Friday 27 July 2012

မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်

 Written by  အယ်ဒီတာ (၂၅-၇-၂၀၁၂)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အခြေစိုက် အင်္ဂ္လိပ်ဘာသာဖြင့်ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်း စာတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့ အပေါ် ပြင်းထန်စွာစွပ်စွဲ တိုက်ခိုက်သည့် အယ်ဒီတာ့အာဘော် တစ်ရပ်ကို ပြီးခဲ့သော ဇူလိုင်လ ၂ဝရက်နေ့က ရေးသားဖော်ပြ ခဲ့ပါသည်။

အဆိုပါ အယ်ဒီတာ့အာဘော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် အာရှ၏ ထွန်းသစ်စနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ရှုမြင်သုံးသပ်ခန့်မှန်းကြသည့်အပေါ် စိုးရိမ်သောကကြီး နေသော ထိုင်းနိုင်ငံအစိုးရ အဖွဲ့ရှိ လူပုဂ္ဂိုလ်၊ နိုင်ငံသားအချို့၊ မြန်မာ့အရေးဆိုင်ရာ စီမံကိန်း၊ စီမံချက်အချို့အတွက် သန်းနှင့်ချီသော ဘဏ္ဍာငွေများ ကိုင်တွယ်သုံးစွဲနေသော ဘန်ကောက်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းအချို့ ကိုယ်စား ရေး သားပေးသောစွပ်စွဲ ပုတ်ခတ်ချက်တစ်ရပ် ဖြစ်ဖွယ်ရှိပါသည်။


သမ္မတကြီးဦးသိန်းစိန်၏ ယခုထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ နှစ်ကြိမ်ရွှေ့ဆိုင်းခဲ့ခြင်းနှင့်ပတ်သက်၍ ဘန်ကောက် ပို့စ်သတင်းစာ၏ရေးသားချက်မှာ များစွာတစ်ဖက်သတ်ဆန်နေသည့်အပြင် နှစ်ပေါင်းများစွာ ဆန့်ကျင်ဘက် အသွင်ဆောင်ခဲ့သည့် လူပုဂ္ဂိုလ်နှစ်ဦး လက်တွဲအကောင်အထည်ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေပါသည်။

ဤနေရာတွင် သမ္မတခရီးစဉ်ဖျက်သိမ်းခဲ့မှုနှင့်ပတ်သက်၍ အမှန်စင်စစ် ဦးသိန်းစိန်၏ ခရီးစဉ်နှောင့်နှေးမှု တွင် အကြောင်းအရင်းရှိသည်။ တရားဝင်ခေါင်းဆောင်မဟုတ်သော လူကြိုက်များ အတိုက်အခံ ခေါင်းဆောင် ကို နွေးထွေးစွာကြိုဆိုခဲ့ခြင်းသည် အကြောင်းအရင်းဖြစ်လိမ့်မည်ဆိုသည့် ထိထိမိမိ မှန်းဆမှု ရှိနေသော ကြောင့်ပင်ဖြစ်သည်ဟု ဘန်ကောက်ပို့စ်၏ ရေးသားထားခြင်းသည် မျက်နှာချင်းဆိုင်တွေ့ ဆုံေ ဆွးနွေး ထားပြီး တစ်စုံ တစ်ရာနားလည်မှုရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့ အကြား နားလည်မှုလွဲမှားစေနိုင်သော အရေးအသားဖြစ်နေသည် ကို ဒေသတွင်းအတိုင်း အတာတစ်ခုအထိ သိက္ခာရှိ ရှိ ရပ်တည်လာခဲ့သော ဘန်ကောက်ပို့စ်သတင်း စာ ကောင်းစွာသတိပြုနိုင်ပါလိမ့်မည်။

ထိုင်းနိုင်ငံသည် ဒေသတွင်းရှိ မတည်မငြိမ်ဖြစ်နေခဲ့သော နိုင်ငံများ၏အားနည်းချက်ကို အခွင့်ကောင်းယူကာ ၎င်းအတွက် အားသာချက်အသွင်ပြောင်းယူပြီး စီးပွားလမ်းဖြောင့်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက သက်သေပြ လျက်ရှိပါသည်။ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ၊ ကမ္ဘောဒီးယား ပြည်တွင်း စစ်၊ မြန်မာနိုင်ငံ အတွင်းရှိ ရာစုနှစ်ဝက်ကျော်ကြာ ပြည်တွင်းစစ်၊ အာဏာရှင်စနစ်တို့၏ အားနည်းချက်တို့က ယနေ့ထိုင်းနိုင်ငံ ၏ လက်ရှိအခြေအနေရောက်ရှိစေရန် ပံ့ပိုးပေးခဲ့သော အကြောင်း တရားများ လည်း ဖြစ်နေပါသည်။

