Wednesday 22 August 2012

နိုင်ငံတစ်ခု၏ ပထဝီနိုင်ငံရေး (ဆောင်းပါး)

(၂၀၁၂ သြဂုတ်လ ၂၂ ရက် မြ၀တီဆောင်းပါး)
ဆောင်းပါးရှင်- နန္ဒမျိုး
အင်အား
အင်အားဆိုတာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ အလွန် အခရာကျ ပါတယ်။ နိုင်ငံတွေ အချင်းချင်း ဆက်ဆံတဲ့ အခါမှာ အင်အားကို အခြေခံပြီး ဆက်ဆံကြတယ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။ နိုင်ငံအများစုဟာ မိမိရဲ့ အင်အား ကို တိုးသည်ထက်တိုးအောင် ဆောင်ရွက်ကြရာမှာ ရပ်တန့်သွားတယ် လို့မရှိပါဘူး။ မဟာအင်အားကြီးနိုင်ငံတွေ တာင်မှ မိမိရဲ့အင်အားကို တိုးသည် ထက်တိုး အောင်ကြိုးစား နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
အင်အားကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း
နိုင်ငံ တွေဟာ အင်အားရှိဖို့ကြိုးစား ကြပါတယ်။ အင်အားကို နိုင်ငံတွရဲ့ အရွယ်အစား၊ လူဦးရေ၊ နိုင်ငံရဲ့ ဝင်ငွေ အတိုင်းအတာ၊ စစ်အင်အားစသဖြင့် ပိုင်ဆိုင်မှုတွေ အပေါ်မူတည်ပြီး တွက်ချက်ကြပါတယ်။ နိုင်ငံတစ်ခုရဲ့ အင် အားကို အကောင်းဆုံး တိုင်းတာင်တဲ့ နောက်အညွှန်း ကိရိယာတစ်ခု ကတော့ GDP  ပဲဖြစ် ပါတယ်။ ဒါ့အပြင်  နိုင်ငံရဲ့ နည်းပညာ အဆင့်အတန်း၊  ချမ်းသာ ကြွယ်ဝမှု ဥစ္စာဓန စတာ တွေလည်း ပါပါတယ်။
အင်အားသည် အကောင် အထည်အဖြစ် မြင်သာထင်သာတဲ့ အရာမဟုတ်တဲ့ အချက်တွေ ပေါ်မှာလည်း မူတည်ပါ တယ်။ အင်အားရှိ စေမယ့်အရာတွေထဲမှာ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်တို့ပါဝင်တယ်။ ပြည်သူ လူထုက အစိုးရအပေါ်မှာ ထောက်ခံမှုတွေပိုများ လေလေ၊ အဲဒီအစိုးရရဲ့ ရပ်တည်မှုပိုပြီးအား ကောင်း ခိုင်မာစေလေ ဖြစ်ပါတယ်။ တချို့ကလည်း အတွေးအခေါ်၊ စိတ်ကူးစိတ်သန်း တွေရဲ့ အင်အားကို အလေးပေး ထောက်ပြ ကြပါတယ်။ ဘာသာရေး၊ အယူဝါဒတွေ၊ မျိုးချစ် စိတ်တွေ၊ အမျိုးသား စိတ်တွေနဲ့ စုစည်းပြီး  အင်အား  Power မြှင့်တင် နိုင်စွမ်း ရှိတယ်လို့ ပြောကြ ပါတယ်။ နိုင်ငံ တစ်နိုင်ငံဟာ သူ့ရဲ့စံ နှုန်းတွေ၊ နည်းလမ်းတွေ ချမှတ်ပေးခြင်း အားဖြင့် မိမိရဲ့ ကိုယ်ပိုင် အမျိုးသား အကျိုး စီးပွားပေါ်မှာ တခြား နိုင်ငံတွေက ရှုမြင်တဲ့ အမြင်တွေကို ပြောင်းလဲ နိုင်ပါတယ်။
