ကိုယ်တို့ဘ၀တွေမှာ တစ်ချိန် တစ်ခါလောက် ဖြစ်ဖြစ် အနိုင်ကျင့် ခံရဖူး ခဲ့မယ်။ နောက်ပြီး သူများကိုလည်း အနိုင်ကျင့် ဖူးကြ လိမ့်မယ်။
တကယ်လို့လူတိုင်း လူတိုင်းသာ အဲဒီလို
အခြေအနေ မျိုး ကြုံဖူးတယ် ဆိုရင်တော့ လူပီသ သွားပြီ။ လူဖြစ်ရ ကျိုးနပ်
သွားပြီလို့ မှတ်ယူနိုင် ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့
“တစ်သက်တာမှတ်တမ်း”ထဲမှာ ဆရာကြီး ငယ်ငယ်က အနိုင်ကျင့် ခံရတဲ့ အကြောင်းဖတ်
ဲ့ရတယ် မဟုတ်လား။
ဆရာကြီးလို လူမျိုးတောင် ငယ်ငယ်က အနိုင်ကျင့် ခံခဲ့ ရတယ် ဆိုတော့ ကိုယ်တို့လည်း ဂုဏ်ယူ ၀င့်ကြွားစွာ တစ်ခါ လောက်တော့ အဲဒီအတွေ့ အကြုံကို ကြုံဖူး သင့်တယ် ထင်ရဲ့။ နည်းနည်း အနိုင်ကျင့် ခံရတာနဲ့ များများ အနိုင်ကျင့် ခံရတာတော့ ကွာလိမ့်မယ်။ သိပ်ကို မှတ်ရ သားရ၊ ကြောက်ရ လန့်ရ ဆိုရင်တော့ မကောင်းဘူးပေါ့။ ကိုယ်လည်း ခံခဲ့ ရဖူးတာပဲ။ အဲဒီတုန်းက အဖြစ်အပျက် ဟာအခုထိ တနုံ့နုံ့ ဖြစ်နေ တုန်းပဲ။ နောက်ပြီး တစ်ခါတလေ တောက်တ ခေါက်ခေါက်နဲ့။ တစ်ခါတစ်ရံ ကျတော့လည်း မေ့မေ့ ပျောက်ပျောက်ပေါ့။တိုက်ဆိုင်မှု ရှိရင်တော့ သတိရ တုန်းပါပဲ။(မေ့ထားတဲ့ အချစ်ဦး လိုပေါ့)။ ကိုယ်တို့ခေတ်က ကလေး ဖြစ်ရတာ တန်တယ်။ အိုင်ပက်လည်း မရှိဘူး။ အိုင်ပက်နဲ့ စကာလုံး ဆင်တဲ့ အိုးပုတ်ပဲ ရှိတယ်။ ဆော့စမ်း ကြိုက်သလောက် ဆော့။ ပျောက်သွားလည်း တန်ဖိုး မကြီးလို့ အသစ်ထပ် ၀ယ်နိုင် တယ်လေ။ အားသွင်း စရာလည်း မလို။ မော်ဒယ်အသစ် ပေါ်တယ် ဆိုတာ မျိုးလည်း မရှိဘူုး။ နောက်ပြီး မိဘတိုင်း လိုလိုက ကလေးတိုင်း လိုလိုကို ၀ယ်ပေးနိုင်တဲ့ အတွက် ကလေးချင်း လည်း ပြိုင်စရာ သိပ်မလို ဘူးလေ။ ဂိမ်းဆို တာလည်း မသိဘူး။ Angry Bird Game ဆိုတာလည်း မရှိဘူး။အဆော့လွန်လို့ အဖေရဲ့ Angry ခံရတာပဲ ရှိတယ်။ ဒိုတာ ခုတ်တယ် ဆိုတာလည်း နားမလည်ဘူး။ ဘုရားပွဲက ၀ယ်လာတဲ့ ဗန္ဓုလ ဓားတွေနဲ့ ဗန္ဓုလ ဦးထုပ်တွေ ဆောင်းပြီး ဓါးခုတ်တမ်း ဆော့ကြတာပဲ ရှိတယ်။ ကွန်ပျူတာ မပြောနဲ့တီဗွီတောင် ပိုက်ဆံရှိ တဲ့သူ တွေမှ ၀ယ်နိုင်တဲ့ခေတ်မျိုးမှာ မွေးလာ ရတဲ့ ကိုယ်တို့ဟာ အပေါင်း အသင်း တွေနဲ့ဆော့ဖို့လောက်သာ အဓိက ကျနေ ပြန်ရော။ ကိုယ်တို့ ညီအစ်မ ကဆို အဖေ့ကို “အဖေ ထီပေါက်ရင် ပီပီ ၀ယ်ပေးနော်” (ထီပေါက်ရင် တီဗွီ ၀ယ်ပေး)လို့ ပြောရ လောက်အောင် တီဗွီက ရှားခဲ့တာ။ (ကွန်ပျူတာ ဆိုလို့ ချိုချဉ် တောင့်လေး တွေပါတဲ့ ကွန်ပျူတာ တံဆိပ် မုန့်ထုပ်လေးပဲ သိခွင့် ရခဲ့တယ်)။ တစ်နေကုန် တစ်နေခန်း ဆော့ဖို့လောက်သာ စိတ်ဝင်စားတဲ့ ကိုယ်ဟာ ခန္ဓာကိုယ် ကျတော့ ခပ်၀၀ရယ်။ (ဘွားအေ တွေနဲ့ နေရတဲ့ ကလေးတွေဟာ ကျန်းမာ ၀ဖြိုးလေ့ ရှိတယ်တဲ့။) အပြေးလည်း မသန်။ အခုန်လည်း မရ။ ဒီလို အရည်အချင်း တွေနဲ့ပြည့်စုံတဲ့ ကိုယ့်ကို ဘယ်သူကမှ ကြိုးခုန်ဖို့ မခေါ်ချင်။ သူတို့ပြောနေကျ “ထမင်းစား ဟင်းစား” ဘ၀က နေမတက် နိုင်ဘူးလေ။ ကိုယ့်အစ်မ ကျတော့ ပိန်ပိန်ပါးပါး၊ အခုန်အပျံ ကလည်း ကျွမ်းသမို့ ကြိုးခုန်တမ်း ကစားတိုင်း သူ့ကို ခေါ်ချင်တဲ့ သူက အပြည့်။ ကိုယ်ငယ်ငယ် ကတည်းက ဖြတ်ထိုး ဉဏ်တော့ ကောင်းတယ်လေ။ ဘယ်ရ မလဲ။ အဖေ ပေးတဲ့ မုန့်ဖိုးတွေထဲက တစ်နေ့ နည်းနည်းစု လာလိုက်တာ တစ်ရက်တော့ ကြိုးခုန်တမ်း ဆော့ဖို့ ကြိုးတစ်ကြိုး ၀ယ်နိုင် လာတာပေါ့။ ကိုယ်ဟာ ထမင်းစား ဟင်းစား ဘ၀က တက်ဖို့ ကြိုးတစ်ချောင်းကို အရင်းပြု ခဲ့ရတယ်။ မရပါဘူး။ ခွက်ခွက် လန်အောင် ရှုံးတာပဲ။ ရှုံးတာထက် အနိုင်ကျင့်ခ ရတယ်ဆို ပိုမှန် မလားပဲ။
ကိုယ် အနိုင်ကျင့်ခံ ရပုံက သိပ်တော့ သဘာဝ မကျလှဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်တို့ အဘိုးဟာ ခြံအကျယ်ကြီး ပိုင်တဲ့ ခြံပိုင်ရှင်။ ကိုယ်တို့က ခြံပိုင်ရှင် ကြီးရဲ့မြေးတွေ။ ဒါနဲ့တောင် ခြံထဲ လာကပ်နေ ရတဲ့သူ တွေရဲ့ အနိုင်ကျင့်တာ ခံရသေး