by 7Day News Journal on Thursday, October 4, 2012 at 1:54pm ·
ကျော်ဝင်း
ယခုရက်ပိုင်း စာရေးသူ စာမရေးဖြစ်ပါ။ စာပင် ဟုတ်ဟုတ်ငြားငြား မဖတ်ဖြစ်ပါ။ သို့သော် တန်ပါသည်။ မိတ်ဆွများ၏ ကျေးဇူးကြောင့် ရခိုင်အရေး ဆွေးနွေးအဖြေရှာကြသော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုကို ဆက်တိုက်ဆိုသလို တက်ခွင့်ရသောကြောင့် ဖြစ်ပါသည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပ ခဲ့သော ဆွေးနွေးပွဲများဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲနှစ်ခုတွင် စာရေးသူ တင်ပြခွင့်ရခဲ့သော ထင်မြင်ချက် များကို စုစည်းပြီး ယခုစာစုကို ရေးသားဖော်ပြလိုက်ပါသည်။
၁။ နိုင်ငံတကာ အဆက်အစပ် (International Context)
အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့မျက်စိအောက်မှာပင် ကမ္ဘာကြီးမှာ ၂၀ ရာစုကိုကျော်ပြီး ၂၁ ရာစုထဲသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ပညာရှင်အများက ကုန်လွန်သွားခဲ့ပြီဖြစ်သော ၂၀ ရာစုကို အမေရိကန်ရာစုဟူ၍လည်းကောင်း၊ အိုင်ဒီအိုလိုဂျီရာစုဟူ၍လည်းကောင်း ၀ိဂြိုဟ်ပြုခဲ့ကြသည်များ ရှိသည်။ မနည်းလှသော သာဓကများကို ထောက်ပြပြီးသကာလ ယခုရောက်ရှိနေသော ၂၁ ရာစုကိုလည်း အာရှရာစုဟူ၍လည်းကောင်း “အမှတ်အသား သရုပ်ရာစု” (Century of Identity)ဟူ၍လည်းကောင်း သတ်မှတ်ဖွင့်ဆို ကြသည်များကို တွေ့နေရသည်။ ဤတွင် ကျွန်တော်တို့တစ်တွေမှာ ရာစုခေတ် အလှည့်အပြောင်း ကာလကြီးကို မျက်မှောက်ပြုနေရပါလားဟု ဆင်ခြင်မိရပါတော့သည်။
(က)အပြိုင်အရွေ့ (Parallel Shift)
ဆိုခဲ့ပါ အလှည့်အပြောင်း ကာလကြီးတွင် အပြိုင်ဖြစ်ပေါ်နေသော အရွေ့နှစ်ရပ်၊ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာ အနောက်မှအရှေ့သို့ ရွေ့လာခြင်းနှင့် အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်သို့ ရွေ့လာခြင်းတို့ဖြစ်သည်။
ပထမအရွေ့ (အနောက်မှအရှေ့)ကို ခြေရာခံကြည့်လိုကလျှင် အာရှဒေသ၏ အံ့မခန်းစီးပွားရေး (Asian Miracle, ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များ)၊ တရုတ်နှင့် အိန္ဒိယတို့ အင်အားကြီးမားလာခြင်း (၁၉၉၀ ပြည့်လွန်နှစ်များ)နှင့် မကြာသေးခင်ကမှ ကြုံလိုက်ရသော Great Recession ခေါ် ကမ္ဘာလုံးချီ ဘဏ္ဍာရေးအကျပ် (၂၀၀၇/၀၈)တို့ကို တွေ့ပါလိမ့်မည်။ ဒုတိယအရွေ့ (အိုင်ဒီအိုလိုဂျီမှ အမှတ်အသားသရုပ်)ကို ပြန်ကြည့်လိုက်လျှင်လည်း ဘာလင်တံတိုင်းပြိုကျရာမှ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ရလာခြင်း(၁၉၉၈)၊ ဘော်လကန်စစ်ပွဲများမှသည် ဘော်လကန်နိုက်ဇေးရှင်းခေါ် အစိတ်စိတ်၊ အမြွှာမြွှာပြိုကွဲခြင်း(၁၉၉၀ ပြည့်လွန်နှစ်များ)၊ နယူးယောက် မျှော်စင်ညီနောင် ဖြိုချခံရခြင်းနှင့် ကမ္ဘာလုံးအတိုင်းအတာ အကြမ်းဖက်ဝါဒ (၂၀၀၁)စသည်များကို ခြေရာခံမိပါလိမ့်မည်။
