နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားကတ်ရရှိထားသူများကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးရန်ခက်ခဲ၍ အများပြည်သူမှ
သတင်းပေးပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
“မမှန်မကန် နိုင်ငံသားကတ် ရရှိထားတဲ့သူတွေကို ပြန်သိမ်းဖို့ ကျွန်တော်တို့
လုပ်ငန်းစနေပြီဖြစ်တယ်။ ပြစ်မှုအတွက် ဒဏ်ငွေကျပ် ငါးသောင်းပါ။
ဘင်္ဂါလီတွေကိုလည်း လိုက်စစ်နေတယ်။ သတင်းပေးရင်တော့ ချက်ချင်းလိုက်စစ်လို့
ရတာပေါ့”ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင်
၎င်းကပြောသည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်၌
မန္တလေးတိုင်းဒေသကြီးတွင် မြန်မာစကားမပြောတတ်သော နိုင်ငံသားမဟုတ်သူများကို
စတင် စစ်ဆေးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဌာနဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း က ပြောကြားခဲ့ သည်။
အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်များကိုလည်း
ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း နိုင်ငံသားမဟုတ်ပါက ကတ်ပြန် သိမ်း၍
ထုတ်ပေးသော ၀န်ထမ်းများကိုပါ အရေးယူသွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက
အမျိုးသားလွှတ်တော်ကိုယ် စား လှယ် ဒေါ်ခင်ဝိုင်းကြည်၏ မေးမြန်းမှုကို
ပြန်လည်ဖြေကြားခဲ့သည်။
နိုင်ငံသားမဟုတ်သူများဟုဆိုရာတွင်
ပြည်ပရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ နိုင်ငံသားအမည်ခံ၍
နိုင်ငံတွင်နေထိုင်ပြီး တရားဥပဒေ ချိုးဖောက်ကျူးလွန်သည်ကို
စစ်ဆေးတွေ့ရှိပါက တရားရုံးမှ မည်မျှပင် တရားစွဲဆိုစေကာမူ လ၀ကဥပဒေအရ
ပြည်နှင်ဒဏ်ပေး၍ အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊ သို့သော်လည်း
နိုင်ငံအကျိုးစီးပွားမထိခိုက်ပါက သက်ဆိုင်ရာ ၀န်ကြီးဌာနတင်ပြချက်ဖြင့်
အမည်ပျက်စာရင်းမှ ပြန်လည်ပယ်ဖျက်ပေးနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီက ဆိုသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ
အောက်တိုဘာလ ၃၁ ရက်နေ့ထိ မိုးပွင့်တစ်စီမံကိန်းတွင်
နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၄၃၈၉၅၀ ကတ်၊ မိုးပွင့်နှစ် စီမံကိန်း ၂၀၁၂
ဖေဖော်ဝါရီ တစ်ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ ကတ်ပြားပေါင်း ၄၇၅၄၃၃ ကတ်၊
မိုးပွင့်သုံး စီမံကိန်း ၂၀၁၂ ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ
ကတ်ပြားပေါင်း ၂၈၃၇၀ ကတ်၊ မိုးပွင့်လေး စီမံကိန်း ၂၀၁၂ အောက်တိုဘာလ ၁ ရက်မှ
ဒီဇင်ဘာလ ၁ ရက်နေ့ထိ ကတ်ပြားပေါင်း ၂၉၆၀၀၀ ထုတ်ပေးခဲ့သည်။
မင်းသီဟန်
မတ်၊ ၂၊ ၂၀၁၃
The Messenger Journal Vol.(3), No.(41) မှ-
________________________________________________________________
“ဆလုံတိုင်းရင်းသားများ မှတ်ပုံတင်ကိုင်ဆောင်ခွင့်အတွက် ခက်ခဲနေဆဲ”
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား ၁၃၅ မျိုးတွင်