သတဲ့။ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို စဉ်းစား ကြည့်ရင် ရှင်းပါတယ်။ ကိုယ်တို့ အဘိုးနဲ့ အဖေ တို့ဟာ ခြံထဲမှာ လာနေတဲ့ သူတွေကို အနိုင် မကျင့် ခဲ့လို့ပေါ့။ အာဏာ မပြခဲ့လို့ပေါ့။ အဲဒီအတွက် အဘိုးတို့ အဖေတို့ တစ်သက်လုံး လိပ်ပြာသန့် နေနိုင်တယ်လေ။ ကိုယ့်ရဲ့ အနိုင်ကျင့် ခံရခြင်းက ဒီလိုလေ။ စောစောက ပြောသလို မုန့်အစား မက်တဲ့ ကိုယ်ဟာ မုန့်ဖိုးလေးတွေ ကျစ်ကျစ်ပါ အောင် စုပြီး ကြိုးတစ်ချောင်း အရင်းပြုလို့ သူတို့ဆော့တဲ့ နားမှာ အချိန်ပြည့် စောင့်နေ ခဲ့တယ်။ ကြိုးဆို တာလည်း သင်္ခါရ သဘောပဲမို့ ပြတ်တတ်တဲ့ သဘောရှိတယ် မဟုတ်လား။ ကလေးကြီးတွေ ဆော့နေရင်းက ကြိုးပြတ်သွားတဲ့ အခါ ကိုယ်က ၀င်ပြီး ကိုယ်ဝယ် ထားတဲ့ ကြိုးကို ပေးလိုက်မယ်။ နောက်ပြီး ကျရင် ထမင်းစား ဟင်းစား မလုပ်တော့ဘဲ အဓိက ကြိုးခုန် ကစားသမား အဖြစ် ၀င်ရောက်ယှဉ် ပြိုင်မယ်လေ။
တကယ်တော့ ဘယ်ကလေးကမှ ထမင်းစား ဟင်းစား မဖြစ်ချင် ကြပါ ဘူး။ ကိုယ်ရဲ့ လုပ်ရပ်တိုင်းမှာ သက်ရောက်မှု ရှိချင် ကြတာပါပဲ။ (ဒါပေမဲ့ ကိုယ်ကတော့ နယူတန်ရဲ့ နိယာမကို စိတ်မကောင်း စွာနဲ့ စွန့်လွတ်ခဲ့ရတယ်) ဒါကြောင့် ပဲလား မသိ။ အရန်ခုံမှာ ထိုင်ရတဲ့ အရန် ကစားသမား တွေဆို သိပ် သနားတာပဲ။ ကိုယ် စောင့်ကြည့် နေရင်းက ကြိုးပြတ် သွားတယ်။ အဲဒီ မြင်ကွင်းကို မြင်လိုက် ရတဲ့ ကိုယ်ဟာ ဘာနဲ့မှ မလဲနိုင်အောင် ပျော်သွား ခဲ့တယ်။ နောက် ပြီးဂုဏ်ယူ ၀င့်ကြွားစွာနဲ့
“ဟေ့ နင်တို့ ငါ့ကြိုးကို ယူဆော့ မလား”
“အေး၊ ပေးလေ”
“ဒါပေမဲ့ ဒီတိုင်းတော့မရဘူး။ ငါထမင်း စားဟင်းစား မလုပ်ဘူး။”
“ရတယ်လေ”