ယခင် ၂၀ ရာစု တစ်နည်း စစ်အေးခေတ်ကဆိုလျှင် ကျွန်တော်တို့တစ်တွေမှာ “ငါတို့ဘယ်သူလဲ” (Who are We?)ဆိုသော မေးခွန်းကို မေးစရာအကြောင်းမရှိ။ “ဘယ်ဘက်ကရပ်မလဲ” (Which Side We Stand?) ဆိုသည်ကိုသာ ဆုံးဖြတ်ဖို့ရှိသည်။ သို့တိုင် ပြည်ထောင်စုများ ပြိုကွဲလာသော၊ နယ်နိမိတ်များ မှုန်ဝါးလာသော မျက်မှောက် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးတွင်ကား ဤသို့ မဟုတ်လေတော့။ ငါတို့ ဘယ်သူလဲဆိုသော မေးခွန်းသည်ပင် နိုင်ငံတိုင်း လူမှုအုပ်စုတိုင်းအတွက် စိန်ခေါ်ချက်တစ်ခုလို ဖြစ်လာသော အမှတ်သားသရုပ်ဆိုင်ရာ ပုစာကြီးဖြစ်လာရတော့သည်။
(ခ)အပြိုင်ချဉ်းကပ်မှု (Parallel Approach)
ဆိုခဲ့ပြီးသည့်အတိုင်း ရာစုသစ်အကူးအပြောင်းတွင် အပြိုင်အရွေ့နှစ်ခု ပေါ်ထွက်လာရာ ချဉ်းကပ်စဉ်းစားပုံတွင်လည်း မူကွဲနှစ်ရပ် ပေါ်လာသည်။ “လူအခြေပြု ချဉ်းကပ်နည်း” (Humanbase Approach)နှင့် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း” (Nation-base Approach)တို့ ဖြစ်သည်။
လူအခြေပြုချဉ်းကပ်လာ၊ လူမျိုး၊ အသားအရောင် ကိုးကွယ်သည့်ဘာသာ မည်သို့ပင် ကွဲပြားခြားနားပါစေ “လူသည် လူပင်ဖြစ်သည်ဆိုသော ပရမတ္တအမြင်ကို ဗဟိုပြုစဉ်းစားသည်။ သို့နှင့်အမျှ လူ့ဂုဏ်သိက္ခာ၊ လူ့လုံခြုံရေး၊ လူ့အခွင့်အရေးစသော အထိုင်များပေါ်မှ ရပ်ခံသည်။ “လောကလုံး သဘောဆောင်သည့် နှုန်းခံများ” (Universal Norms)ပေါ် အခြေခံသည်ဖြစ်၍ “လောကလုံးအမြင် (သို့မဟုတ်) စံအခြေပြုအမြင်” (Universalist, Normative Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။
သို့နှင့်တိုင် တကယ့်လက်တွေ့တွင် လူသည် “အမျိုးသားနိုင်ငံများ” (Nation States)အဖြစ် စုစည်းနေထိုင်ကြသည်ဖြစ်ရာ တိုင်းပြည်လူမျိုးစသော ပညတ်များကို အကုန်အစင်ဖယ်ရှားလို့ ရသေးသည်တော့ မဟုတ်ပါချေ။ သို့အတွက် “နိုင်ငံအခြေပြု ချဉ်းကပ်နည်း”ဆိုသော ဒုတိယပုံစံ သဘာဝကျစွာ ပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။ ဤနည်းက အမျိုးသားရေးဂုဏ်သိက္ခာ၊ အမျိုးသားလုံခြုံရေး၊ အမျိုးသားအမှတ်အသားသရုပ် စသည်များအပေါ် ရပ်ခံသည်။ “တကယ့်အရှိ” (Reality)ကို အခြေခံသည်ဖြစ်၍ “လက်တွေ့အခြေပြုအမြင်” (Pragmatic Perspective)ဟု ဆိုနိုင်ပါလိမ့်မည်။
အဆိုပါ ချဉ်းကပ်ပုံနှစ်ရပ်၏ အားပြိုင်မှုကို နယ်ပယ်အားလုံး နီးပါးလောက်တွင် မြင်တွေ့နေရရာ အထင်ရှားဆုံး ဖြစ်ဖွယ်ရှိသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်ပင် ဖြစ်တော့သည်။
(ဂ) ၁၇ နှင့် ၂၁ ရာစု (17th and 21st Century)
အမှန်စင်စစ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းများမှာ ၁၆၄၈ ခုနှစ်က ချုပ်ဆိုခဲ့သော ၀က်စဖေးလီးယားစာချုပ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၀က်စဖေးလီးယားစာအုပ်မှာ ဥရောပအမျိုးသား နိုင်ငံများကြား နှစ်ပေါင်းသုံးဆယ်ကြာ စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်ကြပြီးနောက် စစ်ပန်းရာမှ ထွက်ပေါ်လာသော ကြားအဖြေပင်ဖြစ်သည်။ ထိုစဉ်ကာလ (၁၇ ရာစု)၏ တက္ခနိုလိုဂျီနှင့် ၎င်း၏ လူမှုအကျိုးဆက်ကို စကားရပ်နှစ်ခုဖြင့် ဖော်ပြနိုင်သည်ဟု ဆိုပါသည်။ “သိပ်ဝေး” (Far away) ဆိုသည်နှင့် “ငါတို့ဘာမှမသိ” (We Know Nothing)ဆိုသော စကားရပ်များဖြစ်သည်။ သို့အတွက် “မိမိသက်ဆိုင်ရာ တိုင်းပြည်ကို မိမိတို့စိတ်ကြိုက်အုပ်ချုပ်”ဆိုသော