်အော်သို့
မျက်နှာ မူလျက် ၁ဝ မိုင်ခန့် ရှည်လျားသည့် သဲသောင် ပြင်ကြီးသည် ငွေမင်ရောင်
ပန်းချီကားကြီး တစ်ချပ်သဖွယ် ဆွဲဆောင် နေပါတော့သည်။ စစ်တွေမြို့ရှိ
ယဉ်ကျေးမှု ပြတိုက်နှင့် ဗုဒ္ဓ ပြတိုက်တို့တွင် ရခိုင်ယဉ်ကျေးမှု
အမွေအနှစ်များကို ထိန်းသိမ်း ထားရှိပါသည်။ စစ်တွေမြို့ သည် နယ်စပ်
ကုန်သွယ်ရေး စခန်းမြို့ ဖြစ်သည်နှင့် အညီ ရေထွက် ပစ္စည်းများ ဖြစ်သည့်
ငါး၊ ပုစွန်၊ ကုန်ဝယ်ဒိုင်များ၊ အအေးခန်း စက်ရုံများ၊ ရေခဲစက်များ များစွာ
ရှိပါသည်။ စစ်တွေမြို့သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးမှ ကုန်စည်တို့
စီးဝင်ရာ မြို့ဖြစ်သလို ပို့ကုန်များ တင်ပို့ရာ မြို့လည်း ဖြစ်ပါသည်။
ယခုတွင်မူ ဝေစည်လှသော မြို့တော်ကြီးမှာ အကြမ်းဖက် လူအုပ်စု များက
အပြန်အလှန် မီးရှို့ဖျက်ဆီး ခဲ့မှုကြောင့် ကြွင်းကျန်နေသော အုတ်ရိုး အပျက်
အစီးများ၊ မီးလောင်မြိုက်ထားသည့် သစ်ပင်ကြီးငယ်များ၊ အိုးအိမ် မဲ့ရသူတို့၏
ငိုကြွေးသံများဖြင့် ရင်နင့်ဖွယ် အတိ ဖြစ်နေ ပါတော့သည်။
ရန်ကုန်- စစ်တွေ ကားလမ်းမ ကြီးသည်
စုစုပေါင်း ၅၃၄ ဒသမ ၃ မိုင်ရှည်လျားပြီး လမ်း ကြောင်း တစ်လျှောက်
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းမြို့များကို
ဖြတ်သန်း သွားပြီး ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်း ဖြစ်ပါသည်။
မြစ်ကြောင်း ခရီးလမ်းများ အနေဖြင့်
စစ်တွေ- ရသေ့တောင် -ဘူးသီးတောင် ရေကြောင်းလမ်း၊ စစ်တွေ- ကျောက်တော်
ရေကြောင်းလမ်း၊ စစ်တွေ- မြောက်ဦး ရေကြောင်းလမ်း၊ စစ်တွေ-ပေါက်တော -မြေပုံ
-ကျောက်ဖြူ -ရမ်းဗြဲ -တောင်ကုတ် ရေကြောင်းလမ်း၊ မင်းပြား- မြေပုံ ရေ
ကြောင်းလမ်း၊ ကျောက်တော် -ပလက်ဝ ရေကြောင်းလမ်း၊ ကျောက်ဖြူ- တပ်တောင်
ရေကြောင်းလမ်း၊ တောင်ကုတ် -မာန်အောင် ရေကြောင်းလမ်းနှင့် စစ်တွေ -မင်းပြား
ရေကြောင်း လမ်းများ ရှိပါသည်။
http://www.myawady.net.mm/library/stories/storiesforall/item/1180-2012-12-09-10-23-06
No comments:
Post a Comment