ဒီလိုနဲ့ကိုယ်ဟာ ကြိုးခုန်တဲ့ နှစ်ဖက် အသင်း အနက် တစ်သင်းမှာ ပါဝင် ခွင့် ရခဲ့တယ်။ ကိုယ်လေ ကြိုးစားပြီး ခုန်ခဲ့ပါတယ်။ ဒူးတွေ လည်းပြဲ၊ လက် တွေလည်း ကွဲပေါ့။ ဒါပေမဲ့ ကြိုးခုန်ညံ့တဲ့ ကိုယ်ဟာ အရှုံးတွေချည်းရင်ဆိုင် ရတာများနေတယ်။ နောက်ပြီး ကိုယ် တဖြည်းဖြည်း သတိထား မိတာက ကိုယ်ရှုံးလည်း ကိုယ့်အသင်းသား တွေကတော့ တစ်ဆင့်ပြီး တစ်ဆင့် တက်နေ တာပဲ။ ကိုယ်က အသင်းအတွက် ဘာအကျိုး သက်ရောက်မှု မှလည်း မရှိဘူး။ ဒီလိုနဲ့ ကိုယ်ဟာ ကိုယ့်အခြေအနေ ကိုယ် ရိပ်မိ လာခဲ့တယ်။
“ငါ့ကို ဘာလို့ ထမင်းစား ဟင်းစား လုပ်တာလဲ”
“ဘယ်မှာ ထမင်းစား ဟင်းစား လုပ်လို့တုံး။ နင်က အခု ထမင်းစား ဟင်းစားထက် တစ်ဆင့် မြင့်သွားပြီ။ မိုးပေါ်က ကန်စွန်းဥ”
“ဘာ၊ မိုးပေါ်က ကန်စွန်းဥလဲ။ မသိဘူး။ မသိဘူး။ ဘာဥမှလည်း မလုပ်ဘူး။ တော်ပြီ။ ငါ့ကြိုးနဲ့ မဆော့နဲ့တော့။ ငါ့ကို အသင်းသား ပေးမလုပ်ရင် ငါ့ကြိုး မပေးဘူး”
ကိုယ်ကတော့ ကိုယ့် တွက်ကိန်းနဲ့ ကိုယ်ပဲလေ။ သူတို့က မဆော့ ရတော့ မှာစိုးလို့ ကိုယ့်ကြိုးနဲ့ ပဲဆက်ဆော့ပြီး ကိုယ့်တောင်းဆို ချက်ကို လိုက်လျော မယ် ထင်တာ။ ကံဆိုးသူ ယုဆော့ ခမျာတော့ ကြိုးတစ်ချောင်း ရင်မှာ ပိုက်လို့ အိမ်ပြန်ခဲ့ ရတယ်။ ဒီလိုလေ ကိုယ့်လိုပဲ မျှော်လင့်ချက် အပြည့်နဲ့စောင့်နေသူ ကလေး အငယ်ထဲက တစ်ယောက်ရဲ့ ကြိုးကို ယူပြီး သူတို့က ဆက်ဆော့နေ လေရဲ့။ နောက်ပြီး ဆက်ညာ၊ ဆက်အနိုင် ကျင့်ပေါ့။
ကိုယ်တို့ အိမ်ပြတင်းပေါက် ကနေ ကြည့်ရင် သူတို့ ဆော့နေတဲ့ နေရာကို အတိုင်းသား လှမ်းမြင် ရတယ်။ ကိုယ်ဟာ ဆော့သူမဲ့ ကြိုးလေးကို လက်မှာခပ် တင်းတင်း ဆုပ်ကိုင်ရင်း ခပ်တွေတွေ ကြည့်နေ မိတယ်။ တစ်ယောက်က ကြိုး ပေါ်ကနေ လွှားခနဲ ခုန်တက် သွားလိုက်၊ ပြန်ဆင်း လာလိုက်နဲ့ လှလှပပ လေထဲ မှာကခုန် နေကြတာ ပျော်စရာ။ တစ်ပြိုင်နက် တည်းမှာပဲ မိုးပေါ်က ကန်စွန်း ဥလေးပဲ လုပ်လိုက်ရင် ကောင်းသားလို့လည်း တွေးနေ မိတယ်။ တကယ်တော့ နာမည်သာ ကွဲသွားတာ အရေးမပါ ပုံချင်း ကတော့ အတူတူ ပါပဲလေ။