အများညီအမြင်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သို့နှင့်အမျှ ၀က်စဖေးလီးယားပုံစံ၏ အခြေခံယူနစ်မှာ “အမျိုးသားနိုင်ငံများ” ဖြစ်လာသည်။ အခြေခံမူများမှာ “အချုပ်အခြာအာဏာ” (Sovereignty)၊ “ပြည်တွင်းရေးမစွက်ဖက်ရေး” (Non-intervention)နှင့် “အင်အားချိန်ခွင်လျှာအယူအဆ” (Balance of Power)တို့ ဖြစ်လာသည်။ ဆိုရလျှင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ဤမူများကို အမွေခံထားခြင်းပင်ဖြစ်သည်။ သို့နှင့်တိုင် ယနေ့ ၂၁ ရာစု အင်တာနက်ခေတ်မှာ မြင်းနှင့်သတင်းပို့ရသော ၂၁ ရာစုနှင့် ဘယ်လိုမှ မတူနိုင်တော့ပြီ။ မျက်မှောက်ခေတ် တက္ခနိုလိုဂျီနှင့် လူမှုအကျိုးဆက်ကို ဖော်ပြသော စကားရပ်နှစ်ခုမှာ “ချက်ချင်း” (instant)ဆိုသည်နှင့် “ငါတို့အကုန်သိ” (We Know Everything) ဖြစ်လာသည်။
ဤအပြောင်းအလဲက ၀က်စဖေးလီးယားမူများကို အခြေမှ ကိုင်လှုပ်လာသည်။ ဤအချက်ကို ထောက်ပြပြီး ၁၉၉၅၊ ကုလသမဂ္ဂ ရွှေရတုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ် ထောင်စုသစ် ထိပ်သီးဆွေးနွေးပွဲတွင် နောက်တစ်ကြိမ်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြန်စဉ်းစားကြဖို့ အဆိုပြုသည်များ ရှိလာသည်။ နိုင်ငံအခြေပြု စဉ်းစားနည်းမှ လူ့အခြေပြု စဉ်းစားနည်းသို့ ပြောင်းလဲဖို့ဖြစ်သည်။ သို့တိုင်အောင် အပြည့်အ၀ အောင်မြင်ခဲ့သည်တော့ မဟုတ်ပါ။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော” (Humanitarian)ဆိုသည့် ရှေ့ဆက်ပါ အယူအဆများကိုမူ ဖြည့်စွက် ထည့်သွင်းနိုင်ခဲ့ပါသည်။ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော အကူအညီ”၊ “လူလူချင်း စာနာထောက်ထားမှုနှင့်ယှဉ်သော စွက်ဖက်မှု” စသဖြင့် (ဤအချက်ကိုတော့ “နောက်ဆုံးအားထားရာ” Last Resort အဖြစ်သာ သဘောယူခဲ့ကြသည်။)
ဤတွင် ပြောလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီး ကိုယ်တိုင်သည်ပင် ဆိုခဲ့ပါ ချဉ်းကပ်နည်းနှစ်ရပ် (လူ့အခြေပြုနှင့် နိုင်ငံအခြေပြု)ကို ချိန်ခွင်လျှာမျှ စဉ်းစားရသည်ဆိုသော အချက်ဖြစ်ပါသည်။ ယနေ့ ရခိုင်အရေးတွင်လည်း ဤအတိုင်း စဉ်းစားကြည့်မြင်သင့်သည်ဟု သဘောရပါသည်။ လူ့အခြေပြုချဉ်းကပ်နည်း တစ်ခုတည်းကို အားပြုလွန်းလျှင် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမှတ်အသားသရုပ်ကို ထိခိုက်နိုင်စရာ ရှိသည်။ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံအခြေပြုချဉ်းကပ်နည်း သက်သက်ဆိုပြန်လျှင်လည်း လူ့အခွင့်အရေးဘက်မှ လျော်ကန်သင့်မြတ်မှု ရှိမည်မဟုတ်ပါချေ။
၂။ မြန်မာနိုင်ငံအဆက်အစပ် (MYANMA CONTEXT)
ယနေ့ မြန်မာနိုင်ငံမှာ သိမ်မွေ့သည်နှင့်အမျှ ရှုပ်ထွေးသော၊ ခက်ခဲသည်နှင့်အမျှ နက်ရှိုင်းသော စိန်ခေါ်ချက်နှစ်ရပ်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရလျက်ရှိနေသည်။ “နိုင်ငံတည်ဆောက်ရေး” (State Building)နှင့် “အမျိုးသားတည်ဆောက်ရေး” (Nation Building)တို့ ဖြစ်ပါသည်။ ဤသည်ပင် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၏ အခက်ခဲဆုံးအပိုင်း ဖြစ်ဖွယ်ရှိသည်။