အပါအ၀င်ဖြစ်သော ဆလုံတိုင်းရင်းသားများမှာ မှတ်ပုံတင်ကိုင်ခွင့်ရရှိရန်အတွက်
အခက်အခဲများရှိနေဆဲဖြစ်ကြော်ငး အဆိုပါဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ရွေးကောက်ပွဲ အချိန်တုန်းက ယာယီမှတ်ပုံတင်တွေ ထုတ်ပေးတယ်။ ဒါပေမဲ့
ဒီဥစ္စာက မဲပေးဖို့ လုပ်ထားတာပါ။ ပြီးတော့ ပြန်သိမ်း လိုက်ပါတယ်”ဟု
မြိတ်မြို့နယ် မကြုံကလက်ကျေးရွာမှ ဆလုံတိုင်းရင်းသားတစ်ဦးက ပြောသည်။
မှတ်ပုံတင်ပြုလုပ်ရန်အတွက် အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ထောက်ခံစာ၊
သွေးစစ်ဆေးမှုအပြင် မိဘ၏ အမည်နှင့် မှတ်ပုံတင်နံပါတ် ကို ယူဆောင်၍
လူကိုယ်တိုင်လာရောက် လျှောက်ထားပါက မှတ်ပုံတင်ထုတ်ပေးကြောင်း
ကော့သောင်းမြို့နယ် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ
ဦးစီးအရာရှိတစ်ဦးက ပြောသည်။
ဆလုံးတိုင်းရင်းသားအများစုမှာ
ပင်လယ်ပြင်တွင် လှည့်လည်သွားလာနေကြသူများ ဖြစ်သည့်အလျောက်
အိမ်ထောင်စုစာရင်း မရှိကြသည့်အပြင် ၎င်းတို့၏ မိဘအများစုမှာ
မှတ်ပုံတင်မရှိကြော်ငး မကြုံကလက်ကျေးရွာမှ ဆလုံတိုင်းရင်းသား
ကိုခင်မောင်ထွေး က ပြောသည်။
အဆိုပါ ဆလုံတိုင်းရင်းသားများ
နေထိုင်ရာဒေသသို့ ၂၀၁၂ ခုနှစ်တွင် မှတ်ပုံတင်ပြုလုပ်ပေးရန်အတွက် သက်ဆိုင်ရာ
တာဝန်ရှိသူ များ လာရောက်ခဲ့ကြပြီး မှတ်ပုံတင်အတွက်
ငွေကြေးကောက်ခံခဲ့သော်လည်း အမှန်တကယ် ပြုလုပ်ပေးခဲ့ခြင်း မရှိကြောင်း
ဒေသခံ များက ပြောသည်။
“ဆလုံအမျိုးသမီး၊ အမျိုးသားတွေက
အခြားဒေသကလူတွေနဲ့ အိမ်ထောင်ကျကြတာတွေ ရှိတယ်။ သူတို့ဆိုရင်
မှတ်ပုံတင်မရှိကြတဲ့ အတွက် ဆွေပြမျိုးပြ ခရီးထွက်ဖို့တောင် အခက်အခဲတွေ
ရှိကြတာတွေ့ခဲ့ရတယ်”ဟု ဆလုံတိုင်းင်းသားတို့၏ လူမှုဘ၀များနှင့် ပတ် သက်သော
စာတမ်းများကို ပြုစုရေးသားခဲ့သူ ဒေါ်စောမွန်သိန်းက ပြောသည်။
ထိုကဲ့သို့ ဝေးလံခေါင်ဖျားပြီး သွားရေးလာရေးခက်ခဲသည့် ဒေသများတွင်
နေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားများ ကို နိုင်ငံတော်အစိုးရက
နိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် မှတ်ပုံတင်ကတ်ပြားများ
သွားရောက်ပြုလုပ်ပေးသင့်ကြောင်း NGO အဖွဲ့အစည်းတစ်ခုမှ
တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးက
ဆိုသည်။
ဆလုံတိုင်းရင်းသားများသည် မြန်မာနိုင်ငံတောင်ဘက်
တနင်္သာရီကမ်းရိုးတန်းရှိ မြိတ်ကျွန်းစုဒေသ လန်ပိကျွန်းတစ်ဝိုက် တွင်
နေ ထိုင်ကြပြီး လူဦးရေ သုံးထောင်ကျော်ခန့်ရှိကြောင်းနှင့်
ဆလုံတိုင်းရင်းသားများ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ
မှတ်ပုံတင် ကိုင်ဆောင်ခွင့် မရရှိကြသေးကြောင်း မကြုံကလက် ကျေးရွာမှ
ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင်
ပြည်ထောင်စုဖွားတိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ဗမာမျိုးနွယ်စု (၉)မျိုး၌
ဆလုံလူမျိုးလည်း ပါဝင်သည်။
မျိုးမြင့်စံ
မတ်၊၂၊ ၂၀၁၃
The Messenger Journal Vol.(3), No.(41) မှ-
No comments:
Post a Comment