ကိုယ်အနိုင်ကျင့် ခံရတာက သေးသေးလေး ပါ။ဒါပေမဲ့ အခုထိ စိတ်ထဲ စွဲနေတုန်းပဲ။ တစ်ခါ တစ်ခါ အိပ်မက်ထဲမှာ ကိုယ်က ကြိုးတွေခုန်နေ လိုက်တာများ တရုတ်သိုင်း ကားထဲက လိုပဲ လေ ထဲမှာ လွှင့်နေ သေးတာ။ ပြန်ကို မကျ တော့ဘူး။ကိုယ့် အသင်းသားတွေ ကလည်း လက်ခုပ်တွေ တောင်ဘေး ကနေ ၀ိုင်းတီး ကြသေးတယ်။ အိပ် မက်ထဲမှာ ကိုယ့်ကို အနိုင်ကျင့် ခဲ့တဲ့သူတွေက အရင်တုန်းက အရွယ်တွေ ဖြစ်နေပြီး ကိုယ်ကတော့ ကိုယ်ကတော့ အခု လက်ရှိ အရွယ်ကို ရောက်နေခဲ့ တယ်။ နောက်ပြီး သူတို့ကို မျက်နှာ ခပ်တင်း တင်းနဲ့“အခုတော့ ငါ့အကြောင်း သိပြီလား”ဆိုတဲ့ မျက်နှာ ပေးမျိုးနဲ့ ကြည့်လိုက် သေးတာ။ နောက် တော့ အိပ်မက်ကလည်း လန့်နိုးလာရော အိပ်ရာ ထဲကို ဘယ်ကဘယ်လို ရောက်နေမှန်း မသိတဲ့ ကြိုးတစ်ခုကို ခပ်တင်းတင်း ဆုပ်ကိုင် ထားမိတယ် လေ။
ကိုယ်တို့ဟာ ငယ်ငယ် ကတည်းက အနိုင် ကျင့်ခြင်း ဆိုတဲ့ သံသရာ ထဲမှာ ခပ်မှန်မှန် စီးမျောခဲ့ တယ် မဟုတ်လား။ ဒီတော့ ကိုယ်ဟာ အနိုင်ကျင့် မဲ့ သူနေရာကို ရောက်လာခဲ့ ပြန်တာပေါ့။ အနိုင် ကျင့် ခံရသူတွေအ တွက်ကတော့ အဲဒီ အဖြစ်အပျက် ဟာ အမြဲ သတိရ စရာ ဖြစ်နေပေမဲ့ အနိုင်ကျင့်ခဲ့ တဲ့သူကတော့ေ၀၀ါးနေမှာ အသေ အချာပဲ။ ဒါပေ မဲ့ ကိုယ်ကတော့ အခုထိ သတိတရ ရှိနေခဲ့တယ်။
မူလတန်း ကျောင်းလေးရဲ့ လူဆိုးလေး တွေ ဖြစ်တဲ့ ကိုယ်တို့မောင်နှမ ၀မ်းကွဲ သုံးယောက်ဟာ ကျောင်းမှာ စာတော်သလို ဆိုးလည်း တော်တော် ဆိုးခဲ့ ကြတယ်။ ကျောင်းခပ်စုတ်စုတ် လေးမှာ ကိုယ်တို့ အဘွားက အိမ်သာ အလှူရှင်လေ။ ဒီတော့လည်း အလှူရှင်ကြီး တွေရဲ့ မြေးတွေက ခပ်ထောင်ထောင်ပေါ့။ ကိုယ်တို့ရဲ့ အနိုင်ကျင့်ခြင်း ကို အမြဲခံ ရတာကတော့ အတန်းတူ ဖြစ်တဲ့ ကောင်မလေး တစ်ယောက်ပါ။ သူက ကျောင်း လာရင် အလှတွေ ပြင်လာ တတ်တယ်။ ဒါက လည်း ကိုယ်တို့ရဲ့ နောက်စရာ အကွက်တစ်ခု ဖြစ် နေပြန်တယ်။ ကိုယ်တို့ခေတ်မှာ မူလတန်း ကျောင်းသူလေး အလှပြင်တာ အထူး အဆန်း ပါပဲ။ ဘာလို့လဲ ဆိုရင် ကိုယ်တို့မောင်နှမသုံး ယောက်ဆို ကျောင်းရောက်လို့ တစ်နာရီလောက် နေတဲ့အခါ ချွေးနံ့ကပေါင်းစုံ၊ မျက်နှာမှာ လည်း ချွေးသံ တရွဲရွဲ ဖြစ်နေကြ ပြီလေ။ သနပ်ခါး ဆိုတာ ခပ်ဝေးဝေးကို လွင့်ပါး သွားကြပြီ မဟုတ်လား။