(က) နိုင်ငံတည်ဆောက်ရေး (State Building)
နိုင်ငံတည်ဆောက်ရေး ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်တွင် စုပေါင်းဘ၀ တတ်နိုင်သမျှ ဖြစ်ပေါ်လာစေရန် တရားဝင် အင်စတီကျူးရှင်းများ တည်ဆောက်ရသည့် ဖြစ်စဉ်ဖြစ်သည်။
အစဉ်အလာအရ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများတွင် နိုင်ငံတည်ဆောက်ရေး အားကောင်းလေ့ရှိသည်ဟု ဆိုကြသည်များ ရှိသည်။ သို့နှင့်တိုင် ဗြိတိသျှ-အိန္ဒိယအင်ပါယာ၏ ပြည်နယ်တစ်ခုအဖြစ်သာ ကာလတာရှည် ရပ်တည်ခဲ့သော မြန်မာနိုင်ငံအတွက်မူ အဆိုပါ အားကောင်းချက်ကို အပြည့်အ၀ရခဲ့သည်ဟု ဆိုနိုင်လိမ့်မည် မဟုတ်ပါ။ မည်သို့ပင်ရှိစေ လွတ်လပ်သော မြန်မာနိုင်ငံအနေနှင့် ဗြိတိသျှကိုလိုနီအမွေဟု ဆိုနိုင်သော နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် ဗျူရိုကရေစီကို အထိုက်အသင့် လက်ခံရရှိခဲ့ပါသည်။ သို့တစေ အဆိုပါ အင်စတီကျူးရှင်းများကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်းနှင့် ဗျူရိုကရေစီကို ဆက်လက် ဖြည့်ဆည်းပေးရမည့် ပညာရေး အားနည်းမှုများကြောင့် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ တဖြည်းဖြည်း ပွန်းပြတ်၊ ပြတ်သလို ဖြစ်ခဲ့ရသည်။ သည်လိုနှင့် နောက်ဆုံး ၁၉၆၂ နောက်ပိုင်းသို့ ရောက်သောအခါ ယိုယွင်းရုံမျှမက ပြိုလဲသည်ထိ ဖြစ်ခဲ့ရသည်။
ပြောရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေး စိန်ခေါ်ချက်မှာ နှစ်ပေါင်း ၅၀ ကျော် ဝေဒနာခံစားနေခဲ့ရသော နာတာရှည် လူမမာကြီးလို ဖြစ်နေပါတော့သည်။ ယနေ့ မြန်မာခေါင်းဆောင်များအနေနှင့် နိုင်ငံရေးအရ စိတ်အားထက်သန်မှု အပြည့်ရှိကြသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရမည့် ပညာပိုင်းဆိုင်ရာ၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံပိုင်းတွင်မူ အကြီးအကျယ် လစ်ဟာလျက်ရှိနေသည်။ ဆိုရလျှင် မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ယခုမှ တာထွက်ခါစ အလွန်နုနယ်သေးသော အနေအထားဟု ဆိုရပါလိမ့်မယ်။
(ခ) အမျိုးသားတည်ဆောက်ရေး (Nation Building)
အမျိုးသားတည်ဆောက်ရေး ဆိုရာတွင် မျှဝေလက်ခံထားသော သမိုင်း၊ ယဉ်ကျေးမှုဓလေ့၊ တန်ဖိုး၊ ဘာသာစကားနှင့် အမှတ်အသားသရုပ်တို့ဖြင့် စုစည်းပုံဖော်ကြရသည့် သဘောဖြစ်သည်။ တစ်နည်းဆိုရလျှင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဥမကွဲသိုက်မပျက် စုစည်းနေထိုင်ကြမည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမည့် ဖြစ်စဉ်ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာပင် ဤတာဝန်ကို ဒီမိုကရက်တစ် နည်းလမ်းတကျ မဖြေရှင်းနိုင်ရာမှာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်တော့သည်။ မြန်မာ့ပြည်တွင်းစစ် သက်တမ်းမှာ နှစ်ပေါင်း ၆၀ နီးပါးဖြစ်ရာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး စစ်ပွဲတစ်ပွဲဟု ဆိုရပါလိမ့်မည်။
