ဘင်္ဂလာဒေခ်ျ့တွင် နိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေပြီး နေရာ
အနှံ့အပြားတွင် ဆူပူ အကြမ်းဖက် မူ များ ပေါ်ပေါက်နေသဖြင့် မြန်မာနိုင်ငံ
အနောက်ဘက် နယ်စပ်ကို အထူး သတိထား စောင့်ကြပ်ရန် လို အပ်နေကြောင်း နယ်စပ်နေ
ဒေသခံများက ပြောဆိုသည်။
ယခုအခါ မြန်မာ နယ်စပ်ဘက်သို့ အမည်မသိသူ လက် နက်ကိုင်များ ချဉ်းကပ် ၀င်ရောက်မူများ ရှိနေပြီ လူနည်း စု ကျေးရွာများကို ဓါးပြတိုက်မူများလည်း ရှိနေကြောင်း နတ်ကျောက်ဆရီမြို့နယ် အပိုင် ဗျိုင်းမတောက် ရွာသား တစ်ဦးက ပြောသည်။
“ နယ်စပ်က ကင်ဘိချောင်းဝမှာ နေထိုင်ကြတဲ့ ရခိုင် အိမ်တွေကို လွန်ခဲ့တဲ့ ကြာသပတေးနေ့ ညဉ့်မှာ ၀င်ရောက် ဓါးပြတိုက်သွားတယ်။ အိမ်တစ်အိမ် ငွေ ၂၀၀၀၊ ၃၀၀၀ အဲသလိုမျိုးယူသွားတယ်။ အိုးခွက် ပုဂံတွေလည်းကို အကုန်လုံး လုယူသွားခဲ့ပါတယ်” ဟု သူက ဆိုသည်။
ဓါးပြတိုက်ခံရသော ရွာမှာ ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း နယ်စပ်တွင် တည်ရှိပြီး သစ်ခုတ် ၀ါးခုတ် စုဖွဲ့ နေထိုင်ကြသော ရွာစု တစ်ခု ဖြစ်ကြောင်း သိရသည်။
“ အိမ်က ခုနှစ်ဆောင်၊ ရှစ်ဆောင်လောက်ဘဲ ရှိပါတယ်။ ရွာမှာက လူ ၃၀ လောက်ဘဲ ရှိပါတယ်။ အခုတော့ အဲဒီကနေ လူနေအိမ်ခြေများတဲ့ နေရာတွေကို ထွက်ပြေးလာကြတဲ့သူတွေလည်း ရှိနေတယ်။ တချို့လည်း ၀မ်းရေး အတွက် ဆက်နေကြရတာတွေရှိတယ်။ ဒါပေမယ့် လူတိုင်းက နယ်စပ်မှာ ကြောက်နေကြရပါတယ်” ဟု ဆိုသည်။
ဓါးပြအဖွဲ့တွင် လူပေါင်း ၁၁ ဦးခန့် ပါဝင်ပြီး ဘင်္ဂလီစကားပြောကာ လုပ်သေနတ်များကို ကိုင်ဆောင် ထားကြ သည်ဟု ဆိုသည်။ ဓါးပြများ ရိုက်နှက်မူကြောင့် ပိုးမောင်ဆိုသူ အမျိုးသား တစ်ဦးတွင် အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ဓါးပြတိုက်မူသည် ဂျာမတ် အစ္စလာမ်မီယာ ဒုဥက္ကဌ ဒေလ၀ါ ဟူစိန် ဆာယီဒီအား သေဒဏ် စီရင် ချက်မှတ် ခံရသည့်နေ့ ညဥ့်ဦးပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းပြင် ယမန့်နေ့ ညဉ့်ကလည်း မြန်မာနယ်စပ် အနီး နတ်ကျောက်ဆရီမြို့နယ် ဘိုင်ဆရီ ချောင်းဖျား ရှိ ရော်ဘာခင်း တစ်ခုသို့ အမည်မသိသူ လက်နက်ကိုင် တစ်စု ၀င်ရောက်လာခဲ့သဖြင့် ရော်ဘာခင်း မန်နေဂျာက နီးစပ်ရာ ရဲစခန်းကို အကူအညီ တောင်းခဲ့ရသည်ဟု ရော်ဘာခင်းတွင် လုပ်ကိုင်နေသူ ငရက်ချေ ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
ယခုအခါ သက်ဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက အကြမ်းဖက် ဆူပူမူတွင် ပါဝင်သူများကို လိုက်လံ ဖမ်းဆီးနေရာ စစ်တကောင်း ဒေသဘက်မှ အဖမ်း မခံလိုသူများသည် မြန်မာ နယ်စပ် အနီးသို့ တောနက် များထဲသို့ ရှောင်တိမ်း နေကြသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့တွင် လတ်တလော ဖြစ်ပေါ်နေသော ဆူပူမူကြောင့် သေဆုံးသူ ၄၀ ကျော် ရှိသွားခဲ့ပြီ ဖြစ်ပြီး ဒဏ်ရာ ရသူမှာလည်း ၃၀၀ ကျော်သွားခဲ့ပြီဟု သိရသည်။

No comments:
Post a Comment