အဲဒီ ကောင်မလေးကို ကိုယ်တို့က အဘွား ကြီး လို့လည်း နောက်ပြောင် ကြသေးတယ်။ ကောင်မလေး ခမျာ တစ်ခါတလေ ငိုတောင် ငိုရရှာ တယ်။ ဆရာမ သွားတိုင် ပြန်ရင်လည်း သိတယ် မဟုတ်လား အိမ်သာ အလှူရှင်ကြီး ရဲ့မြေးတွေ လေ။ ဘယ်ရမတုံး။ ဆရာမက မပြော ရဘူးနော် ဘာညာနဲ့ ပြီးသွား တာပဲ။ နောက်တော့လည်း ပြန်စ ကြတာပဲ။ ကောင်မလေးက သူ့အိမ်မှာတစ် ဦးတည်းသော အငယ်ဆုံး သမီးမို့ အစ်ကိုတွေ က သည်းသည်းလှုပ် ချစ်ကြတယ်။ မုန့်စား ကျောင်းဆင်းရင် ယုဆော့တို့ မောင်နှမတွေက မုန့်စားတန်းကို ပြေးချိန်မှာ သူကတော့ အိမ်က လာပို့တဲ့ ပန်းသီးတို့၊ မုန့်အကောင်းစား တို့ကိုစား နေချိန်ပေါ့။ သူ့အစ်ကိုတွေ ရှိနေချိန်ဆို သူ့ကို ယောင်လို့တောင် မကြည့်ဘူး။ မစ ဘူးလေ။ သူ့ အစ်ကိုတွေ ပြန်သွားပြီ ဆိုရင်တော့ စတော့တာပဲ။ နောက်ဆုံး သဘော တူညီချက် တစ်ခုကို ရယူ လိုက်တယ်။ အဲဒါက သူ့အိမ်က လာပေးတဲ့မုန့် တွေကို ယုဆော့ တို့ကို ကျွေးရန်၊ မုန့်ဈေးတန်းက မုန့်တွေနဲ့ အလဲအလှယ် လုပ်ရန်ပေါ့။
ကိုယ်တို့ခေတ်တုန်းက ပန်းသီးဆိုတာ သီတင်းကျွတ်မှာ အဘွားကို အဒေါ်မိသားစု လာ ကန်တော့မ မြင်ရတာ။ ဒီတော့ အဘွားကြီး အိမ်က လာပေးတဲ့ ပန်းသီးဟာ ကိုယ်တို့မောင်နှမ သုံး ယောက်အတွက်တော့ အကောင်းစား မုန့်ပဲလေ။ မကျွေးရင်တော့ အဘွားကြီးလို့ လိုက်ခေါ်တော့ တာပဲ။ သူ့ခမျာလည်း အခေါ် မခံရအောင် ကျွေး ရှာပါတယ်။ သူ့ကိုစရင်း သူ့ကို အနိုင်ကျင့် ရင်း ကျောင်းလေးမှာ ပျော်ရွှင်ခဲ့ ကြတယ်။ ကိုယ်တို့ သုံးတန်းမှာ ကျောင်းလေးရဲ့ မြေနေရာ အသိမ်း ခံရတယ်။ ကိုယ်တို့ချစ်တဲ့ ကျောင်းကလေးမှာ ကန်စွန်းခင်းတွေ ရှိတယ်။ ပျော်စရာတွေ ရှိတယ်။ အမှိုက်တွေ ရှိတယ်။ ရေတွေ ရှိတယ်။ အနိုင်ကျင့် ခြင်းတွေလည်း ရှိတယ်လေ။ ကိုယ်တို့ အနိုင်ကျင့် နေကျ အဘွားကြီး ကတော့ ကိုယ်တို့နဲ့ ကျောင်း မတူတော့တဲ့ အတွက် ပျော်နေရှာ မှာပဲ။ကျောင်း လေးနဲ့ အတူ ကိုယ်တို့ရဲ့ အနိုင်ကျင့် ခြင်းတွေ လည်း လွင့်ပါးသွား ခဲ့ရတယ်။