ယခုအခါ တိုင်းရင်းသားလူမျိုး လက်နက်ကိုင် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ပြီဖြစ်သည့်တိုင် အရေးကြီးသော “ကချင်လွတ်လပ်ရေးအဖွဲ့” (KIO)နှင့်မူ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ရှိသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးသော အဖွဲ့များနှင့်လည်း နိုင်ငံရေးအရ ဆက်လက်ညှိနှိုင်း ဆွေးနွေးကြရဦးမည်ဖြစ်ရာ အချိန်မရွေး သေနတ်သံ ပြန်ထွက်လာနိုင်သည့် အနေအထားဟု ဆိုရပါလိမ့်မည်။ ဆိုရလျှင် တည်ငြိမ်ခိုင်မာသော ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ဆက်လက်လုံးပန်း အားထုတ်ကြရဦးမည် ဖြစ်ပါသည်။
သို့အတွက် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးရော အမျိုးသားတည်ဆောက်ရေးသည်ပါ အလွန်အကဲဆတ်သည့် အနေအထားတွင် ရှိနေဆဲဟူ၍သာ ဆိုရလိမ့်မည် ဖြစ်ပါသည်။
(ဂ) ရခိုင်အရေး (Sectarian Violence In Rakhine State)
ဤမျှ အရေးကြီးသည့် အခြေအနေမှာပင် နုနယ်သေးသော မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်ပြင်းထန်သော ရိုက်ချက်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမှုအုပ်စု(ကွန်မြူနတီ)နှစ်ခုကြား ဂိုဏ်းဂဏ အကြမ်းဖက်မှုများ ဖြစ်သည်။ အမှန်စင်စစ် ဤကိစ္စမှာ ရှောင်တခင်ဖြစ်ပေါ်လာသည်တော့ မဟုတ်ပါ။ သမိုင်းနှင့်ဆိုင်သလို ပထ၀ီနိုင်ငံရေး အဆက်အစပ်များနှင့်လည်း ပတ်သက်နိုင်ပါသည်။ သို့ဖြစ်လင့်ကစား သမိုင်းဇာစ်မြစ်များကို တူးဖော်ရသည်မှာ အငြင်းပွားဖွယ်ရာ များစွာရှိနိုင်သည်ဖြစ်ရာ ယခုလို သွေးပူနေချိန်မျိုးတွင် သဟဇာတဖြစ်ရေးထက် အာဃာတပွားစရာ ပိုများလိမ့်မည် ထင်သည်။ ဤသို့ဆိုသည်နှင့် သမိုင်းကို ရာဇ၀င်ထဲမှာ ထားလိုက်ဖို့ ဆိုလိုသည် မဟုတ်ပါ။ ပြဿနာ၏ ဇာစ်မြစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆွေးနွေး အဖြေရှာကြရမည်သာ ဖြစ်ပါသည်။ သို့တစေ ယခုလောလောဆယ်တော့ မဟုတ်။ ပြန်လည်သွေးအေးသည့် အခြေအနေတွင် တည်ငြိမ်သော စိတ်နှလုံးဖြင့် ညှိနှိုင်းဆွေးနွေးကြသည်က ပို၍လျော်ကန် သင့်မြတ်လိမ့်မည်ဟု သဘောရပါသည်။
စာရေးသူအမြင်၊ ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်သာမက ပထ၀ီနိုင်ငံရေး ဆက်စပ်အခြေအနေများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်လေမည်လား စဉ်းစားမိသည်။ အထူးသဖြင့် “ထိစပ်နယ်မြေ” (Border Land) ပြဿနာကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်သည်။
(ဃ) ထိစပ်နယ်မြေ (Borderland)
“ထိစပ်နယ်မြေ” ဆိုသည်မှာ သာမန်နယ်စပ်ဒေသ သက်သက်မျှမဟုတ်ပါ။ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားတွင်ရှိပြီး ပိုင်ဆိုင်မှုအကြိမ်ကြိမ် အပြောင်းအလဲရှိသော နယ်မြေများဖြစ်သည်။ သို့နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့မျိုးစုံတို့ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyalty) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။ ဆိုရလျှင် တင်းမာမှုမျိုးစုံ အချိန်မရွေး ပေါ်ထွက်နိုင်သည့် အနေအထားမျိုး ဖြစ်ပါသည်။
“နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု” (Coventional Immigration)နှင့် ထိစပ်နယ်မြေအတွင်း လူရွှေ့ပြောင်းနေထိုင်မှုများမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သာမန် ရွှေ့ပြောင်းနေထိုင်သူများမှာ အမိမြေကို အပြီးတိုင်ကျောခိုင်းပြီး နယ်မြေသစ်တွင် သဟဇာတဖြစ်အောင် နေကြရသည့်သဘော ရှိသည်။ ပြဿနာမရှိ။ ထိစပ်နယ်မြေအတွင်း အခြေချ နေထိုင်ကြသူများမှာ အမိမြေနှင့် လုံးဝအဆက်ပြတ်သွားသည် မဟုတ်။ အမိမြေနှင့် မူလအသိုင်းအ၀ိုင်းဟောင်းကို ဆွဲဆန့်လိုက်သည့် သဘောပင်ရှိသည်။ ထို့ထက် နိုင်ငံနယ်နိမိတ်များမှာ နိုင်ငံရေးကိုသာ ကိုယ်စားပြုနိုင်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုရေးတို့ကို ကိုယ်စားပြုနိုင်သည်မဟုတ်။ သို့နှင့်အမျှ သစ္စာခံမှုမှာ ထွေပြားနိုင်သလို အပြောင်းအလဲလည်း များနိုင်ပေသည်။
ပြင်သစ်နှင့် ဂျာမနီကြားရှိ အဲလဆက်နှင့် လော်ရိန်းဒေသ (ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေသည့် လတ်တလော အကြောင်းရင်းတစ်ခု)၊ အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ ကက်ရှမီးယားဒေသ (ဤနေရာတွင် နှစ်နိုင်ငံ နယ်စပ်စစ်ပွဲဖြစ်ခဲ့)၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားရှိ ကိုဆိုဗိုဒေသ (ကိုဆိုဗိုစစ်ပွဲ၏ စစ်တလင်း)တို့မှာ ပြဿနာများစွာ တက်ခဲ့ဖူးသော ထိစပ်နယ်မြေများဖြစ်သည်။ အလားတူ ယူကေနှင့် အိုင်ယာလန်ကြားရှိ မြောက်ပိုင်းအိုင်ယာလန်၊ ယူအက်စ်မက္ကဆီကို နယ်နိမိတ် တစ်လျှောက်တို့မှာလည်း အချိန်မရွေးဆိုသလို မီးခိုးအူနေသော ထိစပ်နယ်မြေများပင် ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောဒေသမှာ ဆိုခဲ့ပါ ထိစပ်နယ်မြေလက္ခဏာများ ရှိနေသည်ဖြစ်ရာ ပြဿနာ၏ ဇာစ်မြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မည်ထင်ပါသည်။ အကျော်ဒေးယျ အနာဂတ္တိဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေများကို “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” (Geopolitical Fault Lines)အဖြစ် သတ်မှတ်သည်။
၃။ ဘာလုပ်ကြမည်နည်း (What is to be done?)
ပြဿနာမှာ နက်ရှိုင်းထွေပြားသော ဇာစ်မြစ်မျိုးစုံ ရှိနိုင်သည်ဖြစ်ရာ နေ့ချင်းညချင်း အပြီးသတ် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါချေ။ ဤသို့တပြီကား- ဘာလုပ်ကြမည်နည်း။ ဤနေရာတွင် ကျမ်းမြတ်ကိုရာမ်၏ သင်ကြားချက်အချို့ကို အကိုးအကား ပြုလိုပါသည်။
ယခုလို--
“မည်သူပင်ဖြစ်စေ အပြစ်မဲ့သူကိုသတ်လျှင် လူသားတစ်ရပ်လုံးကို သတ်ဖြတ်ခြင်းမည်ပေ၏”။
“မည်သူပင်ဖြစ်စေ လူတစ်ယောက်ကို ကယ်တင်လျှင် လူသားတစ်ရပ်လုံးကို ကယ်တင်ရာမည်ပေ၏”။ ကျွန်တော်တို့အနေဖြင့် ကျမ်းမြတ်ကိုရာမ်၏ အထက်ပါ မိန့်မှာချက်အတိုင်း ပုံသဏ္ဌာန်မျိုးစုံ သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရပါလိမ့်မည်။ ပုံသဏ္ဌာန်မျိုးစုံ ကယ်ဆယ်ရေး လုပ်ငန်းများကို တစ်ခဲနက် ဆောင်ရွက်ကြရပါလိမ့်မည်။ အမုန်းမီးပွားများဖြင့် ပူလောင်တင်းမာနေကြသော လူမှုအုပ်စုနှစ်ခုကို ပြန်လည်ရင်ကြားစေ့ ပေးရပါလိမ့်မည်။ အာဃာတအနေအထားကို သဟဇာတအခြေဆိုက်အောင် ၀ိုင်းဝန်းကြိုးပမ်းကြရပါလိမ့်မည်။ ဤသည်သာ ဘာသာတရားမျိုးစုံက ကောင်းချီးပေးကြမည့် နတ်လူသာဓုခေါ်စေမည့် အပြုအမူဖြစ်ပါသည်။
(က) ရင်ကြားစေ့ရေးနှင့် သဟဇာတမျှရေး (Reconciliation and Harmony)