ဒေသတွင်း မဟာဗျူဟာအချက်အချာနေရာတွင် ရှိနေသော မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ပြောင်း လာပြီး ဖွံ့ဖြိုးတိုးတက်လာပါက ယခင်မြန်မာနိုင်ငံ၏ အခြေအနေဆိုးများကို အခွင့်အလမ်းတစ်ခု အဖြစ် အသုံးချကာ စီးပွားလမ်းဖြောင့်ခဲ့သော ထိုင်းနိုင်ငံ၏ အကျိုးစီးပွားများ ယုတ်လျော့သွားမည်ကို အထူးစိုးရိမ်နေဟန်ရှိပါ သည်။

အထူးသဖြင့် ကုန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်အတွင်း မြန်မာနိုင်ငံ၏ ဆိုးရွားခဲ့သော လူသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းစစ်၊ နိုင်ငံရေး သောင်မတင် ရေမကျမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေ များကို အကြောင်းပြု၍ အနောက်ကမ္ဘာ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက် ထားသော အကူအညီပေးရေး လုပ်ငန်းများ၊ ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ၊ အမေရိကန်ပြည်ထောင် စု၊ နော်ဝေနိုင်ငံအစိုးရ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၊ နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ဘဏ္ဍာငွေ အထောက်အပံ့ ဖြင့် တည်ထောင်ထားသည့် ပြည်ပရောက် မြန်မာမီဒီယာများ၊ ပြည်တွင်း၊ ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့်အဖွဲ့အစည်းအမျိုးမျိုးတို့ လုပ်ငန်းလည်ပတ်ရန်အတွက် ထိုင်းနိုင် ငံတွင် အခြေစိုက်ရုံးခွဲများဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။

 ထိုရုံးခွဲများ၏ လည်ပတ် သုံးစွဲငွေအားလုံးနှင့် မြန်မာနိုင်ငံ အတွက်သုံးစွဲသော ငွေကြေးအားလုံးသည် ထိုင်းနိုင်ငံရှိဘဏ်များမှတစ်ဆင့် ထိုင်းဈေးကွက်နှင့် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်နေခြင်းဖြစ်ပါသည်။အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နှင့် တရားမဝင်လာရောက် အလုပ်လုပ် ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ လုပ်အားခနည်းပါးမှု၊ ဖိနှိပ်ချင်သလောက် ဖိနှိပ်ခွင့်ရရှိမှု တို့ကြောင့် လူမှုရေးပြဿနာအချို့ ရှိလင့်ကစား ထိုင်းနိုင်ငံရှိ ရေလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ ကုန်ကျစရိတ် နည်းနည်းဖြင့် အကျိုးအမြတ်များစွာရရှိ နေခြင်းကလည်း အားသာချက်တစ်ရပ်ဖြစ်နေပါသည်။
ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းများသည် ရိုဟင်ဂျာတို့၏ အခက်အခဲကို ကောင်းစွာသိရှိ နေသူများဖြစ်ကြောင်း၊ ဇာတိမှ ထွက်ခွာလာကြသော ရိုဟင်ဂျာများသည် အခြားတစ်နေရာသို့ ဆက်လက်သွားရောက်ရန်အတွက် ထိုင်းနိုင်ငံ၌ ခရီး တစ်ထောက်နားကြသော်လည်း မြန်မာနိုင်ငံမှ မြစ်ဖျားခံလာသော ပြဿနာအရှုပ်ထုပ်ကို ထိုင်းအာဏာပိုင်များကလည်း လက်ခံ ကြိုဆိုခြင်းမပြုကြောင်း ဘန်ကောက်ပို့စ်၏ ရေးသားချက်သည် ရို ဟင်ဂျာများ၏သမိုင်းကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒ့ရှ်နိုင်ငံတို့၏ သမိုင်းကြောင်း၊ ရခိုင်ပြည်နယ်၏ သ မိုင်းကြောင်းတို့ကို သေချာစွာမသိဘဲ အနှစ် ၂၀ ခန့် စီမံခန့်ခွဲမှုအလွဲများဖြင့် ဒီမိုကရေစီနည်းမကျစွာ အုပ် ချုပ်ခဲ့သော အမှားများအား လက်ညှိုးထိုးပြီး ရိုဟင်ဂျာခေါင်းစဉ်တပ်ကာ ရန်ပုံငွေများစွာဖြင့် အနှစ် ၂ဝခန့် စည်းရုံးလှုံ့ဆော် ဝါဒဖြန့်ချိနေသူများ၏ အနောက်မီဒီယာများမှ တစ်ဆင့်ထွက်ပေါ်လာသောအသံကို ပဲ့တင် ထပ်ပေးသည့်သဘော သက်ရောက်နေပါသည်။