အင်အားကို ခန့်မှန်းတွက်ချက်ခြင်း
အင်အားကို ခန့်မှန်း တွက်ချက် တာနဲ့ ပတ်သက်လို့ တရုတ်ပြည်မှာ ကျော်ကြား ခဲ့တဲ့ စစ်သူကြီး ဆွန်ဇုက သူ့ကျမ်းရဲ့ ပထမဦးဆုံး အခန်းမှာ နိုင်ငံ တစ်နိုင်ငံရဲ့ ကိုယ်ပိုင်အင်အား ဘယ်လောက် ရှိသလဲ ဆိုတာ တိုင်းတာ ထားဖို့ လိုတယ်၊ ငွေကြေး ပိုင်ဆိုင်မှု၊ နယ်ပယ် အကျယ် အဝန်း၊ ပြည်တွင်း လူထုရဲ့ မိမိအပေါ် ထောက်ခံမှု၊ အလား အလာရှိတဲ့ ရန်သူအထိ တွက်ဆ ထားရမယ်လို့ အကြံပေး ထားပါတယ်။
နိုင်ငံ တစ်ခုရဲ့ အင်အားကို ခန့်မှန်း တွက်ချက် မယ်ဆိုရင် ကွဲပြား ခြားနားတဲ့ အချက်တွေ ပေါ်မှာ မူတည်ပြီး တော့မှ တွက်ချက် ရမှာဖြစ် ပါတယ်။ အင်အားရဲ့ ယုတ္တိဗေဒ က စစ်ပွဲတွေမှာ အင်အား ကြီးတဲ့ သူဟာ အနိုင်ရ လိမ့်မယ်၊ ဒါ့ကြောင့် ပြိုင်ဘက် နိုင်ငံနှစ်ခုရဲ့ ယှဉ်ပြိုင်တဲ့ နှိုင်းရ အင်အား နှစ်ခုကို ခန့်မှန်းခြင်း အားဖြင့် ရလဒ် ဘာထွက် လာမလဲ ဆိုတာ ကြိုတင် ခန့်မှန်း လို့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံမှာရှိတဲ့လက်နက်ကိုင် တပ်ဖွဲ့ တွေရဲ့ စွမ်းရည်တွေ၊ နိုင်ငံ လူထုရဲ့ အစိုးရပေါ် ထောက်ခံမှုတွေ၊ နိုင်ငံ တစ်ခုချင်း စီရဲ့ စီးပွားရေး ပမာဏ၊ တစ်ဦးချင်းဝင်ငွေ တွေဟာ နိုင်ငံတွေရဲ့ အင်အား နှစ်ခုကို နှိုင်းယှဉ်တဲ့ အခါထည့် တွက်ရမယ့် အချက် အလက်တွေ ဖြစ်ပါတယ်။
နိုင်ငံတစ်ခုရဲ့ အင်အားမှာ  နယ်မြေ အကျယ်အဝန်း၊  သဘာဝ သယံဇာတ အရင်း အမြစ်တွေ၊  စက်မှု စွမ်းအားတွေ၊ လက်နက် ကိုင်တပ်ဖွဲ့ တွေရဲ့ အသင့်ဖြစ်မှုတွေ၊ လူတွေက အစိုးရအပေါ် ထောက်ခံမှု တွေပါတယ်။ ဒီအချက် တွေဟာ ရုတ်တရက် ပြောင်းလဲ နိုင်တဲ့ အနေအထားမရှိပါဘူး၊ နယ်မြေဆိုတာကလည်း နိုင်ငံပြိုကွဲ မသွားသ၍ ဆက်ရှိ နေမှာ ဖြစ်ပါတယ်၊ လူဦးရေ ဆိုတာ ကလည်း အများကြီး အပြောင်း အလဲမရှိပါဘူး၊ ပထဝီ အနေအထား ကလည်း ဘယ်တော့မှ ပြောင်းမှာ မဟုတ်ပါဘူး၊  သဘာဝသယံဇာတ အရင်းအမြစ်တွေ ဟာလည်း ရုတ်တရက် မပြောင်းလဲ နိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ ရေရှည် အင်အား အရင်း အမြစ်တွေ ကတော့ နိုင်ငံရေး ယဉ်ကျေးမှုတွေ၊ မျိုးချစ်စိတ် ဓာတ်တွေ၊ သန္နိဋ္ဌာန် စိတ်တွေ၊ လူတွေရဲ့ ပညာ အရည်အချင်း တွေ၊ သိပ္ပံနဲ့ နည်းပညာ အင်အား စုတွေ စတဲ့ အချက်တွေ ဖြစ်ပါတယ်။
