Sunday 12 August 2012

မပျက်မစီးသေးသည့် အစားအစာများပါရှိသော လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝဝဝ ခန့်က ရောမသင်္ဘောပျက် တစ်စင်း အီတလီ၌တွေ့ရှိ

 
မီလန် သြဂုတ် ၁၁

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်က ရောမခေတ် ကုန်တင်သင်္ဘော တစ်စင်းဟု ယူဆရသည့် သင်္ဘောပျက်တစ်စင်းကို အီတလီနိုင်ငံ ဂျီနိုအာမြို့အနီးရှိ ကမ်းလွန်ရေအောက် အနက်ပေ ၂ဝဝ တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ငါးဖမ်းသမားများက ငါးဖမ်းပိုက်တွင် အိုးအပိုင်းအစများကို တွေ့ရှိခဲ့ ပြီးနောက် ရေငုပ်သမားများက ပင်လယ် ကြမ်းပြင်အောက်သို့ ရှာဖွေရေးရေယာဉ် တစ်စင်းကိုစေလွှတ်ခဲ့ရာမှ အဆိုပါ သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းသင်္ဘောပျက်ပေါ်တွင် အိုးပေါင်း ၂ဝဝ ခန့်တွေ့ရှိခဲ့ ပြီး ၄င်းအိုးများတွင် ဆီ၊ သံလွင်ဆီ၊ ဝိုင်၊ ငါးနှင့် အခြားအစားအစာများ ပါဝင်လျက်ရှိကြောင်း သိရသည်။ ၄င်းတို့အနက် အချို့အိုးများကို ချိတ်ပိတ်ထားလျက် မပျက်မစီးဘဲ တွေ့ရှိရကြောင်း သိရသည်။
အဆိုပါသင်္ဘောသည် အီတလီနှင့် စပိန်နိုင်ငံအကြား BC တစ်ရာစုနှင့် AD တစ်ရာစုကာလအတွင်း ကုန်ကူးသည့် သင်္ဘောတစ်စင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ၄င်းသင်္ဘောပျက်နေရာကို ရေငုပ်ခြင်းမှ တားမြစ်ထားကြောင်းနှင့် အီတလီရဲတပ်ဖွဲ့များက လုံခြုံရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment