Sunday 30 September 2012

ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် လူ့အဖွဲ့အစည်းနှစ်ခုကြား ပြန်လည်ရင်ကြားစေ့ နိုင်ရေး လုပ်ငန်းစဉ်များ ဆွေးနွေး

ဝင်းကိုကိုလတ်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး၊ တရားဥပဒေစိုမိုးရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ယခုလ ၂၂ နှင့် ၂၃ ရက်နေ့ များက နှစ်ရက်တာ ကျင်းပခဲ့ပြီး လူ့အဖွဲ့ အစည်းနှစ်ခုကြား ပြန်လည်ရင်ကြားစေ့ ရေးလုပ်ငန်းစဉ်များကို ကဏ္ဍငါးရပ်ခွဲ ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲတွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးငြိမ်းရေး၊ ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးရေး၊ ယာယီအခြေချနေထိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ပြန်လည် ရင်ကြားစေ့ရေးနှင့် လူမှုသဟဇာတဖြစ် ရေး၊ ရေရှည်တည်တံ့သော လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စသည့် ခေါင်းစဉ်များ ဖြင့် ဆွေးနွေးခဲ့ကြသည်။
ပြဿနာ အရင်းအမြစ်များနှင့် အတိတ်သင်ခန်းစာများအပေါ် ကောက် နုတ်သုံးသပ်ချက်များအရ လူ့အဖွဲ့ အစည်းနှစ်ရပ်အတွင်း တည်ရှိခဲ့သော အပြန်အလှန် နားလည်ယုံကြည်မှု၊ ထိတွေ့မှုအားနည်းခြင်း၊ ဒေသခံ တိုင်းရင်းသားများနှင့် လူသားချင်းစာနာမှု ထောက်ပံ့သည့် အဖွဲ့အစည်းများ အကြား တည်ရှိနေသောကွာဟချက် ကြီးမားခြင်းတို့သည် အလျင်အမြန် ဖြေရှင်းရမည်ပင် ဖြစ်ပါ သည်ဟု နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကပြောသည်။
"ကျွန်တော်တို့ ဒီအလုပ်ရုံဆွေးနွေးပွဲ လုပ်တဲ့ ရည်ရွယ်ချက်က ရခိုင်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ပဲဖြစ်ပါတယ်" ဟု သမ္မတ၏ နိုင်ငံရေး အကြံပေးတစ်ဦးဖြစ် သူ ဦးကိုကိုလှိုင်က ပြောသည်။
ယခုပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ သည် ပြဿနာများ၊ စိန်ခေါ်မှုများကို ရှာဖွေဖော်ထုတ်ခြင်းသာဖြစ်ပြီး အပြီးသတ် ဆွေးနွေးပွဲများ မဟုတ်ဘဲ ရေတို၊ ရေရှည်လုပ်ငန်းစဉ်များအတွက် မှန်ကန် သော အဖြေများအတွက် လမ်းစသာဖြစ် သည်ဟု ၎င်းက ပြောသည်။
ပဋိပက္ခများသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အနှုတ်လက္ခဏာဆောင် သည့် သက်ရောက်မှုများကိုဖြစ်ပေါ်စေ ပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားများ၏ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတကာ လူအခွင့်အရေးများကို ဂရုထာ ရမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောသည်။
ဒေသခံများ၏ လုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့် လုပ်ပိုင်ခွင့်လွှဲပြောင်းပေးရေးတို့သည် အဓိကကျသည့် မဟာဗျူဟာများဖြစ်သည် ဟု ၎င်းကပြောသည်။
"မတည်မငြိမ်ဖြစ်မှုကို စနစ်တကျ ထိန်းချုပ်ဖို့၊ သက်ဆိုင်တဲ့ အဖွဲ့အစည်း တွေကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မတည်ငြိမ်မှုတွေက ကာကွယ်ဖို့ လူ့အဖွဲ့ အစည်းကိုအခြေခံတဲ့ ရဲတပ်ဖွဲ့လုပ်ငန်း တွေ လိုအပ်ပါတယ်"ဟု ၎င်းက သုံးသပ် ပြောကြားသည်။
"လုံခြုံရေးဆိုတာမှာ လူသားတွေ လုံခြုံ ဖို့တင် မဟုတ်ဘူး။ Food Security ကော၊ နယ်စပ်လုံခြုံရေးပါ အရေးကြီးပါတယ်" ဟု ပါဝင် ဆွေးနွေးသူ ဦးခင်မောင်ဝင်းက ဆိုသည်။
ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့် နည်းပါးခဲ့သည့်အတွက် ပဋိပက္ခများ ပိုမိုကြီးထွားခဲ့ရသဖြင့် ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ယခုထက်ပို၍ လုပ် ပိုင်ခွင့် ပိုမိုပေးထားသင့်ကြောင်း ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က ပြောသည်။
"ဖြစ်နေတဲ့ဒေသက ပြည်နယ်အစိုးရကို သတင်းပို့ရတယ်။ ပြည်နယ်အစိုးရကလည်း ဗဟိုအစိုးရကို သတင်းပို့ရတယ်။ အချိန်ကြာသွား တော့ ပျက်စီး ဆုံးရှုံးမှုတွေ ပိုများသွားတယ်" ဟု ၎င်းက ပြောသည်။
ပဋိပက္ခဖြစ်ပွားသည့် ဒေသများသို့ လူသားချင်း စာနာထောက်ထားသည့် ကူညီမှုများပေးရာတွင်လည်း လူသားဆန်မှု၊ ဘက်မလိုက်မှု၊ ကြားနေမှုတို့ကို သာ အဓိက မူဝါဒထားရှိရမည်ဖြစ်သည် ဟု ပါဝင်ဆွေးနွေးသူ ဦးသုတအောင်က ပြောသည်။
"ကုလအဖွဲ့အစည်းအတွင်းမှာ စောင့် ကြည့်ရေးအဖွဲ့တွေဖွဲ့ပြီး ထားပေးပါ မယ်"ဟု UN OCHA Regional Office Asia Pacific မှ Mr.Oliver Simon Lacey-Hall က ကတိပြုပြော ကြားခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများအနေဖြင့်လည်း နှုတ်ကတိဖြင့်သာမဟုတ်ဘဲ လက်တွေ့ကျသော လူသားချင်း စာနာမှု အကူအညီများပေးရန် လိုအပ်သည်ဟုလည်း တက်ရောက်လာသူများက ပြောသည်။
"ဒေါ်လာ ၂၅ သန်းကျော် လှူမယ်လို့ နှုတ်ကတိရထားပါတယ်။ တကယ်က ကတိပြုထားတာရဲ့ ၁၀ ရာခိုင်နှုန်း အောက်ပဲ ရသေးတယ်။ နှုတ်ကတိတင်မဟုတ်ဘဲ တကယ်လိုအပ်နေတာတွေကို ဖြည့်ဆည်းဖို့လိုပါတယ်" ဟု အငြိမ်းစား ရဲမှူးကြီးဦးခမ်းအောင်က ပြောသည်။
အဖွဲ့အစည်းနှစ်ခုကြား တွေ့ဆုံဆွေးနွေးမှုများ လိုအပ်သကဲ့သို့ တစ်ဖွဲ့ချင်းစီရှိ သဘောထားမတူသူများ အချင်းချင်း ဆွေးနွေးညှိနှိုင်း မှုများလည်း လိုအပ် သည်ဟု ၎င်းက ထောက်ပြသည်။
ရခိုင်ဒေသသည် ဆင်းရဲမွဲတေမှု ၄၃ ဒသမ ၅ ရာခိုင်နှုန်းရှိသဖြင့် ဒေသဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံအဆောက် အအုံများဖွံ့ဖြိုး ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ ပိုမိုတိုးတက်ရန် လိုအပ်သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ၀ါဝါမောင်က ပြောသည်။
ပြန်လည်ရင်ကြားစေ့ရေးနှင့် လူမှု သဟဇာတဖြစ်ရေးတို့အတွက် အကြမ်း ဖက်မှု ပဋိပက္ခလျှော့ချရေးကို ဦးတည် ချက်ထားကြောင်း ဆွေးနွေးသဘော တူညီချက်ရယူရန်၊ အပြစ်မဲ့ပြည်သူများ ရန်ပြု၊ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းမှ ကင်း ဝေးရန်၊ ပြည်သူပိုင်ဥစ္စာ၊ အိုးအိမ် များ အဖျက်ဆီးမခံရစေရန် ရာဇ၀တ်ဥပဒေ အကာအကွယ်ရယူရန် သဘောတူညီ ခြင်းများ၊ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရာ တွင် ဘက်လိုက်မှုမရှိဘဲ သာတူညီမျှစနစ်ဖြင့် နိုင်ငံတော်မှ အရေး ယူဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိ သည့် လုပ်ငန်းစဉ်များ၊ နည်းလမ်းများ၊ ဆင်ခြင်သုံးသပ်မှုများ၊ ချင့်ချိန်မှုများ အားလုံးသည် တည်ငြိမ်အေးချမ်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ရခိုင်ဒေသဖြစ်ထွန်းရေးနှင့် သဟဇာတ ဖြစ်သော၊ အပြန်အလှန် နားလည် ယုံကြည်မှုရှိသော၊ ကွဲပြားခြားနားမှုအပေါ် ဦးတည်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး က ပြောသည်။
"လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ အစိုးရအဖွဲ့အစည်း အသီးသီးဟာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်" ၎င်းက ပြောသည်။
http://www.myanmar.mmtimes.com/2012/news/588/news16.html

No comments:

Post a Comment