အထူးသဖြင့်အတိတ်က အာဏာရှင်အုပ်ချုပ်ရေးယန္တရားတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ယောက် ဖြစ်သော် လည်း ယနေ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြိုးစားဆောင်ရွက်နေသော မြန်မာနိုင်ငံနှင့် လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတဦးသိန်းစိန်တို့အပေါ် ပြင်းထန်သည့် တစ်ဖက်သတ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေးသားမှုအဖြစ် The Voice Weekly က ရှုမြင်ပါသည်။အစိုးရအဖွဲ့သစ်ကို သမ္မတဦး သိန်း စိန် ဖွဲ့စည်းတာဝန်ယူစဉ်မှစ၍ ယနေ့အချိန်အထိတိုင် ဒီမိုကရေစီစနစ် ကျင့်သုံးနေပါသည်ဟုဆိုသော အိမ်နီး ချင်းနိုင်ငံတစ်ခုမှ ၎င်းတို့ကိုယ် ၎င်းတို့ သိက္ခာရှိ သတင်းစာတစ်စောင်ဟုဆိုနေသော ဘန်ကောက်ပို့စ် သ တင်း စာအနေနှင့် မြန်မာနိုင်ငံသို့လာရောက်၍ သော်လည်းကောင်း၊ အာဆီယံထိပ် သီးဆွေးနွေးပွဲများ တွင်သော်လည်းကောင်း သမ္မတကြီးနှင့် တစ်ကြိမ် တစ်ခါမျှ တရားဝင်တွေ့ဆုံမေးမြန်းခြင်း မရှိသေးပေ။

အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် ဝါရှင်တန်ပို့စ်သတင်းစာ၊ ဂျာမနီနိုင်ငံမှ Suddeutsche Zeitung သတင်းစာ၊ စင်ကာပူနိုင်ငံမှ Channel NewsAsia တို့သည်ပင်လျှင် သမ္မတကြီးနှင့် မျက်နှာချင်း ဆိုင် တွေ့ ဆုံမေးမြန်းကာ ကမ္ဘာအရပ်ရပ်က သိရှိအောင် ထုတ်ပြန်လွှင့်ထုတ် ခဲ့ပြီးဖြစ်ပါသည်။ သမ္မတကြီးနှင့် တစ်ကြိမ် တစ်ခါမျှ တွေ့ဆုံမေးမြန်း ခြင်းမရှိပါဘဲ ရိုဟင်ဂျာအခွင့်အရေးခေါင်းစဉ်တပ်ကာ ဘာသာရေးအကြမ်းဖက် ဖိနှိပ်မှုအဖြစ် သရုပ်ဖော်ရေးသားမှုများမှာ လူကြီးလူကောင်းမဆန်သော စွပ်စွဲချက်သက်သက်သာဖြစ်နေ ပါသည်။

ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်၏ အတိတ်သမိုင်း ကြောင်းကို အသေအချာလေ့လာခြင်း၊ ယင်းဒေသသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ သတင်းရင်းမြစ်များကို စုံစေ့အောင်မေးမြန်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ အောက်ထစ်ဆုံးဆန့်ကျင်ဘက် သတင်း ရင်းမြစ်နှစ်ခု၏ အယူအဆသဘောထားကို မေးမြန်းခြင်း လုံးဝ (လုံးဝ)မရှိဘဲ ထင်မြင်ချက်ဖြင့် တစ်ဖက်သတ် စွပ်စွဲရေး သားခြင်းသည် ပရော်ဖက်ရှင်နယ် ပီသသောသတင်းမီဒီယာတစ်ခုထက် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုး တက်ပြောင်းလဲမှုများအပေါ် အဆိုးမြင်သဘောထားရှိနေသည့် လှုံ့ဆော်ဝါဒဖြန့်မီဒီယာ တစ်ခုအ သွင်ဆောင်နေ ပါသည်။