ကိုယ်တို့မောင်နှမ သုံးယောက်ဟာ အနိုင် ကျင့်ခြင်းမှာ သာယာ ခဲ့တယ်။ အနိုင်ကျင့်ခြင်း ရဲ့ အကျိုးအမြတ် ပေါ်မှာ ပျော်ရွှင်စွာ စီးမျော ခဲ့တယ်။ ဒါဟာ မူလတန်း ကျောင်းသား ဘ၀ရဲ့ ခဏတာ ဖြတ်သန်းမှု လေးပါ။ အခုတော့ စာတွေလည်းဖတ်၊ လူတွေ အများကြီးနဲ့ လည်း ဆက်ဆံ နေရပြီမို့ အနိုင်ကျင့်ခြင်း ဆိုတာ ကိုယ်တိုင်လည်း မခံချင်သလို၊ သူများ ကိုလည်း မလုပ်ချင် တော့ဘူး။
ဒါပေမဲ့ ကလေးတုန်းက အနိုင်ကျင့် ခဲ့တဲ့ အချိန် ကာလလေး တစ်ခုကို ပြန်တွေးတိုင်း အဘွားကြီးကို အားနာ မိတယ်။ သနား မိတယ်။ အခုထိ သူ့ကို လမ်းမှာတွေ့တိုင်း ကိုယ့်ရင်ထဲမှာ တစ်မျိုးကြီး ခံစားရတယ်။ ကိုယ်တို့ကို မြင် ရင် သူ့မျက်နှာ မှာလည်း ကြောက်ရွံ့မှုတွေ၊ ထိတ်လန့်မှုတွေ ဖြတ်သန်းသွား လာနေတုန်းပဲ။ တစ်ပြိုင်နက် ကိုယ် စဉ်းစားမိတာက ကလေး ဘ၀က မသိ လိုက် မသိဘာသာ အနိုင်ကျင့်ခဲ့ တာလေးတောင် ကိုယ်ဟာ အခုချိန်ထိ သတိ တရနဲ့ အားနာ မိနေတုန်း၊ စိတ်မကောင်း ဖြစ်မိ နေတုန်းဆိုရင် တခြားလူတွေသူ တစ်ပါး အပေါ် နိုင်ကျင့်ခဲ့ ကြတာကို သတိထား မိရဲ့လားလို့ စိတ်ပူမိတယ်။ အားနာစိတ် လေးတောင် ဖြစ်မိရဲ့ လားမသိ။ ကိုယ့်ကိုယ်ကို အနိုင်ကျင့် မိပါလား လို့ တောင်သိရဲ့ လားမသိပါ။
“ဟဲ့၊ ယုဆော့ ...” ကိုယ့်နောက်က ခေါ်သံတစ်ခု အကြား ဖျတ်ခနဲ ကိုယ် လှည့်ကြည့် လိုက်မိတယ်။ သူ့ကို မြင်ရတဲ့ တစ်ခဏမှာ ကိုယ်ဟာ ကျောက်ရုပ် တစ်ရုပ်လို မလှုပ်မယှက်။ စကား တွေလည်း ဆွံ့အ သွားတယ်။နောက်ပြီး လိုလားသူမဲ့ အရာ တစ်ခုကိုလည်း ပြေးမြင် မိပြန်တယ်။
“ဟဲ့၊ ဘာဖြစ်နေတုံးဟ၊ ငါလေ မမှတ်မိ ဘူးလား။ မေစိုးလေ...”