ကိုလံဘီယာ၊ ဆိုမာလီယာ နစ်ကာရာဂွါ၊ မြောက်အိုင်ယာလန် စသည့်ဒေသများ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများကို ဦးဆောင်ခဲ့သည့် ဂျွန်ပေါလ်လီဒါအက်ခ်ျ၏ အလိုအရ ပြန်လည်ရင်ကြားစေ့ရေး ဆိုသည်မှာ မှန်ကန်မှုနှင့်စာနာမှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ပေါင်းစုံရာဟု ဆိုပါသည်။ (Reconciliation is the place where 'Truth' and 'Mercy', 'Justic' and 'peace', met.) ပုံနှင့် ယှဉ်တွဲစဉ်းစားဖို့ဖြစ်သည်။
ဤသို့သော ပြန်လည်ရင်ကြားစေ့နိုင်မည့် အခြေအနေရပြီဆိုလျှင် “လူမှုသဟဇာတမျှရေး” (social harmony)သို့ အသေအချာ ဦးတည်နိုင်ပါလိမ့်မည်။ ဤနေရာတွင် လူသားထုအတွက် ကံကောင်းလှသည်မှာ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ စသော ကမ္ဘာ့ဘာသာတရားတိုင်းတွင် လူမှုသဟဇာတမျှရေးသို့ ဦးတည်စေသည့် “အပြုသဘောဆောင်သော မျှဝေတန်ဖိုးများ” (positive shared values) ရှိနေခြင်းပင်ဖြစ်သည်။ ဤသည်တို့မှာ “ခန္တီ” (tolerance)၊ “မေတ္တာ” (love/ kindness)၊ “ကရုဏာ” (honesty)နှင့် “အနာဂတ်မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်း” (welfare of future generation)တို့ ဖြစ်ပါသည်။
ခန္တီဆိုသည်မှာ ဆန့်ကျင်ဘက် ရပ်ခံမှုများကို ခွင့်ပြုနိုင်လောက်သော ရင့်ကျက်မှုကို ဆိုလိုရင်းဖြစ်သည်။ မေတ္တာမှာ “အရှုံးအနိုင် အဖြေထွက်စေသော ဆက်ဆံရေး” (zero-sum)မဟုတ်။ “နှစ်ဖက်အနိုင်ရစေမည့် ဆက်ဆံရေး” (win-win)မျိုးဖြစ်သည်။ ကရုဏာဆိုသည်မှာ ဒုက္ခရောက်နေသူများအပေါ် စာနာစိတ်ဖြင့် ကူညီလိုမှုကို ဆိုလိုသည်။ ရိုးသားမှုကား လူမှုဆက်ဆံရေး အားလုံးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ပင်။ အနာဂတ် မျိုးဆက်များအတွက် ကောင်းရာကောင်းကြောင်းဆိုသည်မှာ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ဖို့ဖြစ်သည်။ ဤသို့သော အပြုသဘောဆောင်သည့် မျှဝေဖန်ဖိုးများကိုသာ လက်ခံကျင့်သုံးနိုင်ပြီဆိုလျှင် မည်သို့သော ပြဿနာမျိုးပင်ဖြစ်စေ ထက်ဝက်မက ဖြေရှင်းပြီးသား ရောက်ပါလိမ့်မည်။
(ခ) လတ်တလောမှ ရေရှည်သို့ (From currnet to long-term)
ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများအတွင်း နှစ်ဖက်လူမှုအုပ်စုများ၏ စိတ်ခံစားမှုနှင့် စိုးရိမ်မကင်းဖြစ်ရမှုများကို အထိုက်အသင့် ဆ၀ါးခွင့်ရခဲ့ရာ စာရေးသူအတွက်တော့ “အမြတ်”ပင် ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများက မိမိတို့၏ အမှတ်အသားသရုပ်နှင့် နယ်မြေလုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ အလွန်သဘာဝကျသော စိုးရိမ်မှုဟု သဘောရပါသည်။ “နိုင်ငံသားဖြစ်မှု အခွင့်အရေး” (right to citizenship)ဆိုသော တစ်ဖက်အုပ်စုမှ မိတ်ဆွေများ၏ ဆန္ဒကိုလည်း ကြားနာခွင့်ရခဲ့ပါသည်။