အထူးသဖြင့် ရိုဟင်ဂျာများနှင့်ပတ်သက်၍ သမ္မတ၏ပြောကြားချက်ကို လူမျိုးစွဲစိတ်ပြင်းခြင်း၊ မုန်း တီးခြင်း၊ ခြိမ်းခြောက်ခြင်း အငွေ့အသက်များလွှမ်းနေသည်ဟု ရေးသားခဲ့သော ဘန်ကောက်ပို့စ် သတင်းစာ အနေနှင့် မြန်မာ-ထိုင်း ရာဇဝင်နောက်ခံ ထိုင်းရုပ်ရှင်ဇာတ်ကားများ၊ ထိုင်းဘာသာဖြင့် ရေးသား ထုတ်ဝေသော သတင်းစာများတွင် အတိတ်သမိုင်းကြောင်းမှ မြန်မာဘုရင်တို့၏ ထိုင်းနိုင်ငံ အပေါ် တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် အနာဟောင်းများကိုတူးဖော်ကာ မြန်မာနိုင်ငံသားများအပေါ် လက်စားချေလိုစိတ် ပြင်းပြ လာစေရန် ထိုင်းအမျိုးသားရေးစိတ်ကို လှုံ့ဆော်နှိုးဆွပေးခြင်းဖြင့် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလူဆိုးဂိုဏ်း၊ လူမှောင်ခို ဂိုဏ်းများအပါအဝင် ထိုင်းနိုင်ငံသားအများစုက ထိုင်းနိုင်ငံ အတွင်းရှိ ရွှေ့ပြောင်းလုပ် သား မြန်မာနိုင်ငံသား များအပေါ် မုန်းတီးစိတ်၊ လက်စားချေစိတ်ဖြင့် ခွဲခြားဆက်ဆံမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ လုယက်သတ်ဖြတ် မှု၊ ရွှေ့ပြောင်းလုပ်သား အမျိုးကောင်း မြန်မာမိန်းကလေးငယ်များကို အဓမ္မကျင့်သတ်ဖြတ်မှု၊ မလေးရှားနိုင်ငံ နှင့် ငါးဖမ်းလုပ်ငန်းများသို့ ကျေးကျွန်များသဖွယ် ရောင်းစားမှုကဲ့သို့သော အဖြစ်အပျက်များရှိနေပါလျက် လျစ် လျူရှုနေသော ထိုင်းအာဏာပိုင်များ၊ ထိုင်းမီဒီယာများ၊ နိုင်ငံတကာလူ့အခွင့် အရေး စောင့်ကြည့်လေ့လာ သူ များ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တို့နှင့် ပတ်သက်၍မူ အဘယ့်ကြောင့် ရေငုံနှုတ်ဆိတ်နေ ပါသ နည်း ဟု မေးခွန်းထုတ်ရမည်ဖြစ်ပါသည်။

အထူးသဖြင့် ထိုင်းတောင်ပိုင်းရှိ ခွဲထွက်လိုသော မွတ်ဆလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် များအကြား ကာလကြာရှည်ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့် အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဝန်ကြီးချုပ်သက် ဆင်လက် ထက်က ထိုင်းစစ်တပ်၏ သွေးထွက်သံယိုအကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း၊ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်း ဖြစ် ပွားခဲ့ သည့် ရှပ်နီဆန္ဒပြသူများအား ဘုရင့်သစ္စာတော်ခံ ထိုင်းစစ်တပ်က ရက်စက်စွာ အကြမ်း ဖက်ဖြိုခွင်း ခဲ့ခြင်းများနှင့်ပတ်သက်သော သတင်းများကိုမူ မကြာသေးခင်က ၎င်းတို့နှင့်နယ်စပ် ပဋိပက္ခဖြစ် ပွားခဲ့သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း အခြားနိုင်ငံအရေးကိစ္စများ အပေါ် ပြစ်တင်ဝေဖန်ရေး သားသကဲ့သို့ လက်သွက်ခြေသွက်မရှိခဲ့ ခြင်းမှာလည်း ဘန်ကောက်ပို့စ်သတင်းစာ၏ ရပ်တည်ချက် ကို မေး ခွန်းထုတ်စရာဖြစ်နေပါသည်။

ယခုအခါ အခြေအနေအားလုံး ငြိမ်သက်အေးချမ်းစပြုနေသော ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ဘန်ကောက်ပို့စ် သတင်းစာ၏ တစ်ဖက်သတ် စွပ်စွဲတိုက်ခိုက်ရေးသားမှုကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာသော မွတ်ဆလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာ ရခိုင် တိုင်းရင်းသား၊ ဗမာတိုင်း ရင်းသားများအကြား အထင်လွဲမှု၊ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပါက ဘန်ကောက်ပို့စ်သတင်းစာတွင်သာ လုံးဝတာဝန်ရှိကြောင်း အထူးသိစေအပ်ပါသည်။
----------------------------------------------------
မူရင်း။   ။http://thevoicemyanmar.com/index.php/news/item/2288-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%A1%E1%80%95%E1%80%B1%E1%80%AB%E1%80%BA-%E1%80%98%E1%80%94%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%B7%E1%80%85%E1%80%BA-%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AC%E1%81%8F-%E1%80%9B%E1%80%B1%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%81%E1%80%BB%E1%80%80%E1%80%BA%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B7%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA.html

No comments:

Post a Comment