“သြော် အင်း၊ အင်း၊ မှတ်..မှတ်မိပါတယ်” စကားပြောရာမှာ မနှေး မမြန်၊ စကားပီသတဲ့ ကိုယ်ဟာ စကားတွေ ထစ်ကုန်တယ်။ နောက်ပြီး အမုန်း တွေလား၊ အရှုံးတွေလား ဆိုတာ မသေချာ။ သူကတော့ စကားတွေ ဆက်ပြော နေသေးတယ်။ အောင်နိုင်သူ တစ်ယောက် လိုပေါ့။
“နင်အခု ကျောင်းတက် နေတုန်းလား။ ငါကတော့ ကိုးတန်းနဲ့ကျောင်း ထွက်လိုက်တယ်။ အခုတော့ ကလေး နှစ်ယောက်နဲ့။ အေးလေ၊ နင်ကတော့ ကျောင်းတက် တုန်းပဲ ဖြစ်မှာပါ။ ငါတို့ထက် အများကြီး ငယ်တာကိုး”
“အင်း”
“နင်တို့ ခြံကြီးထဲက ပြောင်းသွားပြီး ကတည်းက အဆင် မပြေပါဘူး ဟာ။ လူတွေက အားနည်းတဲ့ သူဆို အနိုင်ကျင့်ချင် ကြတယ်ဟ။ စီးပွားရေးက လည်း မကောင်းတော့ နဂါးနီ သီချင်းကိုပဲ လှိမ့်ဆိုနေ ရတယ်ဟေ့”
“အင်း”
“ကဲ ကဲ၊ သွားမယ်ဟာ။ ငါ အလုပ် နောက်ကျ နေပြီ””
“အင်း...”
ငယ်ငယ်တုန်း ကလိုပဲ။ သူပြောချင်ရာ ပြောပြီး ထွက်သွား လေရဲ့။ တစ် ဖက်သားကို ဘာမှ ပြောခွင့် မပေးဘူး။ နောက်ဆုံးသူသာ ကိုယ့်အနားက ထွက် သွားတယ်။ ကိုယ်ကတော့ ဆွံ့အ နေဆဲပဲ။ မေစိုးဆိုတာ ကိုယ် ငယ်ငယ်က ကြိုးခုန်ခွင့် မပေးခဲ့ တဲ့သူ။ ကိုယ့်ကြိုးလေးကို အသုံးပြုခွင့် မပေးခဲ့ တဲ့သူ။ ကိုယ့်ကို ထိပ်ဆုံးက အနိုင်ကျင့် ခဲ့တဲ့ သူပေါ့။ ဒါပေမဲ့လည်း အနှစ်နှစ် အလလ က သူ့ကို တွေ့ရင် တွေ့တဲ့နေရာမှာ ရန်တွေ့ ပစ်မယ်လို့ ကြိမ်းဝါးထားတဲ့ ကိုယ်ဟာ“အင်း”တစ်လုံးတည်းနဲ့ သူ့ကို လက်မြှောက် အရှုံး ပေးခဲ့ရတယ်။ ငယ်နိုင် ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့။
ယုယ
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
မူရင်းလင့်--- http://shweamyutay.com/index.php?option=com_content&view=article&id=4750:2013-02-07-16-37-28&catid=105:2008-06-08-20-03-14&Itemid=660
No comments:
Post a Comment