ဤကိစ္စနှင့် ပတ်သက်လျှင် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ရေရှည်ဆွေးနွေး အဖြေရှာကြရမည် ထင်ပါသည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအပေါ် ဝေဖန်ကြသည်များလည်း ရှိသည်။ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ဆိုသည်မှာ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်လမ်းကြောင်းမှ သွားကြရမည်ဖြစ်ရာ ကာလတစ်ခု အချိန်ယူကြရပါလိမ့်မည်။ “လူမျိုးစုအခွင့်အရေး” (ethnic right)ဆိုလျှင်ကား ပို၍အချိန်ယူရဦးမည့်သဘော ရှိမည်ထင်သည်။ ဤပြဿနာမှာ ရခိုင်ပြည်နယ်အရေး သက်သက်မျှမဟုတ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ခုလုံး၏ “စုပေါင်းအမှတ်အသားသရုပ်”နှင့် တိုက်ရိုက် ဆက်စပ်နေသည်ကို သတိချပ်ကြဖို့ လိုပါလိမ့်မည်။
ပဋိပက္ခသဘောဆောင်နေသော လူမှုအုပ်စုနှစ်ရပ်လုံး၏ ယခု လောလောဆယ် တူညီသောဆန္ဒသည်ကား လုံခြုံရေးနှင့် အသက်ဆက်ရှင်သန်ရေးဟု နားလည်ရပါသည်။ ဤသည်ပင် နှစ်ဖက်လုံး၏ “ဘုံတူညီချက်” (common ground) ဖြစ်လေရာ ဤနေရာမှ အစပြုကြရလိမ့်မည်ဟု သဘောရပါသည်။ တူတာတွဲလုပ်ရင်း မတူညီမှုများကို ညှိနှိုင်းအဖြေရှာကြခြင်းသည်ပင် ဒီမိုကရေစီ၏ အလှတစ်ပါး မဟုတ်ပါလော။
နိဂုံး (Conclusion)
ယခုစာစုကို ဒီမိုကရက်တိုင်ဇေးရှင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော ပညာရှင်တစ်ဦးဖြစ်သူ တောမတ်ကရိုသာ၏ စကားဖြင့် နိဂုံးချုပ်လိုပါသည်။ (ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုလောက်က ကရိုသာကိုယ်တိုင် မြန်မာနိုင်ငံသို့ ရောက်ခဲ့ဖူးသည်။) သူက စိန်ခေါ်ချက်များဖြင့် ပြည့်လျှမ်းနေသော မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထင်သာမြင်သာရှိသော ဥပမာဖြင့် ယခုလို သုံးသပ်ဖော်ပြခဲ့သည်။
“သွားရမယ့်ခရီးက တစ်ဖက်တစ်ချက်မှာ ချောက်ကမ်းပါးကြီးတွေရှိနေတဲ့၊ တံတားအို၊ တံတားကျဉ်း။ မောင်းလာရတဲ့ကားက ချုံးချုံးကျနေတဲ့ ကားအိုကားဟောင်း၊ ဒီကြားထဲ ကားပေါ်ပါလာတဲ့ ခရီးသည်တွေက အချင်းချင်း ရန်ဖြစ်နေကြတာ...” စသဖြင့်။ ဤမျှ အခြေအနေဆိုးလှသော ခရီးကို ဤလိုယိုယွင်းနေသော ကားကြီးဖြင့် ဤသို့ ရန်ဖြစ်နေကြသော ခရီးသည်များ တင်ဆောင်မောင်းနှင်နေရသော ဒရိုင်ဘာထိုင်ခုံထက်မှ အစိုးရ၏ အခက်အခဲကို အလွယ်တကူပင် မှန်းဆနိုင်ပါလိမ့်မည်။ မောင်းနှင်နေသောကားကြီး အင်ဂျင်ကောင်းဖို့၊ ရှော့ဘားပြင်ဖို့ အထူးအရေးကြီးသလို (နိုင်ငံတည်ဆောက်ရေး) ရှေ့ဆက်ရမည့် ခရီးဖြစ်သည့် တံတားအိုကြီး လုံခြုံစိတ်ချရဖို့ (အမျိုးသားတည်ဆောက်ရေး)လည်း အထူးအရေးကြီးသည်။ ဤလုပ်ငန်းတာဝန်နှစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်ဖို့ဆိုလျှင် ကားပေါ်တွင်ပါလာသော ခရီးသည်အားလုံး (နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားမဟုတ်သည်ဖြစ်စေ တိုင်းရင်းသားဖြစ်စေ၊ တိုင်းရင်းသားမဟုတ်သည်ဖြစ်စေ) ရန်ဖြစ်နေလို့ မဖြစ်ပါ။ ညီညွတ်သင့်မြတ်ပါမှ ရှေ့ခရီး အန္တရာယ်ကင်းပါလိမ့်မည်။
ဤသို့သော အရပ်ရပ်အခြေအနေကို ထောက်ချင့်ပြီးသကာလ မြန်မာ့ဒီမိုကရေစီရေးကို ဗူးလေးရာ ဖရုံမဆင့်စေဘဲ နားလည်မှုအပြည့်ဖြင့် ၀ိုင်းဝန်းကူညီ အားဖြည့်ပေးကြဖို့ မိတ်ဆွေအားလုံး (အထူးသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း)ကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
စာပြီးနေ့
၂၈၊ စက်တင်ဘာ၊ ၂၀၁၂
No comments:
Post a Comment