နိုင်ငံ တစ်ခုရဲ့ အုပ်ချုပ်ရေး ယန္တရားကလည်း အရည်အသွေး တစ်ခုဖြစ် ပါတယ်၊ တခြား နိုင်ငံတွေနဲ့ သတင်းတွေ အပြန်အလှန် ဖလှယ်မယ်၊ နိုင်ငံတကာနဲ့ ရောင်း ဝယ်ဖောက်ကား မှုတွေကို စည်းမျဉ်း ဥပဒေတွေ ချမှတ် ပေးမယ်၊ တခြား နိုင်ငံတွေ နဲ့ အဖွဲ့အစည်း တွေဖွဲ့ နိုင်မယ်၊ ညီလာခံတွေ၊ အစည်း အဝေးတွေ ကျင်းပ နိုင်မယ် ဆိုရင် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကလည်း အင်အားအရင်းခံ တစ်ခုဖြစ်လာပါတယ်။ အင်အားရဲ့အရင်းအမြစ် တစ်ခု ဟာ နောက်တစ်ခုကို အသွင်ပြောင်းနိုင်၊ လဲလှယ် နိုင်ပါတယ်။ ဒီလို အသွင်ပြောင်း နိုင်တဲ့ အရာတွေ အနက် ငွေကြေးဟာ အသွင်အပြောင်း နိုင်ဆုံး ပစ္စည်းတစ်ခုဖြစ် ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ငွေနဲ့ အခြားအင်အား ဖြစ်စေမယ့် အချက် အလက်တွေကို ပြောင်းလဲ တည် ဆောက်နိုင် လို့ပဲဖြစ် ပါတယ်။
နောက်ပြီး အင်အား ဖြစ်စေ နိုင်တဲ့ အကြောင်းအရာ တွေကို လေ့လာ မယ်ဆို ရင် နိုင်ငံ တစ်နိုင်ငံ ဟာ ဘာကို ပိုင်ဆိုင်ဖို့ ကြိုးစားမလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာကြည့်နိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ စစ်အင် အား ကောင်းအောင် တိုးမြှင့် ဖို့ကြိုးစား မလား၊ စီးပွားဥစ္စာ ဓနတိုးတက်ဖို့ ကြိုးစား မလား။ နိုင်ငံ အများစုက လိုချင် တဲ့ စံအချက် တစ်ခုကတော့ စစ်အင်အား ကောင်းအောင် တိုးမြှင့် ဖို့ဖြစ်ပါတယ်။
အချုပ် အားဖြင့် ဆိုရသော် အင်အား၏ အစိတ်အပိုင်း အဖြစ် ပထဝီအနေ အထားကို  အသုံးပြု ရာတွင်  ပထဝီ နိုင်ငံရေးသည် အဓိက အချက်က ပါဝင်နေ ပါတယ်။ ပထဝီ နိုင်ငံရေးမှာ အရေးအကြီး ဆုံးစဉ်းစား ရမယ့် အကြောင်းအရာ ကတော့ နိုင်ငံရဲ့ တည်နေရာ ပဲဖြစ်ပါတယ်။ သဘာဝ သယံဇာတ တွေကို ရှာဖွေ ထိန်းချုပ်မယ်၊  အင်အား တည်ဆောက် ကြရာမှာ လိုအပ်ချက် တွေကို သိရှိနား လည်ပြီး ကမ္ဘာ့ အလယ်မှာ နေရာတစ်ခု အခိုင်အမာ ရအောင် ဆောင်ရွက် သင့်ကြောင်း တင်ပြ လိုက်ရ ပါသည်။     ။
http://www.mwdmedia.net/2012/08/blog-post_1365.html

No comments:

Post a Comment